တအာင်းပြည်ကောင်စီ TLC ဖွဲ့စည်း၊ထိပ်ပိုင်းဦးဆောင်မှုကဏ္ဍမှာ အမျိုးသမီးခေါင်းဆောင်လေးဦးပါဝင်
တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ -TPCC ကနေ တအာင်းပြည်ရဲ့ အမြင့်ဆုံးနိုင်ငံရေး အာဏာပိုင် အဖွဲ့အဖြစ် တအာင်းပြည်ကောင်စီ- TLC ကို ပြောင်းလဲဖွဲ့စည်းရာမှာ အမျိုးသမီးလေးဦးပါဝင်နေကြောင်း TPCC ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
သုံးရက်တာကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ တက်ရောက်လာသူတွေရဲ့သဘောတူညီမှုနဲ့ တအာင်း ပြည်ကောင်စီ -TLC ကို ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ဥက္ကဌ၊ လွေးမိုးခမ်းက ဒုဥက္ကဌ (၁)၊ တား အေးမောင်က ဒုဥက္ကဌ (၂)၊ လွေးပိုးကမေဲ့ခြိူးဝ်းက အတွင်းရေးမှူး၊ ဗိုလ်ကြီးလွေးယေက တွဲဖက်အတွင်း ရေးမှူးအဖြစ် တာဝန်ယူပြီး ဗိုလ်ချုပ်တားခူလန်း၊ တားအောင်ပေ၊ တားကြာထွန်းနဲ့ လွေးမိုးလှိုင်တို့ကို အဖွဲ့ဝင်တွေအဖြစ် တာဝန်ပေးလိုက်တာဖြစ်ပါတယ်။

“တော်လှန်ရေးကာလ အစိုးရအစီအမံရဲ့အခြေခံမူမှာကိုက ဆုံးဖြတ်ချက်ချမှတ်တဲ့အခန်းကဏ္ဍတိုင်းမှာ အမျိုးသမီးအနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်ရေးမူကို လက်ခံအကောင်အထည်ဖော်ဖို့ သဘောတူထား ကြပါတယ်။ ဒါကြောင့် မဖြစ်မနေလက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင် ဝိုင်းဝန်း ကြိုးပမ်းလုပ်ဆောင်ခဲ့မှုကြောင့် အခုလိုအမျိုးသမီးကိုယ်စားလှယ်တွေ ပါဝင်လာတာဖြစ်ပါတယ်” လို့ TLC ရဲ့ ဒုဥက္ကဌ(၁) လွေးမိုးခမ်းက ပြောပါတယ်။
အခုလို အမျိုးသမီးကိုယ်စားလှယ်တွေ ပါဝင်လာတာဟာ အားရကျေနပ်စရာကောင်းပေမယ့် အားစိုက် ထုတ်မှုတွေ အများကြီးဆက်လုပ်သွားရဦးမှာ ဖြစ်သလို စိန်ခေါ်မှုအခက်အခဲတွေလည်း ရှိနိုင်ကြောင်း သူက ဆက်ပြောပါတယ်။
တအာင်းတပ်မတော် – PSLF/TNLA၊ တအာင်းအမျိုးသားပါတီ- TNP နဲ့ တအာင်းအရပ်ဖက်အဖွဲ့အ စည်းတွေပါဝင်တဲ့ တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ- TPCC ကနေ တအာင်းပြည်ရဲ့ အမြင့်ဆုံး နိုင်ငံရေးအာဏာပိုင်အဖွဲ့အဖြစ် တအာင်းပြည်ကောင်စီ- TLC ကို ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ဇွန်လ ၉ ရက်မှာ TPCC က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

TPCC ကနေ TLC ကို ပြောင်းလဲဖွဲ့စည်းပြီး လုပ်ပိုင်ခွင့်အမြင့်ဆုံးအာဏာကို တိုးမြှင့်ကာ နိုင်ငံရေးအရ ဦးဆောင်လမ်းညွှန်နိုင်ရေး၊ အုပ်ချုပ်ရေးအစိုးရ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးနဲ့ အစိုးရကို ထိန်းကြောင်း ကြပ်မတ် ဦးဆောင်ဖို့ ပြောင်းလဲဖွဲ့စည်းတာဖြစ်တယ်လို့ လွေးမိုးခမ်းက ပြောပါတယ်။
တအာင်းပြည်ကောင်စီအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေကို အခြေ ခံပြီး တအာင်းပြည် တော်လှန်ရေးကာလ ပြည်သူ့အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ် သလို မြန်မာပြည်တော်လှန်ရေးအင်အားစုတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
PSLF/TNLA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက် နမ္မတူ၊ ကွတ်ခိုင်၊ မန်တုံ၊ မိုးမိတ်၊ မိုးကုတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ နမ့်ခမ်း စတဲ့မြို့ ၁၂ မြို့ကို သိမ်းပိုက်ထိန်း ချုပ်ထားတာဖြစ်ပါတယ်။
TLC ရဲ့ ဒုဥက္ကဌ(၁)လွေးမိုးခမ်းကလည်း “ကျမတစ်ဦးတစ်ယောက်အနေနဲ့ဆိုတာထက် ဒီတအာင်းပြည် ကောင်စီ -TLC ကနေမှ တအာင်းပြည်တော်လှန်ရေးကာလ အစိုးရဖွဲ့စည်းနိုင်ရေး၊ မဏ္ဍိုင်ကြီးသုံးရပ်ကို ထိန်းကြောင်းကွပ်ကဲဦးဆောင်နိုင်ရေးနဲ့ တအာင်းနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွေမှာ ဦးဆောင်နိုင် ဖို့နဲ့ တော်လှန်ရေးနဲ့ နိုင်ငံရေးအရ ဖြစ်ပေါ်တိုးတက်မှုအပေါ်မှာ မူတည်ပြီး ပြုပြင်ပြောင်းလဲမှုတွေ ဆက် လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”လို့ ပြောလိုက်ပါတယ်။
- အကြမ်းဖက်ခံရမှုတွေနဲ့ ပိုမိုနှုတ်ဆိတ်လာတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေ - 24/06/2025
- အရွယ်မတိုင်ခင်ရေးခဲ့ကြတဲ့ သေတမ်းစာ - 22/06/2025
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 21/06/2025