မြန်မာပြည်တွင်းက အမျိုးသမီးအလုပ်သမားတွေ မျှော်လင့်ချက်ကြီးမားနေတဲ့ ဓမ္မတာနားခွင့်
ခင်ဘုန်းမို့
အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ အမျိုးသမီးအလုပ်သမားတွေကို ဓမ္မတာလာတဲ့ရက်တွေမှာ လုပ်ခလစာမဖြတ်ဘဲ အလုပ်နားခွင့်ပြုဖို့နဲ့ ဓမ္မတာလာချိန် အသုံးပြုရတဲ့ ပစ္စည်းတွေကို လုပ်ငန်းခွင်အတွင်း အခမဲ့စီစဉ်ပေးထားဖို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ထိုင်းအစိုးရရဲ့ ဒီလိုကြေညာချက်အပေါ်မှာ မြန်မာရွေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူတွေအနေနဲ့ ဝမ်း ပန်းတသာကြိုဆိုနေကြပေမယ့် ထုတ်ပြန်ခဲ့သလို အခွင့်အရေးအပြည့်အဝ မရမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြပါ တယ်။
ဒီကြေညာချက်က အမျိုးသမီးအလုပ်သမတွေအတွက် အမှန်တကယ်လိုအပ်ချက်ဖြစ်တဲ့အတွက် လုပ်ငန်းရှင်တွေ အနေနဲ့ တကယ်လိုက်နာကာ ကျောသားရင်သား မခွဲခြားပဲပေးရင် ဝမ်းသာစရာဖြစ်ပြီး ထုတ်ပြန်ချက်ပါ အချက် တွေကို လုပ်ငန်းရှင်တွေအနေနဲ့ တကယ်လိုက်နာပါ့မလားဆိုတာကိုတော့ စိုးရိမ်မိတယ်လို့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM)ရဲ့ အမျိုးသမီးကော်မတီတာဝန်ခံ မခင်သန္တာမိုးက ပြောပါ တယ်။
“ဘာလို့လဲဆိုတော့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းအစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်ပါ တနေ့လုပ်အား ခတောင် အပြည့်မရကြပဲ လုပ်ခလစာ ခွဲခြားပေးထားတဲ့နေရာတွေ ရှိနေတယ်”လို့ သူကဆိုပါတယ်။
ထိုင်းအစိုးရရဲ့ ဓမ္မတာရက်အတွင်း အမျိုးသမီးအလုပ်သမားတွေကို အလုပ်နားခွင့်ပေးဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း သတင်းကို ကြားသိရတဲ့အခါမှာ ဝမ်းသာမိတယ်လို့ ဘန်ကောက်မှာ အလုပ်သင်အင်ဂျင်နီယာအဖြစ် လုပ်ကိုင်နေတဲ့ အသက်(၂၅)နှစ်အရွယ် စုက ပြောပါတယ်။
