တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဧပြီ ၂၇ ရက်မှ မေလ ၂ ရက်အတွင်းတစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

ငါးနှစ်အရွယ်ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့သူကို TNLA ဖမ်းဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်က ကျေးရွာတခုမှာ အသက် ၅ နှစ်အောက် မိန်းကလေးငယ်တစ်ဦးကို အမျိုးတော်စပ်သူအစ်ကိုက အဓမ္မပြုကျင့်ခဲ့တာကြောင့် ကျူးလွန်သူကို တအာင်းတပ်မတော် (TNLA)ကဖမ်းဆီးမိထားပြီလို့ သိရပါတယ်။

အခု ဧပြီ ၁၈ ရက်က ဝမ်းကွဲအစ်ကိုတော်စပ်သူ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးက ၅ နှစ်အောက်ကလေးငယ်ကို လိမ်လည်ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့တာပါ။

ဒေသတွင်း သက်ငယ်မုဒိမ်းမှု ဖြစ်ပွားချိန်အစောပိုင်းက အမှုဖွင့်တိုင်ကြားမှု၊ အရေးယူမှုမျိုးတွေ မရှိခဲ့တာကြောင့် အဓမ္မပြုကျင့်သူကို အရေးယူပေးဖို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုခဲ့ပြီးနောက် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင့် တအာင်းတပ်မတော် (TNLA) က ဧပြီ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကလေးငယ်အတွက် ဆေးရုံမှာဆေးဝါးကုသမှုနဲ့ လိုအပ်တဲ့ကူညီပံ့ပိုးမှုတွေကို တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။

Source – Burma VJ

အာရက္ခတိုင်းပြည် တည်ဆောက်ရာတွင် မွတ်ဆလင်အမျိုးသမီးများ ပါဝင်နိုင်ရေး ULA နှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ စွမ်းရည်မြှင့်ဟောပြောပို့ချ

အနာဂတ်အာရက္ခတိုင်းပြည်တည်ဆောက်ရာမှာ လူမျိုး၊ ဘာသာ၊ မရွေး၊ ကျား/ မ မရွေး ပူးပေါင်းပါဝင်နိုင်ရေးအတွက် အာရက္ခဒေသအတွင်းရှိ မွတ်ဆလင်အမျိုးသမီးတွေကို အမျိုးသမီးများ အခွင့်အရေးဆိုင်ရာနဲ့ အမျိုးသမီးများ စွမ်းရည်မြှင့်ကဏ္ဍတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ ရက္ခိုင်ပြည်ကျောင်းသားသမ္ဂ (Arakan Students’ Union-ASU) တို့ ပူးပေါင်းပြီးဧပြီလ ၁၂ ရက်က ရခိုင်လွတ်မြောက်မြို့နယ်တွေမှ မွတ်ဆလင်ကျေးရွာ ၉ ရွာမှာ ကွင်းဆင်းဟောပြောပို့ချမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

 အာရက္ခတိုင်းပြည်တည်ဆောက်ရာမှာ မတူကွဲပြားတဲ့ လူမျိုးစုတွေအကြား သဟဇာတကျပြီး ယုံကြည်မှုတည်ဆောက်နိုင်ဖို့လိုအပ်သလို လူမျိုးဘာသာမရွေး၊ ကျား/မ မရွေး ပါဝင်ပူးပေါင်းပါဝင်တည်ဆောက်ဖို့ လိုအပ်တာကြောင့် ယခုကဲ့သို့ ဟောပြောပို့ချမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

တော်လှန်ရင်း တိုင်းပြည်တည်ဆောက်နေတဲ့ကာလဖြစ်တဲ့အတွက် အာရက္ခဒေသအတွင်း နေထိုင်တဲ့ လူမျိုးစုများအကြား သဟဇာတဖြစ်မှုနဲ့ ယုံကြည်မှုတွေ တည်ဆောက်ဖို အဓိကလိုအပ်တယ်လို့သိရပါတယ်။

