မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် – FGWM မှ ဗဟိုအလုပ်အမှုဆောင် မအိနှင့်အင်တာဗျူး

ဒေဝီ

မေလ ၁ ရက်နေ့ – May Day နေ့က ကမ္ဘာ့အလုပ်သမားနေ့ဖြစ်ပြီး ကမ္ဘာတဝှမ်းကအလုပ်သမားတွေ၊ အလုပ်သမားအခွင့် အရေးအပြည့်အဝရဖို့ ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ သမိုင်းဝင်အောင်မြင်မှုနေ့ဖြစ်ပါတယ်။  

အလုပ်သမားတွေရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေတောင်းဆိုခဲ့ရာကနေ အောင်ပွဲရခဲ့တာ နှစ်ပေါင်း တစ်ရာသုံးဆယ်ကျော်လာ ပေမယ့် မြန်မာနိုင်ငံကအလုပ်သမားတွေကတော့ အစိုးရအဆက်ဆက်မှာလုပ်သားအခွင့်အရေးအပြည့်အဝရဖို့ တောင်းဆို နေရဆဲဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေပိုဆိုးရွားလာပြီးအထူး သဖြင့် အမျိုးသမီးအလုပ်သမားတွေမှာ အလုပ်သမားအခွင့်အရေး ၊ လူ့အခွင့်အရေး ၊ အမျိုးသမီးအခွင့်အရေးစတဲ့ အခွင့် အရေးပေါင်းစုံ ချိုးဖောက်ခံနေရပါတယ်။ 

စစ်အာဏာသိမ်းရန်ကြိုးပမ်းမှု ၄ နှစ်ကျော်လာတဲ့နောက် ပြည်တွင်းစက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေအခြေအနေနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် – FGWM မှ ဗဟိုအလုပ်အမှုဆောင် ၊ ပြောရေးဆိုခွင့် ရှိသူ မအိနဲ့ HI ကမေးမြန်းထားတဲ့အကြောင်းအရာများကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

 မေး။      ။အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်း ပြည်တွင်းစက်ရုံ၊ အလုပ်ရုံတွေကအမျိုးသမီးအလုပ်သမားတွေအခြေ အနေဘယ်လိုရှိပါသလဲ။

ဖြေ။       ။အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံအလုပ်အခြေအနေတွေကို ပြောရမယ်ဆိုရင် စက်ရုံအလုပ်ရုံတွေထဲမှာ ကိုး ဆယ်ရာခိုင်နှုန်းလောက်က အမျိုးသမီးအလုပ်သမားတွေဖြစ်ပါတယ်။ မကြာသေးမီကဆိုရင်လည်း လုပ်ငန်းခွင်ထဲမှာ အမျိုး သမီးတွေဓမ္မတာလာတာကို လုံချည်လှန်ပြီး စစ်ဆေးတဲ့အထိ အမျိုးသမီးအခွင့်အရေးရော၊ လူ့အခွင့်ရေးရော အလုပ်သမား အခွင့်အရေးရော ချိုးဖောက်ခံခဲ့ရတယ်ပေါ့။ အဲဒီအပေါ်မှာတော့  အမျိုးသမီးအခွင့်အရေးဆိုပြီး  ကျယ်ကျယ်‌လောင်လောင် အော်လာတဲ့အခြေအနေပေါ့။ အမှန်တကယ်ဆို မိုးလင်းကနေမိုးချုပ် လုပ်ငန်းခွင်ထဲဝင်သွားတဲ့ အမျိုးသမီးတွေကအမျိုး သမီးအခွင့်အရေးဆိုတာ သူတို့နဲ့အရမ်းကိုစိမ်းနေတယ်။ အခုကာလမှပဲ သူတို့ကြားဖူးနားဝဖြစ်တဲ့အခြေအနေဖြစ်တယ်။ ဒီအ ခြေအနေတွေကို ခြုံပြောရမယ်ဆိုရင် အမျိုးသမီးတွေက သူတို့အခွင့်အရေး ဘာတွေရှိတယ်၊ ဘယ်လိုအခွင့်အရေးတွေကို ပိုင်ဆိုင်ထားလဲဆိုတာ သူတို့ကိုယ်တိုင်မသိတဲ့အတွက်ကြောင့် လုပ်ငန်းခွင်ထဲမှာ ဓမ္မတာလာတာကိုတောင်လုံချည်လှန်ပြီး အစစ်ခံရတဲ့အထိအခြေအနေမျိုးကို ဆိုးဆိုးရွားရွားရင်ဆိုင် ရတယ်ပေါ့။ ဒီအခြေအနေမျိုးရင်ဆိုင်ရတဲ့အခါမှာ အမျိုးသမီး တွေက ငါတို့အခွင့်အရေးအထိခိုက်မခံဘူးဆိုတဲ့ ငြင်းဆန်နိုင်တဲ့အခြေအနေမရှိတာက အမျိုးသမီးအခွင့်အရေးတွေကိုလုပ် ငန်းခွင်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့်ပြောနိုင်အောင် အမျိုးသမီးလုပ်သားတွေသိလာအောင်‌ပြောဖို့ အင်မတန်အရေးကြီးတယ် လို့မြင်ပါတယ်။