ပင်ပင်ပန်းပန်းအလုပ်လုပ်နေကြရတဲ့ အမျိုးသမီးတွေအတွက် ဒီလိုခွင့်မျိုးဟာ မဖြစ်မနေလိုအပ်ပြီး ကိုယ်တိုင် လည်း အမျိုးသမီးအလုပ်သမားများတဲ့ စက်မှုဇုန်အနားမှာ အလုပ်လုပ်နေရတဲ့သူဖြစ်တာကြောင့် နေ့တဓူဝ ကား ကြပ်ကြပ်နဲ့ အလုပ်လာရတာတွေ၊ နေပူပူမှာ အမိုးမပါတဲ့ကားတွေနဲ့ အလုပ်လာရတာတွေ၊ အလုပ်သမားအခွင့် အရေးဆုံးရှုံးနေရတာတွေကို မျက်မြင်တွေ့မြင်နေရတဲ့အခါ ဒီခွင့်ရက်အမှန်တကယ်ပဲ ရရှိလာရင် အတိုင်းမသိ ပျော်ရွှင်မိမှာဖြစ်ပြီး အစိုးရရဲ့မူဝါဒကို မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့ကိုလည်း မျှော်လင့် မိတယ်လို့ စုက ပြောပါတယ်။
ကိုယ်တိုင်လည်း လုပ်ငန်းခွင်မှာ ဓမ္မတာပထမရက်တိုင်းမှာ ကိုယ်လက်ကိုက်ခဲတာတွေဖြစ်တတ်ပြီး အဲဒီလိုအချိန် တွေဆိုရင် အာရုံစိုက်ဖို့ ခက်ခဲတာတွေ၊ စိတ်ဖိစီးကြောင့် အလုပ်မှာ အမှားလုပ်မိတာ၊ ကတောက်ကဆဖြစ်လွယ်တာ စတဲ့သက်ရောက်မှုရှိတတ်တယ်လို့ ဆိုပါတယ်။
“ဒီလို အလုပ်ခွင့်ရတာက အမျိုးသမီးတွေ ဓမ္မတာလာချိန်အတွင်းမှာ ခံစားရတဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေတာတွေကို အများကြီး ပြေလျော့သွားစေမယ်လို့လည်း ယုံကြည်တယ်။ အထူးသဖြင့် သတိတချက် လွတ်တာနဲ့ ကိုယ်လက်အဂ်ါထိခိုက်နိုင်ချေရှိတဲ့ အသားကြိတ်စက်ရုံလိုမျိုးမှာ အလုပ်လုပ်ကိုင်တဲ့ အမျိုးသမီးတွေကို တွေးကြည့်မိတော့ သူတို့အတွက် ဒီခွင့်က အများကြီးအကျိုးရှိစေနိုင်မယ်။ စိတ်ချလက်ချ အနားယူနိုင်မယ်။ နာတာ ရှိရင်လည်း မဖြစ်မနေသည်းခံပြီး လုပ်နေရတဲ့အစား၊ စိတ်ချလက်ချနဲ့ အနားယူနိုင်ဖို့ခွင့်ပေးထားတာက ကျန်းမာ ရေးနဲ့ ဘေးကင်းရေးအတွက်ပါ အထောက်အကူဖြစ်မယ်”လို့စုက ပြောပါတယ်။
“ကျွန်မကတော့ ဓမ္မတာရက်အတွင်း အမျိုးသမီးအလုပ်သမားတွေကို အလုပ်နားခွင့်ပေးဖို့ဆိုတာဟာ ကျန်းမာရေး အရသာမဟုတ်ဘဲ လူ့အခွင့်အရေးအပေါ် လေးစားမှုတစ်ရပ်အဖြစ် မြင်မိပါတယ်။ တချိန်ထဲမှာပဲ အမျိုးသမီးအလုပ် သမားတွေအနေနဲ့ ဒီလိုခွင့်တွေရခဲ့ရင်လည်း အကျိုးရှိအောင်အသုံးချဖို့၊ ဓမ္မတာခွင့်ကို Personal ခွင့်လိုမျိုးအသုံး မချကြဖို့ ၊ စနစ်တကျသုံးစွဲကြဖို့ စုက အကြံပြုပါတယ်။
ကမ္ဘာတဝှမ်းက တချို့နိုင်ငံတွေမှာ အမျိုးသမီးတွေ ရာသီလာတဲ့အချိန်မှာ “Menstrual leave” ကို ဥပဒေအဖြစ် သတ်မှတ်ပြီး ခွင့်ပေးတဲ့နိုင်ငံတွေရှိသလို တချို့နိုင်ငံတွေမှာတော့ ကုမ္ပဏီအပေါ်မူတည်ပြီး ခွင့်ပေးတာမျိုးတွေ လည်း ရှိပါတယ်။
