တုနှိုင်းမဲ့မိခင်မေတ္တာနှင့် အမျိုးသမီးများ၏ဖြစ်တည်မှုအပေါ် ဘယ်လိုဂုဏ်ပြုကြမလဲ
ထနောင်းမေ
ကမ္ဘာပေါ်ရှိ လူသားအားလုံး၏ဖြစ်တည်မှုသည် မိခင်ဖြစ်တည်မှုနှင့် ဆက်နွယ်နေသည်။ ဗုဒ္ဓဘာသာအယူအဆတွင် လည်း မိဘဖြစ်တည်မှုကို ဘုရားနှင့်တစ်ဂိုဏ်းတည်းထားကာ အနန္တောအနန္တငါးပါးတွင် ထည့်သွင်းထားသည်။ အနစ်နာခံကာ ပေးဆပ်တတ်သည့် အမူအကျင့်များစွာဖြင့် မိခင်ဟူသောဖြစ်တည်မှုသည် လူသားများတွင်သာမက တိရစ္ဆာန်များတွင်လည်း တွေ့ရလေ့ရှိသည်။
ကဗျာ၊ စာ၊ သီချင်း၊ ဂီတ၊ ပန်းချီ၊ စာပေ၊ ရုပ်ရှင်၊ စကားပုံစသဖြင့် မိခင်မေတ္တာကို ပုံစံအမျိုးမျိုးဖြင့် စာဖွဲ့ညွှန်းဆို ကြသည်။ ရှေးအစဉ်အဆက်ကတည်းက ရိုးအီသွားခြင်းမရှိသည့် အမြဲတမ်း စာဖွဲ့ညွှန်းဆိုမှုသည် မိခင်မေတ္တာပင် ဖြစ်သည်။
နှလုံးသားရေးရာထိခိုက်မှုများ၊ လောကဓံ၏ ရိုက်ခတ်မှုများနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါ အမေကိုတမ်းတ သည့်သီချင်းများစွာ ရေးစပ်သီဆိုကြသည်။ ရုပ်ရှင်များ၊ ဇာတ်လမ်းများ၊ စာပေများတွင်လည်း မိခင်မေတ္တာ၏ တန်ဖိုးမဖြတ်နိုင်ပုံကို အထူးရေးသားရိုက်ကူးဖန်တီးကြသည်။
“ခလုတ်ထိမှ အမိတ” “အမိမဲ့သားရေနည်းငါး” စသဖြင့် အမေနှင့်ပတ်သက်သည့် ဆိုရိုးစကား၊ စကားပုံများလည်း များစွာရှိသည်။
ကျောင်းသင်ခန်းစာတွင် သင်ကြားခဲ့ရသည့် မဟော်သဓာဇာတ်တော်ထဲက သားတရားစီရင်ခန်းဇာတ်တော်ထဲတွင် လည်း မိခင်မေတ္တာကို အထင်အရှားတွေ့နိုင်သည်။
မိခင်နှင့် ဖခင်နှစ်ဦးစလုံး၏ ဂုဏ်ကျေးဇူးတို့ ကြီးမားသော်လည်း ခန္ဓာကိုယ်ဝမ်းတွင်လွယ်၍ မွေးဖွားခဲ့သည့် မိခင်၏ ကျေးဇူးသည် သာ၍ပိုသည်ဟုဆိုကြသည်။
“ယောက်ျားဖောင်စီး မိန်းမမီးနေ” ဆိုသည့် ဆိုရိုးစကားအတိုင်း မိခင်တို့သည် အသက်ကိုရင်း၍ ကိုယ်ဝန် ဆောင်ကြသည်။ သားသမီးတို့ လူ့လောကသို့ မရောက်ခင်ကတည်းက သားသမီးအတွက် အစားအသောက်၊ အသွားအလာ၊ အနေအထိုင်ဆင်ခြင်ကြသည်။
ဝမ်းမှလွတ်သော်လည်း သားသမီးများကို အကောင်းဆုံးဆိုသည့်အရာများကို ပေးဆပ်ကာပြုစုပျိုးထောင်စောင့် ရှောက်ရပြန်သည်။ သားသမီးကို အသက်ပေး၍ကာကွယ်ကာ ရင်နှင့်ရင်း၍ ချစ်မြတ်နိုးသူများသည်လည်း မိခင်များ ပင်ဖြစ်ကြသည်။