 မေး။        ။ ဒီလိုအမျိုးသမီးအလုပ်သမားတွေအပေါ် အခွင့်အရေးချိုးဖောက်မှုတွေက ဘယ်လိုလုပ်ငန်းခွင်တွေမှာအဖြစ် အများဆုံးလို့ပြောရမလဲ။

 ဖြေ။          ။အမျိုးသမီးတွေကလုပ်ငန်းခွင်ထဲမှာ အမျိုးသမီးအခွင့်အရေးချိုးဖောက်ခံရတယ်ပြောရင် စက်ရုံအလုပ်ရုံ၊ အထည်ချုပ်လုပ်ငန်းခွင်တွေ၊  ဖိနပ်ချုပ်တဲ့လုပ်ငန်းခွင်တွေ၊ စားသောက်ကုန်ထုတ်တဲ့လုပ်ငန်းခွင်တွေစသဖြင့်‌ တော်တော်များ များကအမျိုးသမီးအခွင့်အရေးချိုးဖောက်ခံနေရတယ်။ ကျမပြောခဲ့သလိုပဲ အမျိုးသမီးတွေက သူတို့အခွင့်အရေးကို သူတို့ မသိကြဘူး။ သူတို့ချိူးဖောက်ခံနေရတာကိုမသိကြဘူး။ ဒါငါတို့မတရားခံနေရတယ်ဆိုတဲ့အသိကြီးက လူတိုင်းမသိကြဘူး။  အခုကာလမှာတော့ အနည်းအကျဉ်းထွက်ပေါ်လာတယ်။ အရင်ကဆိုရင် အာဏာသိမ်းပြီးတဲ့ကာလဆို အမျိုးသမီးတွေ ညဘက် အိုတီတွေဆင်းကြတယ်။ နေ့ဆိုင်း၊ညဆိုင်း လုပ်ကြရတယ်၊လုပ်ငန်းခွင်ထဲမှာ ကိုယ်ထိလက်ရောက်မဟုတ်ဘူး ဆိုရင် တောင်လိင်ပိုင်းဆိုင်ရာမြောက်တဲ့ စကားလုံးတွေနဲ့ပြောဆိုခံရတယ်။ ဒါကကျူးလွန်ခံရပါတာလားဆိုတာကို မသိတာက တကယ်စိတ်မကောင်းစရာနစ်နာနေတဲ့အခြေအနေပါ။

မေး။     ။ လက်ရှိမြန်မာနိုင်ငံကနိုင်ငံရေးနဲ့စီးပွားရေးအခြေအနေတွေကြောင့် စက်ရုံအလုပ်ရုံတွေတော်တော်များများ ပိတ် သိမ်းတာတွေကြုံတွေ့နေရပြီး အလုပ်လက်မဲ့ပြသနာတွေပိုဆိုးလာတာက အမျိုးသမီးအလုပ်သမားတွေအပေါ် ဘယ် လောက်ထိ သက်ရောက်နိုင်ပါသလဲ။