ဂျပန်၊ ထိုင်ဝမ်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ဇန်ဘီယာ၊ စပိန်နိုင်ငံတို့မှာတော့”Menstrual leave” ဥပဒေအဖြစ် ခွင့်ပေးတဲ့နိုင်ငံတွေဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ဓမ္မတာနားခွင့်ရှိလာခဲ့ရင် အမျိုးသမီးအလုပ်သမားတွေအတွက် ကောင်းမွန်တဲ့ အကျိုးရလာဒ် တွေ ဖြစ်လာနိုင်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။
အမျိုးသမီးတွေအနေနဲ့ ဓမ္မတာလာတဲ့ရက်တွေမှာ တစ်ယောက်နဲ့တစ်ယောက်ဖြစ်ပေါ်တဲ့ အခက်အခဲကမတူတတ် ကြသလို စစချင်းရက်မှာ နာကျင်ကိုက်ခဲမှုခံစားရတာ၊ စိတ်ခံစားချက်တွေ မကောင်းဖြစ်တာ၊ အဲဒါတွေကြောင့် အလုပ်အပေါ် အာရုံစူးစိုက်မှု သေချာမလုပ်နိုင်တာမျိုး ဖြစ်တတ်တယ်လို့ HR (Human Resource)အဖြစ် လုပ်သက် ၁၀ နှစ်ဝန်းကျင်လုပ်ကိုင်ခဲ့တဲ့ မမီးမီးက ပြောပါတယ်။ မမီးမီးတို့ လုပ်ငန်းခွင်မှာတော့ လစဉ်သုံးပစ္စည်းကို အခမဲ့ ထားပေးထားတယ်လို့ ဆိုပါတယ်။
“ဓမ္မတာလာချိန်မှာ ကြုံတွေ့ရတဲ့နာကျင်မှု၊ စိတ်ခံစားချက်တွေကြောင့် ခွင့်ယူချင်တဲ့သူတွေရှိပါတယ်၊ ဒီအချိန်ကို ခွင့်ပေးမယ်ဆို ဒါကတကယ်ဝေဒနာခံစားနေရတတ်တဲ့ အမျိုးသမီးတွေအတွက် ကောင်းမွန်တဲ့ အထောက်အပံ့ တစ်ခုပါပဲ။ အမျိုးသမီးတွေ လုပ်ငန်းမှာ စွမ်းဆောင်ရည်မြင့်တက်လာနိုင်တယ်၊ ကျန်းမာရေးရှုထောင့်အရလည်း ကောင်းမွန်လာမယ်၊ ဓမ္မတာနားခွင့်ကို ဥပဒေအဖြစ် တင်သွင်းသင့်တယ်” လို့ မမီးမီးက ထောက်ပြပါတယ်။
မြန်မာပြည်တွင်းက လုပ်ငန်းခွင်တွေမှာတော့ လစဉ်သုံးပစ္စည်းကို အခမဲ့ပေးထားတဲ့ လုပ်ငန်းခွင်က မရှိသလောက် ရှားပါတယ်။ ယခုဆောင်းပါးအတွက် မေးမြန်းခဲ့တဲ့ အမျိုးသမီး (၁၀)ဦးမှာ သူတို့လုပ်ကိုင်ခဲ့ဖူးတဲ့ လုပ်ငန်းခွင်တွေမှာ လစဉ်သုံးပစ္စည်းကို အခမဲ့ထားပေးထားတာမျိုး မရှိဘူးလို့ ဖြေကြားပါတယ်။
ဓမ္မတာလာတဲ့နေ့မှာ အရမ်းနာကျင်ကိုက်ခဲပြီး ခေါင်းမူး၊ ခေါင်းကိုက်တာ၊ အလုပ်ကို မသွားချင်တာမျိုး၊ ခွင့်ယူတာ မျိုးကို ကိုယ်တိုင်ကြုံဖူးတယ်လို့ အသက်(၂၆)နှစ်အရွယ် အထည်ချုပ်စက်ရုံအလုပ်သမတစ်ဦးဖြစ်တဲ့ မယမုံက ပြောပါတယ်။
အဲဒီလိုအချိန်တွေဆိုရင် အလုပ်မသွားချင်ပေမယ့် ကိုယ့်ရဲ့လုပ်ခလစာ ဖြတ်တောက်ခံရမှာစိုးတာ၊ အလုပ်မသွား လိုတဲ့ရက်က တစ်နှစ်မက နှစ်ရက်ဖြစ်လာတဲ့အခါမှာလည်း လစာသိသိသလျော့နည်းသွားမှာ၊ ဆေးခွင့်ယူမယ်ဆို ရင်လည်း ဆေးခန်းကိုသွားရမှာ၊ အချိန်ကုန်၊ ခရီးထောက်တာမျိုးဖြစ်ပြီး အိမ်မှာပဲ မနားရမယ့်အတူတူ အလုပ်ပဲ ဆင်းလိုက်ရတာများပါတယ်လို့ မယမုံကပြောပါတယ်။
“ဓမ္မတာလာတဲ့နေ့မှာကိုက်ခဲတာတွေ နာကျင်တာတွေရှိတယ်၊ အလုပ်လုပ်ရတာ အလုပ်ထဲမှာအဆင်မပြေဘူး။ အလုပ်က တဖက်က ဖိအားရှိတယ်။ တဖက်က ကိုက်ခဲနာကျင်မှုတွေနဲ့ အလုပ်လုပ်ရတာ တော်တော်လေးခက်ခဲ ပါတယ်” လို့ မယမုံက ပြောပါတယ်။
အလုပ်ရှင်တွေအနေနဲ့ ဓမ္မတာလာတဲ့ရက်မှာ အမျိုးသမီးအလုပ်သမတွေကို တလမှာ ခွင့်တစ်ရက်နှစ်ရက်ပေးတာ မျိုးတွေ လုပ်ပေးသင့်တယ်လို့ သူကဆိုပါတယ်။
“အမျိုးသမီးတိုင်း ဓမ္မတာလာတာ အဆန်းမဟုတ်ပေမယ့် ဒါဟာ အမျိုးသမီးအခွင့်အရေးနဲ့ သက်ဆိုင်တယ်လို့ ထင်ပါတယ်။ ဒီလိုရက်မှာ ကောင်းကောင်းမွန်မွန် ဂရုစိုက်နေထိုင်သင့်တယ်လို့ထင်တယ်။ အဲဒီလိုဂရုစိုက်ပေးရင် လူသားအရင်းအမြစ်က ပိုကောင်းမွန်လာပြီးတော့ ပိုမိုကျန်းမာတဲ့ အမျိုးသမီးထုလုပ်အားကို ပိုင်ဆိုင်ရမယ်လို့ ယုံပါတယ်”လို့ မယမုံက ပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ အလုပ်သမားတယောက်ရဲ့ဥပဒေပါ အခွင့်အရေးတွေဖြစ်တဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့်၊ လုပ် သက်ခွင့်၊ မီးဖွားခွင့်၊ ဖခင်ဖြစ်ခွင့် အစရှိတဲ့ခွင့်တွေရှိတာတောင် ယူဖို့ခက်ခဲတဲ့အခြေအနေတွေရှိပြီး အမျိုးသမီးတွေ အတွက် သီးသန့်အကာအကွယ်ပြုမှုဥပဒေဆိုတာ အလှမ်းဝေးနေပါသေးတယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ရဲ့အမျိုးသမီးကော်မတီတာဝန်ခံ မခင်သန္တာမိုးကပြောပါတယ်။
“ဒီအခြေအနေတွေက အထည်ချုပ်လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြတဲ့ ထောင်ပေါင်းများစွာသော အမျိုးသမီး တွေ တွေ့ကြုံခံစားနေရတဲ့လက်ရှိအမှန်တရားပါ။ အထူးသဖြင့် မြန်မာနိုင်ငံက အမျိုးသမီးတွေအနေနဲ့ ဘယ်လို အကာအကွယ်ပြုမှု၊ စောင့်ရှောက်မှုမျိုးမှ မရှိသလောက်ပါပဲ”လို့ သူကဆိုပါတယ်။
FGWM အနေနဲ့ မတ်လ ၈ ရက်နေ့အပြည်ပြည်ဆိုင်ရာအအမျိုးသမီးများနေ့က တောင်းဆိုချက်ဖြစ်တဲ့ ဓမ္မတာလာ စဥ်သုံးဂွမ်းထုပ် လိုသူတိုင်း ရရှိရေးကမ်ပိန်းမှာ သက်ဆိုင်ရာ ကုန်အမှတ်တံဆိပ်တွေဆီ စာပို့အကြောင်းကြားတာ မျိုးတွေ လုပ်ခဲ့တဲ့အပေါ် တချို့စက်ရုံတွေမှာ တောင်းဆိုချက်အတိုင်း လုပ်ပေးတာမျိုးတွေ ရှိလာတယ်လို့ ဆိုပါ တယ်။
အလုပ်သမားအဖွဲ့အစည်းတွေအနေနဲ့ ပြည်တွင်းက အမျိုးသမီးအလုပ်သမားတွေအတွက် ဓမ္မတာခွင့်နဲ့ပတ်သက် ပြီး လက်ရှိအခြေအနေအရ ကုန်အမှတ်တံဆိပ်တွေ အသိပေးအကြောင်းတာမျိုး ဒီအခြေအနေနဲ့ပတ်သက်ပြီး ထည့်သွင်းစဥ်းစားပြီး လေးစားလိုက်နာပေးဖို့၊ လုပ်ခလစာတောင်းဆိုမှု သပိတ်တိုက်ပွဲတွေလုပ်တဲ့အခါ ထည့်သွင်း တောင်းဆိုတာမျိုးလုပ်ဖို့၊ နိုင်ငံတကာမဟာမိတ်တွေနဲ့ပူးပေါင်းပြီး ကမ်းပိန်း call ခေါ်ပြီး လုပ်ငန်းရှင်နဲ့ ဘရန်းတွေ ကို ဖိအားသဘောမျိုးပေးပြီးလုပ်တာမျိုး၊ အမျိုးသမီးအဖွဲ့တွေ၊ အလုပ်သမားအဖွဲ့ချုပ်တွေ ပူးပေါင်းပြီး ကုန်အမှတ် တွေကိုတိုက်တွန်းတောင်းဆိုတာမျိုး၊ အလုပ်ရှင်ကို လုပ်ငန်းခွင်အတွင်းအလုပ်သမားအင်အားနဲ့ စုပေါင်းတောင်းဆို တာမျိုးတွေလုပ်နိုင်ရင် တမျိုးတဖုံပြောင်းလဲနိုင်မယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ရဲ့ အမျိုးသမီးကော်မတီတာဝန်ခံ မခင်သန္တာမိုးကပြောပါတယ်။
“လက်ရှိမှာတော့ လုပ်ရကိုင်ရအရမ်းကြပ်ပါတယ် တော်လှန်ရေးကြီးပြီးရင်တော့ အမျိုးသမီးတွေအတွက် လိုအပ် ချက်တွေကို ပိုပြီးလုပ်နိုင်မယ်ဆိုတာတော့ သေချာပါတယ်။ အခုလည်း ရပ်နေတာမျိုး မဟုတ်ပါဘူး၊ လုပ်စရာရှိတာ ဆက်လုပ်နေပါတယ်”လို့ သူကဆိုပါတယ်။
အမျိုးသမီးအလုပ်သမတွေအနေနဲ့ ရာသီသွေးလာနေလို့ နာကျင်မှုကို ခံစားနေရတယ်ဆိုရင် လုပ်ငန်းခွင်ကနေ အလွယ်တကူခွင့်ယူပြီး အိမ်ပြန်နားဖို့ လုပ်ငန်းရှင်တွေက ခွင့်မပြုတာ၊ အိမ်ပြန်ခွင့်မပေးလို့ စက်ရုံမှာရှိတဲ့ ဆေး ခန်းမှာ အခိုက်အတန့်နားနေခွင့်မရတာ၊ ရာသီသွေးလာနေချိန် ကိုက်ခဲလို့ အိမ်ပြန်နားချင်လို့ ခွင့်တောင်းရင် ခေါင်း ဆောင်တွေက အိမ်ပြန်ခွင့်မပြုတာ စတဲ့အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ မခင်သန္တာမိုးက ပြောပါတယ်။
“ဒီလိုဝေဒနာမျိုးက နင်တယောက်ထဲ ခံစားရတာမဟုတ်ဘူး။ မိန်းမတိုင်း တလတခါဖြစ်နေကျပဲ၊ နင့်ကျမှ ထူးဆန်း မနေနဲ့ဆိုတဲ့ အပြောမျိုးခံရတာရှိတယ်။ ရာသီလာချိန်အောင့်လို့ အလုပ်မဆင်းနိုင်တဲ့အမျိုးသမီး အလုပ်သမတွေဆို ရင်လည်း အလုပ်ပြန်ဆင်းတဲ့အချိန်ဆို လူပုံအလယ်ခေါ်ပြီး ဆူပူကြိမ်းမောင်းခံရတာတွေရှိပါတယ်”လို့ မခင်သန္တာမိုး က ပြောပြပါတယ်။
ရာသီသွေးဆင်းချိန်မှာ အမျိုးသမီးအလုပ်သမတွေဟာ အချိန်ပိုတပါတ်လုံးဆင်းပေးရတာ စက်ရုံမှာ တကိုယ်ရည် သန့်ရှင်းဆိုင်ရာ လုံလောက်တဲ့အခြေအနေ မရှိတာ ရေကမသန့်၊ သံချေးရောင်ဖြစ်နေတာ၊ အိမ်သာအထွက် လက် ဆေးဖို့ ဘေစင်မှာဆပ်ပြာမရှိတာ၊ လစဥ်သုံးစွန့်ပစ်တဲ့ အမှိုက်ပုံးကသေးပြီး အပုတ်နံ့ထွက်နေတာ၊ နေ့စဥ်သန့်ရှင်း မှုမရှိတော့ အိမ်သာတွေက ညစ်ပတ်နေတာ၊ ဂွမ်းထုပ်စျေးတွေက အဆမတန်မြင့်တက်နေတဲ့အတွက် ပိတ်စ အကြွင်းအကျန်လေးတွေကို ချုပ်ပြီး pad အစားထိုးသုံးပြီး ဖြေရှင်းကြရတာမျိုးတွေလည်း ရှိတယ်လို့ဆိုပါတယ်။
“နောက်ဆက်တွဲ မိန်းမကိုယ်ယားယံတော့ ကုပ်ရင်း မိန်းမကိုယ်ပိုးဝင်တဲ့ အလုပ်သမတွေလည်း ရှိကြတယ်။ တနေ ကုန်မတ်တပ်ရပ်ပြီး အလုပ်လုပ်ရတဲ့ အလုပ်သမအမျိုးသမီးတွေဆို ရာသီလာချိန်မှာ ဘယ်လောက်နာကျင်ကိုက်ခဲ တဲ့ ဝေဒနာခံစားရမလဲ အိမ်ပြန်ရောက်တာနဲ့ အိပ်ယာထဲလဲသွားတဲ့ အမျိုးသမီးအလုပ်သမတွေလည်း ရှိပါတယ်” လို့ မခင်သန္တာမိုးကပြောပြပါတယ်။
လုပ်ခလစာမဖြတ်ပဲ ရာသီလာချိန်နားခွင့်ရရင် အမျိုးသမီးအလုပ်သမတွေ အားလုံးပျော်ရွှင်ကြမှာဖြစ်ပြီး ကျန်းမာ ရေးနဲ့ပတ်သက်ပြီး ကိုယ်ရောစိတ်ပါ ရုပ်ပိုင်းစိတ်ပိုင်းဖိစီးမှုတွေ လျော့ကျသက်သာကာ အနားယူပြီးနောက် အလုပ် အပေါ်မှာပိုပြီး စိတ်အားထက်သန်စွာ အာရုံစူးစိုက်ပြီးလုပ်နိုင်မယ်လို့ဆိုပါတယ်။
ဓမ္မတာနားခွင့်နဲ့ပတ်သက်ပြီး အမျိုးသမီးတွေအတွက် လိုအပ်တဲ့အရာတခုဖြစ်တယ်လို့ အသက်(၅၀)အရွယ် စာ နယ်ဇင်းသမားတစ်ဦးဖြစ်တဲ့ ကိုမင်းနီကျော်ကလည်း မှတ်ချက်ပြုပါတယ်။
အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့အလုပ်ချိန်ဟာ မိသားစုအပေါ်မှာထားတဲ့ အလုပ်ချိန်တွေပါ ထည့်တွက်မယ်ဆို ရင် အမျိုးသမီးတွေက အလုပ်ပိုလုပ်ရလေ့ရှိတဲ့အတွက် အမျိုးသမီးအလုပ်သမတွေကို ဓမ္မတာခွင့် ပေးသင့်တယ်လို့ သူကမှတ်ချက်ပြုတာပါ။
“ဓမ္မတာဖြစ်စဉ်ဆိုတာက လူသားတယောက်မှာ ပုံမှန်အားဖြင့်ဖြစ်စဉ်တခုပဲ။ ဓမ္မတာခွင့်ကြောင့် ယောကျာ်းတွေ အတွက် နစ်နာသွားရတာလည်း မရှိသလို ဘာမှခံစားရတာ မရှိဘူး။ ဒါကျန်းမာရေးအတွက် နားမယ်ဆိုရင် ပေးနား လို့ရတယ်လို့မြင်တယ်။ ဒါကြောင့် ဓမ္မတာဖြစ်စဉ်ဖြစ်လို့ ကိုယ့်အတွက်ရွံ့ရှာစရာလည်း မရှိသလို သူ့တို့အတွက် ကျန်းမာရေးအတွက် လိုအပ်တာရှိရင် ကိုယ်ကပံ့ပိုးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်” လို့ သူကဆိုပါတယ်။
ဓမ္မတာဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီလိုအလုပ်နားခွင့်တွေက ဂျဲန်ဒါတန်းတူညီမျှမှု၊ အမျိုးသမီးတွေက အားနည်းတယ် ဆိုတဲ့ ပုံစံခွက်ထဲ ပြန်ပြီးသက်ရောက်မှုတွေ ရှိနိုင်မလားဆိုတဲ့ စဉ်းစားချက်တွေလည်း ရှိနေပါတယ်။
ဒါပေမယ့်လည်း ဂျဲန်ဒါအရေးသုတေသီတစ်ဦီးဖြစ်တဲ့ မချယ်ရီကတော့
“အမျိုးသမီးတွေက အားနည်းတယ်ဆိုတဲ့ ပုံစံခွက်ထဲပြန်ရောက်သွားမလား ဆိုတာကတော့ misogynist (မိန်းမ မုန်းသူ) တွေကတော့ ဓမ္မတာလာတဲ့ဖြစ်စဥ်အပေါ်မှာ အမျိုးသမီးဖြစ်ခြင်းနဲ့ပတ်သက်ပြီး အမျိုးမျိုးပုံဖော်နေကြ တာတွေ အရင်ကတည်းက ရှိနေတာပဲလေ။ ရာသီလာနေတာလားဆိုပြီး စနောက်သလို၊ အတည်လို ပြောတာ မျိုးတွေပေါ့၊ ဆိုတော့ဒီလိုခွင့်ပေးတဲ့အပေါ်မှာ ဒါကိုတမင်အလုပ်ရှုပ်တယ်ဆိုပြီး ပုံဖော်လာနိုင်တာတွေလည်း ရှိနိုင် တာပေါ့နော်။ ဘယ်လိုပဲရှိပါစေပေါ့၊ အခုကြေညာချက်နဲ့ ပတ်သက်ပြီးပြောရရင်တော့ ရွှေ့ပြောင်းလုပ်သားတွေပါ ဘယ်လောက်ထိ အကျုံးဝင်နိုင်လဲဆိုတာ စောင့်ကြည့်ရမယ်ပေါ့နော်၊ အဲဒီလိုပဲ အစစအရာရာ အဖက်ဖက်က ဖိနှိပ်ခံရတဲ့ ခေါင်းပုံဖြတ်ခံရတဲ့ ပြည်တွင်းက အလုပ်သမတွေလည်း ဒီလိုခွင့်မျိုးကို ရသင့်တာပေါ့။ အလုပ်သမား ထုရဲ့ လုပ်အားအပေါ် မှီခိုနေပြီး သူတို့ရဲ့ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကိုကျတော့ အရေးမကြီးတဲ့သဘော၊ တခုခုဆို ကိုယ်ဖြစ်ကိုယ်ခံဆိုတာမျိုး မဖြစ်သင့်ပါဘူး” လို့ သူ့ရဲ့အမြင်ကိုပြောပြခဲ့ပါတယ်။
- အကြမ်းဖက်ခံရမှုတွေနဲ့ ပိုမိုနှုတ်ဆိတ်လာတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေ - 24/06/2025
- အရွယ်မတိုင်ခင်ရေးခဲ့ကြတဲ့ သေတမ်းစာ - 22/06/2025
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 21/06/2025