“ဘယ်အရာမှ အမြဲမရှိ” ဆိုသော်လည်း သမရိုးကျပုံမှန် ဖြတ်သန်းနေကြသော ကမ္ဘာကြီး၏ နေ့ရက်တိုင်းတွင် မိခင်မေတ္တာသည် ရှိမြဲအတိုင်းပင် ရှိနေသည်ဟု ယုံကြည်ကြပြန်သည်။
မိခင်မေတ္တာသည် ကလေးငယ်များ၏ စိတ်ခံစားမှု၊ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် လူမှုဆက်ဆံရေးများတွင် များစွာ အထောက်အကူဖြစ်စေသည်ဟု သုတေသနများကလည်း ညွှန်းဆိုပါသည်။
မိခင်ထံမှ ချစ်ခြင်းနှင့် ထောက်ခံမှုရရှိသောကလေးများသည် မိမိကိုယ်ကို ပိုမိုယုံကြည်မှုရှိပြီး စိတ်ဖိစီးမှုများကို ကျော်လွှားနိုင်စွမ်းရှိခြင်း၊ သင်ယူမှုအတွက် အထောက်အကူဖြစ်ခြင်း၊ လူမှုရေးဆက်ဆံရေးများတွင် အောင်မြင်မှုရှိ ခြင်းများ ရရှိခံစားကြသည်။
လူမှုအသိုင်းအဝိုင်းတွင် သတ်မှတ်ထားသော ကြီးမားပြီး တုနှိုင်းမမှီသည့် မိခင်မေတ္တာသည် အမှန်တရားဖြစ်သည်။ မိခင်မေတ္တာကြီးမားပုံသည် မေးခွန်းထုတ်စရာမလို၊ အဖြေသိပြီးသား ပုစ္ဆာလည်းဖြစ်နေသည်။
သို့ရာတွင် မိခင်ဖြစ်သည်နှင့် အိမ်ထောင့်တာဝန်၊ သားသမီးတာဝန်၊ အိမ်မှုကိစ္စ၊ မိသားစုဘဝရပ်တည်ခြင်း စသည့် လူမှုတာဝန်များကို တပွေ့တပိုက်ကြီးလက်ခံရယူပြီး ပေးဆပ်နေကြရသည့်မိခင်များ၏ ကိုယ်ပိုင်ဘဝဖြစ်တည်မှု သည် မည်သည့်နေရာတွင် ရှိနေကြောင်း မေးခွန်းများက ထူးခြားစွာ ပျောက်ဆုံးနေသည်။
တပြိုင်တည်းမှာပင် လူမှုအဖွဲ့အစည်း၏ ပုံသေစံနှုန်းသတ်မှတ်ချက်များအောက်တွင် မိခင်များ၏ ကြီးမားသော ဝန်ပိရုန်းကန်နေရမှုများကိုလည်း လူ့အဖွဲ့အစည်းကပင် ပြန်၍မျက်ကွယ်ပြုထားသည်။
လူ့သမိုင်းခေတ်အဆက်ဆက်က ကြီးကျယ်ခမ်းနားစွာဖွင့်ဆိုကြသော မိခင်များ၏အခန်းကဏ္ဍကို ဆက်လက်ဖွင့် ဆိုနိုင်ရန် အမျိုးသမီးတစ်ဦးအနေဖြင့် မိခင်ဘဝသို့ရောက်သည်နှင့် သားသမီးအရေး၊ မိသားစုအရေးကို ပထမတန်း နေရာတွင် ထားရှိရမည်ဖြစ်ပြီး ကိုယ့်ဖြစ်တည်မှုကို နောက်တန်းတွင်သာ ထားရှိနိုင်ရန်လိုသည်။
မိခင်ဟူသည်မှာ အစားကောင်း၊ အဝတ်ကောင်းများကို မလိုအပ်သူ၊ သားသမီးများအတွက်ဆိုလျှင်မူ အကုန်ပုံ၍ ပေးလိုသူများဖြစ်ရသည်။
မိခင်နေရာသို့ရောက်သည်နှင့် အမျိုးသမီးတွင် တကိုယ်ရည်အိပ်မက်များ၊ အလုပ်အကိုင်ရည်မှန်းချက်များ၊ လိုအင် ဆန္ဒများကို အကြောင်းအမျိုးမျိုးနှင့် လက်လျော့ထားရန်လိုသည်။