ဖြေ။   ။အာဏာသိမ်းကာလကလည်း တော်တော်ကြာမြင့်လာပြီ ၊ပြည်တွင်းမှာဆိုလည်း စီးပွားရေး အကြပ်အတည်းတွေ ဖြစ်တယ်။ အလုပ်ရုံပိတ်သိမ်းတာတွေရှိတယ်။ တချို့ကကျတော့ အလုပ်ရုံပိတ်သိမ်းလို့ အလုပ်လက်မဲ့ ဖြစ်တာ မဟုတ်ဘဲနဲ့ စစ်မှုထမ်းဥပဒေထွက်ပြီးနောက်ပိုင်းမှာ အလုပ်လက်မဲ့ဖြစ်လာကြတယ်။ ဘာလို့လဲဆိုတော့လုပ်ငန်းခွင်ထဲမှာ မလုံခြုံ တော့ ဘူး။ အလုပ်ရှင်တွေကလည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပေါင်းပြီးတော့  အသက်ပြည့်ပြီးသား အမျိုးသား အမျိုးသမီး စာရင်းပေးတယ်ဆိုတာလည်း စစ်မှုထမ်းဥပဒေထွက်ပြီးတဲ့နောက်ဖြစ်တယ်။ ပထမဆိုရင် အမျိုးသားတော်တော်များများ ပြည်ပကိုထွက်ကြတယ်။ နောက်ပိုင်းဆို အမျိုးသမီးတွေပါ စစ်မှုထမ်းရမယ်ဆိုတာ ကျယ်ကျယ်လောင်လောင်ကြားရတယ်။ အဲဒီအပေါ်မှာ အမျိုးသမီးတွေကလည်း သူတို့လုပ်ငန်းခွင်ကို စွန့်ခွာတာဖြစ်လာတယ်။ ပြီးတော့  စီးပွား‌ရေး အခြေအနေ ကြည့်မယ်ဆိုရင်လည်း ကုန်စျေးနှုန်းမြင့်မားမှုကြောင့် စက်ရုံ အလုပ်ရုံတွေရဲ့ လုပ်ခလစာက တိုးမလာဘူး။ တိုးမလာတဲ့ အချိန်တွေမှာ ဘယ်လိုမှ အလုပ်သမားတစ်ဦးရဲ့လစာနဲ့စားဝတ်နေရေး နေထိုင်စရိတ်နဲ့တောင်   တကယ်ကို ရုန်းကန်နေရတဲ့ အချိန်မှာ ပြည်ပကိုထွက်ခွာကြတော့  စက်ရုံအလုပ်ရုံတွေမှာ လုပ်သားရှားပါးလာတယ်။ လုပ်သားရှားပါးတဲ့အတွက်ကြောင့် အသက်မပြည့်သေးတဲ့ အလုပ်သမားတွေက လုပ်ငန်းခွင်ထဲ ရောက်လာကြတယ်။ အသက်ပြည့်ပြီးသားသူတွေကလည်း အိမ်နီးချင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်ကြတဲ့အခြေအနေတွေ အဲဒီအပေါ်မှာ ပွဲစားတွေရဲ့ အမြတ် ထုတ်မှု၊  လိမ်လည်မှု၊ အေဂျင်စီတွေရဲ့ လိမ်လည်မှု တဆက်တည်းမှာပဲ အမျိုးသမီးတွေက လိင်အမြတ်ထုတ်ခံရတဲ့အခြေ အနေတွေထိ ဆိုးဆိုးရွားရွားရင်ဆိုင်နေရတယ်။

မေး။      ။ဒီလိုအလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတဲ့ အမျိုးသမီးအလုပ်သမားတွေအတွက် ဘာတွေလုပ်ဆောင် ပေးဖို့ ၊ကူညီပေးဖို့လိုအပ်မလဲ။

ဖြေ။       ။ပြောချင်တာကလုပ်ငန်းခွင်ထဲက အမျိုးသမီးတွေကို အမျိုးသမီးအခွင့်အရေးအကြောင်း ကောင်းကောင်းကြီး     အသိပညာတွေပေးနိုင်ရမယ်။ လုပ်ငန်းခွင်ထဲမှာရှိနေတဲ့ အမျိုးသမီးတွေကအလုပ်ရှင်တွေ၊ နိုင်ငံတကာမှာရှိနေတဲ့ အလုပ် သမားအမျိုးသမီးတွေချုပ်လုပ်နေတဲ့ ကုန်အမှတ်တံဆိပ်တွေအနေနဲ့ လုပ်ငန်းခွင်မှာ အမျိုးသမီးအခွင့်အရေး အပြည့်အဝ ပေးဖို့ လုပ်ငန်းရှင်ကိုဖိအားပေးတာမျိုး၊  ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကိုယ်ဝန်ဆောင်ချိန်မှာ သူတို့လုပ်နိုင်တဲ့ အခြေအနေ ထိပဲအလုပ်ခိုင်းဖို့၊ အမျိုးသမီးတွေဓမ္မတာလာစဉ်မှာ Pad ထုတ်ကအစအလုပ်ရှင်ကစီစဉ်ပေးဖို့  ကုန်စျေးနှုန်းကြီးမြင့်လာ ချိန်မှာ Pad ထုတ်တွေ က စျေးအဆမတန် တက်တော့  အဆင်ပြေသလိုမျိုးလစဉ်ကျော်ဖြတ်ကြရတယ်။ မသန့်ရှင်းတဲ့အခြေ အနေတွေဖြစ်တော့ အမျိုးသမီးတွေပိုးဝင်တာမျိုး၊ နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေက အများကြီးဖြစ်သွားတယ်။ ကျမတို့အနေနဲ့ အမျိုးသမီးတွေလုပ်ငန်းခွင်ထဲမှာ ထိရောက်တဲ့ အကူအညီပေးမှုကိုပေးနိုင်တာက အလုပ်ရှင်ပဲရှိတယ်။ အလုပ်ရှင်ကိုဖိအားပေးဖို့ အလုပ်ရှင်ကိုတောင်းဆိုဖို့ နိုင်ငံတကာဘရန်းတွေကို စာပို့တာမျိုး ဖိအားပေးတာမျိုးတွေ လုပ်ခဲ့ တယ်။ အဲဒီလိုမျိုးပဲ အမျိုးသမီးထုအမျိုးသမီးအဖွဲ့တွေကလည်း လုပ်ငန်းခွင်ကအမျိုးသမီးတွေကို  ဒီလိုမျိုးအခွင့်အရေး အပြည့်အဝရဖို့ တိုက်တိုက်တွန်းတွန်းလုပ်ကြမယ်ဆိုရင် ကျမတို့ အမျိုးသမီးတွေကပြည်တွင်းတင်မဟုတ်ဘူး ပြည်ပရောက် နေတဲ့ အမျိုးသမီးတွေအတွက်ပါ လုပ်ဆောင်ပေးနိုင်မယ်ပေါ့။

မေး။     ။အဖွဲ့အနေနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတဲ့ အမျိုးသမီးတွေကို ဘယ်လိုတွေ ကူညီဖြေရှင်းပေးနေပါ သလဲ။

ဖြေ။    ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေညဘက်ထိ အချိန်ပိုဆင်းရတဲ့အခါ အိမ်ပြန်နောက်ကျတာရှိတယ်။ အလုပ်သမားတွေက ကိုယ်ထိ လက်ရောက်ကျူးလွန်တယ်ဆိုရင်လည်း တကယ်အသံထွက်ပေးနိုင်တဲ့အဖွဲ့ တကယ်ဆောင် ရွက်ပေးနိုင်တဲ့အဖွဲ့ကိုရှာပြီးတော့ တိုင်ပင်တာတွေရှိတယ်။ သူတို့ဘာဆက်လုပ်သင့်လဲ သူတို့ကို ကူညီပေးနိုင်မယ့်အဖွဲ့တွေကို လမ်းညွှန်ပေးပါဆိုတာမျိုး၊ အလုပ်သမားတွေက ဟိုးအရင်ကတည်းက ငါဖြစ်ရင် ငါခံမယ်ဆိုတဲ့စိတ်မဟုတ်ဘဲနဲ့ ငါဖြစ်ရင် တခြားသူမခံရအောင်ဆိုတဲ့စိတ်က အလုပ်သမားတွေမှာရှိကြတယ်။  လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတယ်ဆိုရင်တောင်မှပဲ သူ့လိုနောက်ထပ် ကျုးလွန်မခံရအောင်  အလုပ်သမားအဖွဲ့ချုပ်တွေကို အကူအညီတောင်းတာမျိုး အမည်မဖော်ဘဲနဲ့ လုပ်ပေး ပါဆိုတာမျိုးတွေ အကူညီတောင်းလာတယ်။ အမျိုးသမီးရဲ့ ဆန္ဒအလျောက်သူဖြစ်ချင်တဲ့အပေါ်မှာ ကျမတို့ပို ဆက်သွယ် လာ တဲ့ အလုပ်သမားတွေဆို  ကူညီဆောင်ရွက်ပေးတာမျိုးရှိတယ်။  အလုပ်ရှင်ကို ဖိအားပေးတယ်။ အဲဒီအလုပ်ရှင်ကို ထပ်ဖိအား ပေးနိုင်မယ့် ကုန်အမှတ်တံဆိပ်ကိုဆက်သွယ်ပြီးတော့ဖိအားပေးတဲ့ ပုံစံတွေလုပ်တယ်။ ဒီအမျိုးသမီးအတွက်  သူ့ဘက်မှာ အဆင်ပြေနိုင်‌လောက်တဲ့အခြေအနေထိ အကာအကွယ်ပေးတယ်။  နောက်တစ်ခုက မဟာမိတ်အမျိုးသမီးအဖွဲ့တွေနဲ့ ချိတ် ဆက်ပြီးတော့  ဒီအမျိုးသမီးဘက်မှာ ဝန်းရံ‌ပေးတဲ့ပုံစံမျိုးပြုလုပ်ဖြစ်တယ်ပေါ့။