Source – နိရဥ္စရာ

ငလျင်ဘေးသင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအတွက် UNFPA က ဒေါ် လာ ၁ သန်းကျော် တောင်းခံ

မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို ထောက်ပံ့ကူညီနိုင်ရေးအတွက် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့(UNFPA Myanmar) က ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း နိုင်ငံတကာအသိုက်အဝန်းထံ တောင်းခံလိုက်ပါတယ်။

UNFPA အနေနဲ့ မြန်မာနိုင်ငံက ငလျင်ဒဏ်ခံခဲ့ရတဲ့ လူပေါင်း ၆၈၀,၀၀၀ အထူးသဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို အသက်ကယ်အကူအညီတွေ ပေးအပ်နိုင်ဖို့ ရည်ရွယ်တယ်လို့ UNPFA Myanmar အဖွဲ့ရဲ့ ဧပြီ ၂၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

UNFPA အဖွဲ့ရဲ့ ရန်ပုံငွေ တောင်းခံချက်က ဘေးကင်းတဲ့ ကလေးမွေးဖွားမှု၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားပြီးနောက် စောင့်ရှောက်မှုနဲ့ မိသားစုစီမံကိန်းတွေ အပါအဝင် မရှိမဖြစ်လိုအပ်တဲ့ လိင်နဲ့ မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှုတွေ တိုးချဲ့ပေးအပ်နိုင်ဖို့ အလေးပေးထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ငလျင်ဒဏ်ခံ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအတွက် ဘေးကင်းတဲ့ နေရာတွေ တည်ထောင်ပေးတာတွေ၊ စိတ်ဒဏ်ရာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး စိတ်ကျန်းမာရေးနှဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတို့ အပါအဝင် ကျား-မ အခြေပြု အကြမ်းဖက်မှု အန္တရာယ် လျော့ပါးရေးနဲ့ တုံ့ပြန်ရေးကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

Source – DVB

မောင်တောမှာ ပထွေးကအဓမ္မပြုကျင့်ခဲ့မှု ခြောက်လခန့်အကြာမှာ ဖော်ထုတ်နိုင်

မောင်တောမြို့နယ် ခရေမြိုင်(ချရားတန်း)ကျေးရွာက အသက် ၁၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ပထွေး ဖြစ်သူက အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်စဉ်ကို ခြောက်လခန့်အကြာမှာ ဖော်ထုတ်နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို အာရက္ခ တပ်တော်(AA)က ဖမ်းဆီးထားတယ်လို့ ရွာခံတွေက ပြောပါတယ်။

မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်စဉ်ဟာ ပြီးခဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကဖြစ်ပွါးခဲ့တာဖြစ်ပေမယ့် အမှု မပေါ် ဖို့ ကလေးရော၊ ကလေးအမေကိုပါ ခြိမ်းခြောက်ထားခဲ့တာလို့ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူဟာ မိန်းကလေးငယ်ရဲ့ မိခင်၏နောက်အိမ်ထောင်ဖြစ်ပြီး သားသမီးသုံးယောက်ရှိတယ်လို့ ရွာသားတွေက ပြောပါတယ်။

မိန်းကလေးငယ်ကို အဓမ္မပြုကျင့်တဲ့ ဖြစ်စဉ်ကို သိရှိနေကြတဲ့ ရွာသားတွေဟာ မျက်မြင်သက်သေတွေနဲ့အတူ အာရက္ခတပ်တော်(AA)ဆီကို သွားရောက်တိုင်တန်းခဲ့တာကြောင့် ယမန်နေ့ ဧပြီ ၂၇ ရက်မှာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

Source – HI

ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ အလုပ်သမား အခွင့်အရေးတန်းတူရေး” နှင့် “လုံခြုံသောလုပ်ငန်းခွင်ဖန်တီးရေး”တို့သည် ယခုနှစ်မေဒေးတောင်းဆိုချက်ဖြစ်လာ

 ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ တာ့ခ်ခရိုင်မှာရှိတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ လူမှုအဖွဲ့အစည်းကွန်ရက်ဖြစ်တဲ့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး မြှင့်တင်ရေးကွန်ယက်အဖွဲ့ (MRPWG) က ထိုင်းစံတော်ချိန် ညနေ ၄ နာရီမှာ ကျင်းပခဲ့တဲ့ မေလ ၁ ရက် (အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့) အခမ်းအနားကို ထိုင်းအလုပ်သမားတွေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေတက်ရောက်ခဲ့ပါတယ်။

တက်ရောက်လာကြသော အလုပ်သမားများက “ကိုယ်ဝန်ဆောင်အမျိုးသမီးအလုပ်သမားများ တန်းတူအခွင့်အရေးရဖို့” နဲ့ “လုံခြုံသောလုပ်ငန်းခွင်ဖန်တီးဖို့” တောင်းဆိုချက်များ ပါဝင်သည့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

အခုလို အလုပ်အကိုင်ရှားပါးလာတာကြောင့် မီးဖွားပြီးစ အမျိုးသမီးများသည်  တခြားသူများ မလုပ်လိုသည့် ကျန်းမာရေးနှင့် မညီညွတ်သော လုပ်ငန်းများမှာ ဝင်ရောက်လုပ်ကိုင်နေကြရတယ်လို့ဆိုပါတယ်။

ယနေ့ကာလ မိသားစုအတွင်း ငွေကြေးလိုအပ်ချက်ကလည်း အရေးကြီးနေပြီး လက်ရှိကုန်ဈေးနှုန်းက လူတစ်ယောက် ဝင်ငွေနှင့် ရပ်တည်၍ မရခြင်းကြောင့် မီးဖွားပြီးစမိခင်များမှာ မဖြစ်မနေ အလုပ်ပြန်ရရန် တောင်းဆိုနေကြတာဖြစ်ပါတယ်။

ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားအများစုသည် ဥပဒေအတိုင်း သတ်မှတ်ထားသည့် လုပ်ခကြေးငွေထက် နိမ့်ကျသည့် လုပ် အားခသာ ရရှိနေရုံသာမက အပတ်စဉ်အလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရခြင်း၊ ရိုးရာအလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရခြင်း၊ အချိန်ပိုအလုပ်လုပ်ခြင်း စသည့် ဥပဒေသတ်မှတ်ချက်နှင့် မကိုက်ညီသည့် ဆက်ဆံခံရခြင်းများအပြင် နေ့စဉ်နေ့တိုင်း နာရီပေါင်းများစွာ လုပ်ကိုင်နေရကြောင်းလည်း ဖော်ထုတ်ထားပါတယ်။

လုပ်ငန်းခွင်အတွင်း လုံလောက်သော လေဝင်လေထွက် မရှိခြင်း၊ အလုပ်ရှင်သည် အလုပ်သမားများအား တစ်ကိုယ်ရေ လုံခြုံ ရေးအကာအကွယ်ပစ္စည်းများ စီစဉ်ဆောင်ရွက်ပေးမှုမရှိခြင်း၊ သောက်သုံးရေနှင့် သန့်ရှင်းသောရေကို မရရှိခြင်းတို့ကြောင့် လုပ်ငန်းခွင်အတွင်း ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာပြဿနာများရှိနေတယ်လို့ဆိုပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့ကျစေရန်ရည်ရွယ်ပြီး လုံခြုံသောလုပ်ငန်းခွင်ဖန်တီးဖို့၊ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု ရပ်တန့်စို့ဆိုသည့်ဆောင်ပုဒ်သည် အမျိုးသမီးအရေးဆောင်ရွက်နေသည့် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ ယခုနှစ် မေဒေးနေ့အတွက် ဆောင်ပုဒ်ဖြစ်ပါတယ်။

Source – HI

ရွှေဘိုတွင် ကျေးရွာပကဖဖမ်းထားသည့် အမျိုသမီး ၂ ဦး အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ ငါးမည်ရပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဖမ်းဆီးထားတဲ့ အမျိုးသမီးနှစ်ဦးကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့ Shield Women Organization အဖွဲ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