ပထမဦးစွာ ရင်သွေးကို ကိုယ်ဝန်ဆောင်စတွင်ပင် ကျန်းမာရေးနှင့်ပတ်သက်သည့် ဆောင်ရရှောင်ရခြင်းများ၊ ဟော် မုန်းအပြောင်းအလဲကြောင့်ဖြစ်သော စိတ်ပိုင်းဆိုင်ရာပြဿနာများ၊ ကိုယ်အလေးချိန်တိုးခြင်း၊ အိပ်မပျော်ခြင်း စသည့် ဇီဝဖြစ်စဉ်များကို ဦးစွာရင်ဆိုင်ကြရသည်။
ကလေးမွေးဖွားပြီးနောက်တွင်လည်း အိပ်စက်ချိန်လျော့နည်းခြင်း၊ စိတ်ဖိစီးမှုများ၊ စိတ်ကျရောဂါများလည်း မိခင် များတွင် တွေ့ရတတ်သည်။
ကလေးစောင့်ရှောက်မှုနှင့် မိသားစုတာဝန်များအတွက် မိခင်များသည် ကိုယ်ပိုင်အချိန်အားလုံးကို ပေးအပ်ထားကြ ရသည်။ ထိုကြောင့် ဝါသနာနှင့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်မှုမှာ အမျိုးသမီးများတွင် အားနည်းလေ့ရှိ ပါသည်။
အလုပ်အကိုင်၊ အခွင့်အလမ်းများတွင်လည်း မိခင်များကို ရွေးချယ်ခန့်ထားမှု လျော့နည်းတာ၊ ရာထူးတိုးခြင်းနှင့် လစာတိုးခြင်းတို့တွင် ကလေးရှိသည့်မိခင်များကို ချန်လှပ်ထားခြင်းများသည်လည်း လူမှုအဖွဲ့အစည်းတွင် ငြင်းမရ သည့် ဖြစ်ရပ်များဖြစ်သည်။
လူမှုဆက်ဆံရေးများတွင်လည်း ကလေးစောင့်ရှောက်နေရခြင်းကြောင့် မိတ်ဆွေများအပေါ်၊ ပါတ်ဝန်းကျင်အပေါ် အချိန်ပေးနိုင်မှု နည်းပါးလာခြင်းများ ဖြစ်နိုင်သည်။
ထို့အပြင် မိသားစုတွင် အမျိုးသားနှင့်အမျိုးသမီးသည် ဝင်ငွေရှာသည့်အလုပ်ကို တန်းတူလုပ်ကိုင်သော်လည်း အိမ် ရောက်သည့်အခါ အမျိုးသမီးဖြစ်သူသည် ကလေးစောင့်ရှောက်မှုနှင့် အိမ်မှုကိစ္စများကို ထပ်ဆောင်းလုပ်ကိုင်ကြ ရသည်။
လူမှုဝန်းကျင်၊ မိသားစုဆွေမျိုးများ၊ ရိုးရာအစဉ်အလာများက သတ်မှတ်ထားသည့် မိခင်ကောင်းဆိုသည့် တံဆိပ် ကပ်မှုတွင် အမျိုးသမီးများ ဝင်ဆန့်ရန် ခွန်အားမည်မျှ စိုက်ထုတ်နေရသည်ကို မည်သူမျှ သတိမမူ၊ အလေးမထား ကြပေ။
ကလေးဖျားနာသည့်အခါနှင့် မိသားစုအတွင်း သားသမီးများ တစုံတရာပြဿနာဖြစ်ပွားသည့်အခါ မိခင်များကိုသာ နာမည်ဆိုးတပ်ခံရသည်။
လူမှုအသိုင်းအဝိုင်းက သတ်မှတ်ထားသည့် မေတ္တာဘွဲ့များအောက်တွင် မိခင်ကောင်းဟူသည့် ပုံစံခွက်ဆုတံဆိပ် ရရန် အမျိုးသမီးများ ကြိုးစားရှင်သန်ကြရသည်။
ဝါသနာပါရာအိပ်မက်များ၊ အလုပ်များကို မစွန့်လွှတ်ဘဲ မိသားစုဘဝတာဝန်များနှင့် ယှဉ်တွဲဆောင်ရွက်သည့် မိခင် များ ရှိသော်လည်း အလုပ်တာဝန်များကို ဦးစားပေးရသည့်အခါ မိခင်တာဝန်မကျေဟု ဝေဖန်ခံကြရသည်။
လူမှုပတ်ဝန်းကျင်က သတ်မှတ်ထားသည့် မိခင်ကောင်းဆိုသည့် စံနှုန်းများအတိုင်း ထပ်တူမကျသည့်အခါ အမျိုး သမီးများကိုသာ လက်ညှိုးထိုးတတ်ကြသည်။
ဘယ်သို့သော မိခင်မဆို မိခင်မဖြစ်ထိုက်ဟူသည့် သတ်မှတ်ချက်မျိုး ချ၍မရနိုင်ပေ။
အရိုးစွဲနေသော လူမှုစံနှုန်းများနှင့် လူအဖွဲ့အစည်း၏ ခေါက်ရိုးကျိုးနေသည့် တရားသေသတ်မှတ်ချက်များကြောင့် သာ မိခင်ကောင်း၊ မိခင်ဆိုးဆိုသည့် သတ်မှတ်ချက်များ ကွဲပြားနေခြင်းဖြစ်သည်။
သားသမီးရှေ့ရေး၊ မိသားစုဝင်ငွေအတွက် အလုပ်ထွက်လုပ်ရင်း သားသမီးကို ရင်အုပ်မကွာ မစောင့်ရှောက်နိုင်သည့် မိခင်ကို မိခင်ဆိုးဟု သတ်မှတ်မည်လား။ တိုင်းပြည်၏ အနာဂတ် လူပေါင်းများစွာ၏ အရေးအတွက် နိုင်ငံရေးကိစ္စ များတွင် ပါဝင်လုပ်ကိုင်နေသည့်အတွက် ရင်သွေးများကို အနီးကပ်မစောင့်ရှောက်နိုင်သည့် မိခင်ကို မိခင်မေတ္တာ ခေါင်းပါးသူဟု သတ်မှတ်မည်လား။
မိခင်မေတ္တာသည် မိခင်မေတ္တာသည်သာ မည်ပါသည်။
မိခင်ဖြစ်ခြင်းသည် အမျိုးသမီးများအတွက် သဘာဝတရားကပေးအပ်သည့် လက်ဆောင်တစ်ရပ်ဖြစ်သည်။
မိခင်ဘဝကို ခံယူလိုက်သော အမျိုးသမီးများအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးရာ အခက်အခဲ အမျိုးမျိုးကို ကျားကန်ကြရသည်။
မိခင်ဟူသောတာဝန်သည် ပင်စင်မရှိ၊ သက်တမ်းမကုန်နိုင်သည့် တာဝန်ဖြစ်သည်။
ပုံစံခွက်စံနှုန်းများဖြင့် အလွန်အကျူးဖွဲ့ဆိုမှုသည် မိခင်များကို အမှန်တကယ် ပျော်ရွှင်စေနိုင်ပါလားဆိုသည်ကို ပြန် လည်မေးခွန်းထုတ်သင့်ပြီဖြစ်သည်။
တံဆိပ်ကပ်ထားသော မေတ္တာဘွဲ့များထက် အမျိုးသမီးများ၊ မိခင်များ၏ ကိုယ်ပိုင်ဘဝဖြစ်တည်မှုကို တန်ဖိုးထား ခြင်း၊ သူတို့၏ ကိုယ်ပိုင်အိပ်မက်များကို ဆက်လက်ရှင်သန်စေခြင်း၊ သူတို့၏ဆုံးဖြတ်ချက်များကို ပံ့ပိုးပေးသည့် နည်းလမ်းများဖြင့် မိခင်များသည် ဂုဏ်ပြုခံထိုက်သူများလည်းဖြစ်ကြပါသည်။
- မိန်းမယူရင် စဥ်းစားဖို့လိုတယ် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ - 12/06/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 31/05/2025
- သားယောက်ျားလေးမလိုချင်တော့တဲ့ ရှမ်းပြည်အရှေ့ပိုင်းက ရန်ရှင်းရွာ - 19/05/2025