မေး။   ။အလုပ်သမားရေး ကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းတွေရဲ့အခြေအနေကရောဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင် နေရပါသလဲ၊

ဖြေ။      ။ ကျမတို့ စိန်ခေါ်မှုက ဘာလဲဆိုတော့ ကျမတို့က စစ်ကောင်စီနဲ့ ဘယ်အရာမှ တွဲမလုပ်ဘူး။ တွဲမလုပ်တော့  ခက်တာကအလုပ်သမားရုံးတွေက လက်ရှိအချိန်ထိ အလုပ်သမားရေးကို ဗန်းပြပြီးလုပ်ဆောင်နေတာရှိတယ်။ သူတို့နဲ့  တွဲ မလုပ်တော့ အမြဲတမ်း အလုပ်သမားနဲ့ အလုပ်ရှင် နှစ်ပွင့်ဆိုင်ပဲဖြေရှင်းကြရတယ်။ နှစ်ပွင့်ဆိုင်‌ဖြေရှင်းတဲ့အခါမှာ ကျမတို့က အလုပ်သမားကိုနောက်ကနေအကြံဉာဏ်ပေးရတယ်။  အဲဒီအခါမှာ ဒီအလုပ်သမားက ဘယ်အဖွဲ့နဲ့ ချိတ်ဆက်နေတယ်ဆိုတာ ထုတ်မပြောရဲတဲ့အခြေအနေပေါ့။ ကျမတို့ နောက်ကွယ်ကနေ အလုပ်သမားကို ကူညီပေးရတယ်။ ဘရန်းကို ချိတ်ဆက် ပေး ရတယ်။ ဒီလိုမျိုးလုပ်တဲ့အခါမှာ အဖွဲ့ချုပ်နာမည်ထုတ်သုံးလို့မရတာမျိုး ဒါတွေရင်ဆိုင်ရတယ်။ အဲဒီလိုထုတ် ပြောတဲ့ အခါ မှာလည်း အလုပ်သမားတွေအတွက် တစုံတရာထိခိုက်နစ်နာသွားမှာလားဆိုတဲ့ စိုးရိမ်စိတ်လည်းအမြဲရှိနေတယ်။

အချုပ်အနေနဲ့ ပြောချင်တာကလုပ်ငန်းခွင်ထဲက အမျိုးသမီးတိုင်းက ကိုယ့်ရဲ့အခွင့်အရေးကဘာတွေရှိတယ်။ ငါတို့အခွင့် အရေးအရ ဘာတွေတောင်းဆိုပိုင်ခွင့်ရှိတယ်ဆိုတာမျိုး လက်လှမ်းမီတဲ့ အလုပ်သမားအဖွဲ့ချုပ်တွေ နီးစပ်ရာအလုပ်သမား အဖွဲ့တွေနဲ့ချိတ်ဆက်ပါ။ အဖွဲ့တွေနဲ့ ချိတ်ဆက်တဲ့အခါမှာလည်း အမျိုးသမီးတွေအနေနဲ့ အားလပ်ချိန်မှာ အမျိုးသမီးအခွင့် အရေးတွေကို လေ့လာစေချင်တယ်၊ ဒါမှလည်း လုပ်ငန်းခွင်ထဲမှာ တစ်ဦးတစ်ယောက်ကနေ အများကြီး အလုပ်သမားအခွင့် အရေး၊ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးသိမှသာလျှင် ကျမတို့မတရားခံနေရပါလားဆိုတာကို သိတဲ့အချိန်မှာ  ပြန်တွန်းလှန်နိုင်ရမယ်။ မသိလို့ မတွန်းလှန်ရဘူးဆိုတဲ့အဖြစ်မျိုး မဖြစ်စေချင်ပါဘူး။ 

Author: