ဓမ္မတာလာချိန် ရေစိုထဲမှာ အလုပ်လုပ်နေရတဲ့ ရခိုင်ပြည်က စစ်ရှောင်အမျိုးသမီးများ
သန့်ရှင်းထွန်း
မောင်တော
စစ်ဘေးကာလ နှစ်နှစ်ခွဲကျော်အထိ ကြာမြင့်နေပြီဖြစ်တဲ့ ရခိုင်ပြည်မှာ ဆင်းရဲဒုက္ခအသီးသီးကို ခံစားနေရတဲ့ ရခိုင် ပြည်သူတွေထဲက အမျိုးသမီးတွေဟာ ဝမ်းရေးအတွက် ဓမ္မတာလာချိန်မှာတောင် တောတောင်၊ မြစ်ချောင်း အပါ အဝင် နေရာမရွေးမှာ အလုပ်လုပ်နေကြရတယ်လို့ ပေါက်တောမြို့နယ် ရေလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေကြ တဲ့ အမျိုးသမီးတွေက ပြောပါတယ်။
ဘက်စုံကြပ်တည်းမှုတွေနှင့် အခြေခံကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာကြောင့် မိသားစုတစ်ခုမှာ အမျိုး သားရော၊ အမျိုးသမီးပါ ကျရာအလုပ်ကို လုပ်ကိုင်ပြီး ဝင်ငွေရှာဖွေနေကြရတာဖြစ်ပါတယ်။
“ကျမက ငါးမွေးမြူရေးကန်မှာ အလုပ်လုပ်တာပါ။ ဓမ္မတာလာတဲ့အချိန်ဆို ဗိုက်ကအောင့်တယ်။ အလုပ်နားချင် တယ်။ ဒါပေမယ့် အဲဒီနေ့တွေ အလုပ်နားလိုက်ရင် ဝင်ငွေမရဘဲ မိသားစုစားဝတ်နေရေး ထိခိုက်တယ်။ အဲဒီတော့ မနားဘဲ လုပ်နေရတယ်” လို့ အမျိုးသမီးအလုပ်သမားတစ်ဦးက ပြောပါတယ်။
ဓမ္မတာလာချိန်မှာ အလုပ်နားပြီး နွေးနွေးထွေးထွေးနဲ့ အနားယူချင်ပေမယ့် တနေ့လုပ်မှ တနေ့စားရတဲ့ အခြေအနေ မှာ နားရက်ယူရင် မိသားစုတွေ ထမင်းငတ်သွားမှာမို့ ရေစိုခံပြီး အလုပ်လုပ်နေကြရတယ်လို့ စစ်ဘေးရှောင် အမျိုး သမီးတွေကလည်း ပြောပါတယ်။
“ကျမဆိုတနေကုန်ပါပဲ။ ဒူးအောက်ပိုင်းအထိ ရေထဲဆင်းပြီး ငါးကန်ထဲမှာ အလုပ်လုပ်ရတယ်။ အဲဒီရက်တွေဆို အချမ်းလွန်ပြီး ဖျားတဲ့ရက်တွေလည်းရှိပါတယ်။ တချို့ဆို တအားချမ်းပြီး ကိုက်ခဲလာလို့ အလုပ်ဆက်မလုပ်နိုင် တော့ဘဲ အိမ်ပြန်ပို့ရတဲ့သူတွေလည်းရှိပါတယ်” လို့ ပေါက်တောမြို့နယ်က မခိုင်သိန်းညွှန့်ကပြောပါတယ်။
အခုလို ရခိုင်ပြည်က အခြေခံလူတန်းစား အမျိုးသမီးတွေဟာ ကိုယ့်ကျန်းမာရေးထက် မိသားစုဝမ်းရေးကိုသာ အာရုံ ပိုစိုက်နေရသလို ကျန်းမာရေးစောင့်ရှောက်မှုကလည်း မရှိသလောက် ဖြစ်နေတဲ့အခြေအနေမှာ ပိုဆိုးတဲ့ အခြေ အနေတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ အမျိုးသမီးအလုပ်သမားတွေ ဓမ္မတာလာတဲ့ရက်ကို ခွင့်ယူ တဲ့အခါ လုပ်အားခမဖြတ်ဖို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့မေလ တတိယပတ်က ဆုံးဖြတ်ခဲ့တယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့်လည်း စစ်ပွဲထဲမှာ ကိုယ့်ဝမ်းကိုယ်ကျောင်းနေရတဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်ထဲက စစ်ရှောင်အမျိုးသမီး တွေနဲ့ တခြားအလုပ်သမား အမျိုးသမီးတွေကတော့ ဓမ္မတာလာချိန်မှာတောင် နေရာမရွေး၊ အချိန်မရွေး၊ နေပူမိုးရွာ မရှောင် အလုပ်လုပ်နေကြရတာ ဖြစ်ပါတယ်။
- အကြမ်းဖက်ခံရမှုတွေနဲ့ ပိုမိုနှုတ်ဆိတ်လာတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေ - 24/06/2025
- အရွယ်မတိုင်ခင်ရေးခဲ့ကြတဲ့ သေတမ်းစာ - 22/06/2025
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 21/06/2025