တက်တူကျေးရွာ(ပကဖ)ဖြစ်တဲ့ ငါးမည်ရပြည်သူ့ကာကွယ်ရေးအဖွဲ့က ဧပြီလ ၁၉ ရက်ကမိတ္တီလာခရိုင်၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ရင်းမှ ရဲဘော်သုံးဦးနဲ့ သူတို့ရဲ့မိသားစုဝင် ဒေါ်ချိုနှင်းနဲ့မအိရွှေစင်တို့ကိုငွေကြေးလိမ်လည်တယ် လို့စွပ်စွဲဖမ်းဆီးခဲ့ပြီး ရဲဘော်သုံးဦးကို ပြန်လွှတ်ပေးသော်လည်း အမျိုးသမီးနှစ်ဦးကို ပြန်မလွှတ်သေးကြောင့် Shield Women Organization အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒေါ်ချိုနှင်းနှင့်မအိရွှေစင်တို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆိုထားပြီး ၎င်းတို့ရဲ့ လုံခြုံရေးကို မိသားစုဝင်တွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

ငွေကြေးလိမ်လည်မှုနဲ့စွပ်စွဲဖမ်းဆီးမယ်ဆိုပါက ပြည်သူလုံခြုံရေးအဖွဲ့ (ပလဖ)က ဆောင်ရွက်ရမှာဖြစ်ပြီး ဖမ်းဆီးခံရသူတွေကို အကျဉ်းသား အခွင့်အရေးအပြည့်အ၀ပေးရမှာဖြစ်တယ်လို့ ရွှေဘိုခရိုင်အတွင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက မှတ်ချက်ပြုပါတယ်။

Source – Mizzima

ဖျာပုံတွင် ၂ လကျော် ပျောက်ဆုံးနေသည့် အမျိုးသမီး၏ ရုပ်အလောင်းတွေ့

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ၂ လကျော်ကြာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးတယောက်ရဲ့ ရုပ်အလောင်းကို ဧပြီ ၂၉ ရက်နေ့လယ်ပိုင်းက ဖျာပုံ-ဘိုကလေး‌ ကားလမ်းဘေးမှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသူဟာ ဖျာပုံမြို့နယ်၊ ကျုံတာ ကျေးရွာမှာနေတဲ့ အသက် ၂၃ နှစ်အရွယ် မဖူးဖူးရွှေစင်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၁ ရက်က နေအိမ်ကနေ ဆိုက်ကယ်နဲ့ထွက်သွားပြီးနောက် အိမ်ကို ပြန်မလာဘဲ ပျောက်ဆုံးသွားတာဖြစ်ပါတယ်။

ရုပ်အလောင်းကိုရှာဖွေတွေ့ရှိချိန်မှာ  မဖူးဖူးရွှေစင်ဝတ်ဆင်ထားတဲ့ ဟန်းချိန်းဖြစ်တယ်လို့မိသားစုဝင်တွေကအတည်ပြုပါတယ်။သေဆုံးရတဲ့အကြောင်းရင်းကို ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးတာတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source – Dvb

ပစ္စည်းခိုးယူရန်ကြိုးစားသည်ဟု စွပ်စွဲခံရသော အမျိုးသမီး တိုက်ပေါ်မှပြုတ်ကျသေဆုံး

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်းတောင်ရပ်ကွက် ပြည်သူ့ကွက်သစ်(၁)လမ်းရှိ တိုက်ခန်းတခုပေါ်မှာ ပစ္စည်းတက်ခိုးရန်ကြိုးစားခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသမီးတစ်ဦးခုန်ချထွက်ပြေးရာမှ သေဆုံးသွားခဲ့ပါတယ်။

ပစ္စည်းလာရောက်ခိုးယူတာကို မြင်တွေ့ခဲ့တဲ့တိုက်ခန်းနေသူတွေက မခုန်ချဖို့တားမြစ်ခဲ့သော်လည်း တိုက်ခန်းရှိ ဘေစင်မှတဆင့် အောက်ကိုခုန်ချခဲ့တာဖြစ်ပါတယ်။ပစ္စည်းခိုးယူသူ အမျိုးသမီးဟာ အသက် ၄၀ ဝန်းကျင်အရွယ်ရှိပြီး နေရာမှာပင် သေဆုံးခဲ့တယ်လို့သိရပါတယ်။

Source – Mizzima

ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင်စစ်ကောင်စီမှရဲမေများအပါအဝင်အမျိုးသမီးများလက်နက်ချဟုဆို

ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်မှရဲမေတွေအပါအဝင် အမျိုးသမီး ၁၀၀ ကျော် လက်နက်ချရာကိုယ်ဝန်ဆောင်များပါဝင်နေတယ်လို့စစ်ရေးရင်းမြစ်အချို့ကပြောပါတယ်။

သို့သော်အခြားစစ်ရေးရင်းမြစ်တဦးကမူ စစ်ကောင်စီတပ်စွဲရာစခန်းများမှ အမျိုးသမီးတွေကိုဖမ်းမိတာမှန်သော်လည်း စကခ ၂၁ မှမဟုတ်ဘဲ မြို့ထဲရှိ စခန်းများမှဖြစ်ကာ ၊၎င်းတို့မှာ ရဲမေ ဟုတ် ၊မဟုတ် မသိကြာင်းပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ဗန်းမော်မြို့ရှိ စစ်ကောင်စီ လက်ကျန်စခန်းတွေ၊တပ်ရင်းတွေ၊ တပ်ရင်းဌာနချုပ်တွေအားလုံးကို တပြိုင်တည်း ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

KIA နဲ့ ပူးပေါင်းတပ်က ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ ထိုးစစ်ကို စစ်ကိုင်းငလျင်ကြောင့်ရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေလုပ်ကိုင်နိုင်ရန် ယာယီရပ်နားခဲ့ပါတယ်။

ဧပြီ ၂၅ ရက်မှစပြီး ပြန်လည်ထိုးစစ်ဆင်နေရာ စကခ ၂၁ ရဲ့ ကာကင်းစခန်းအချို့ကိုထပ်မံ သိမ်းပိုက်ရရှိခဲ့ပြီး အရာရှိအပါအဝင် စစ်သုံ့ပန်းများကို KIA က  ဖမ်းဆီးရမိထားတယ်လို့သိရပါတယ်။

Source – People’s Spring

မုန်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အမျိုးသမီး နှစ်ဦး အပါအဝင် လေးဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) မုန်းမြို့နယ်မှာ စစ်ကောင်စီက ဧပြီ ၂၈ရက်က မုန်းမြို့နယ်၊ ရွာကြီးအင်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကညင်တိုင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အမျိုးသမီး ၂ဦးနဲ့အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် (၂)နှစ်ခန့်အရွယ် ကလေးငယ်အပါအဝင် ၂ဦး ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ယင်းနေ့မှာပဲ  မုန်းမြို့နယ်ရှိ နိုကလော်၊ တောင်စုအရှေ့၊ တောင်စုအနောက်၊ နိုတောတာ၊ စီပေါပေါ်၊ တမာခေါ၊ ရန်မျိုးအောင်၊ နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ငနွားဆိပ်၊ အညာစု၊ ရေလဲကရင်ကျေးရွာတွေကို လေယာဉ်နဲ့လာရောက်ပစ်ခတ်ခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

Source – People’s Spring

မန္တလေးမြို့က အငြိမ်းစားပါမောက္ခတစ်ဦး အသတ်ခံရ

မန္တလေးမြို့၊ပုသိမ်ကြီးမြို့မှာနေထိုင်တဲ့ အသက်(၆၆)နှစ်အရွယ် သတ္တဗေဒဌာနက အငြိမ်းစားပါမောက္ခဒေါက်တာ ထွေးထွေးဟာ ဧပြီ (၂၅)ရက်နေ့က ‌‌‌‌အသတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ဒေါက်တာထွေးထွေးဟာတစ်ဦးတည်း နေထိုင်သူဖြစ်ပြီး ငလျင်ကြောင့်မင်္ဂလာရန်ကင်းအိမ်ယာကနေ ပုသိမ်ကြီးမြို့အတွင်းကို ပြောင်းရွှေ့နေထိုင်နေသူလို့ သိရပါတယ်။

အသတ်ခံရသူဟာ လုယက်အသတ်ခံရတာလို့ သိရပါတယ်။ အသတ်ခံရသူဟာ ပါမောက္ခဟာ အိမ်ခြံမြေရောင်းဝယ်တဲ့အလုပ်ကိုလည်း လုပ်ကိုင်လေ့ရှိပြီး အိမ်နှင့် မြေကွက်များစွာလည်းပိုင်ဆိုင်တယ်လို့သိရပါတယ်။မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊မနော်ဟရီရပ်ကွက်မှာ ၎င်းပိုင်ဆိုင်တဲ့ လုံးချင်းတိုက် တွေရှိပြီး အိမ်ငှားတင်ထားတယ်လို့လည်း သိရပါတယ်။

Source – People’s Spring

ဝန်းသိုတွင် လသားအရွယ် ကလေးအပါအဝင် ပြည်သူ ခုနစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ အာမခံကျေးရွာအနီးမှာ ဝန်းသိုမှ ဈေးရောင်းတဲ့ ကလေးငယ်နဲ့ ပြည်သူ ခုနစ်ဦးကို ဧပြီလ ၂၆ ရက် က စစ်ကောင်စီ စစ်ကြောင်းက သေနတ် ဓားများ အသုံးပြုကာ ပစ်သတ်သွားတယ်လို့သိရပါတယ်။

သေဆုံးသူတွေထဲမှာ လေးလသားအရွယ် ကလေးငယ် တစ်ဦး တစ်နှစ်သားအရွယ် ကလေးငယ် တစ်ဦး ပါဝင်ပြီး အမျိုးသမီး လေးဦးနဲ့ အမျိုးသား တစ်ဦးတို့ပါဝင်ပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ သေဆုံးသူ ခုနစ်ဦးကို ဒေသခံ ကာကွယ်ရေးတပ်တွေက သတ်ဖြတ်သွားတာဖြစ်တယ်လို့ရေးသားထားပါတယ်။

Source – သံလွှင်ခက်

စစ်ကောင်စီတပ်က အကြောင်းမဲ့  ဗုံးကြဲခဲ့သည့် သရက်ချောင်းမြို့နယ်တွင် ဒေသခံအမျိုးသမီး ၁ ဦး ထပ်မံသေဆုံး

တနင်္သာရီ တိုင်း ၊ သရက်ချောင်း မြို့နယ်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရကာ ဆေးကုသမှု ခံယူနေတဲ့ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဟာ သရက်ချောင်း မြို့နယ်အတွင်းရှိ ရွာတွေဖြစ်တဲ့ ရငဲ ၊ကျောက်ခမောက်၊ ကျွဲမင်းကုန်း ၊ချောက်ချောင်းရွာများဘက်သို့  တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကတွဲ ရွာရှိ အသက် (၄၀) အရွယ် ဦးအောင်အောင် သေဆုံးခဲ့ပြီး ကျောက်ခမောက်ရွာက ဒေါ်မီးကန်း အသက် ၅၀ အရွယ် နှင့် သမီးဖြစ်သူ မဝင်းစန္ဒာထွေးအသက် ၁၈ နှစ် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။

ထိုသို့ဆေးကုသမှု ခံယူနေစဉ်တွင်ပင် ဒေါ်မီးကန်း အသက် (၅၀) မှာ ရရှိထားတဲ့ ဒဏ်ရာဖြင့် ထပ်မံ သေဆုံး သွားတယ်လို့သိရပါတယ်။

Source – ဧရာဝတီတိုင်းမ်

Author: