တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
မေလ ၂၄ ရက်ကနေ ၃၀ ရက်နေ့အထိ တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြလိုက်ပါတယ်။
ဒါယိကာမကို ဓားဖြင့်ခုတ်သတ်ခဲ့တဲ့ ကျောင်းထိုင်ဘုန်းကြီးကို မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ အောင်ဘုန်းပြည့် ဘုန်းကြီးကျောင်းတွင် သိမ်ကျောင်းအလှူ ဒါယိကာမ အမျိုးသမီးတစ်ဦး ကို ဓားဖြင့် ၁၅ ချက်ထက်မနည်း ခုတ်သတ်ခဲ့တဲ့ ကျောင်းထိုင်ဆရာတော်ကို လူဝတ်လဲပြီး လှည်းကူးမြို့မ ရဲစခန်းမှာ မုဒိမ်းမှု၊ သာသနာတော်ညှိုးနွမ်းစေမှု၊ လူသတ်မှုစတဲ့ ပုဒ်မသုံးခုနဲ့ အမှုဖွင့်တရားစွဲဆိုထားပါတယ်။
သတ်ဖြတ်ခံရသူဟာ အသက် ၄၈ နှစ်အရွယ် ဒါယိကာမတစ်ဦးဖြစ်ပြီး အဆိုပါကျောင်းမှာ သိမ်နဲ့ ကားတွေ လှူဒါန်းထားသူ ဖြစ်သလို သူ့မိခင်မှာလည်း ထိုကျောင်းတွင် နေထိုင်ပြီး တရားအားထုတ်နေသူဖြစ်ပါတယ်။
ကျူးလွန်သူမှာ အောင်ဘုန်းပြည့်ဘုန်းကြီးကျောင်းမှ အသက် ၄၀ အရွယ် ကျောင်းထိုင်ဆရာတော် ဦးသမ္မာစာရ (ခ) ဦးသန်း ဦးဖြစ်ပြီး ဖြစ်ပွားသည့်နေ့ နံနက်ပိုင်းတွင် ဒါယိကာမ၏မိခင် နေမကောင်းကြောင်း ပြောဆို၍ မင်္ဂလာဒုံမြို့နယ်ရှိ ဒါယိကာမ ၏နေအိမ်မှာ ကိုယ်တိုင်လာရောက်ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
ကျောင်းရောက်ပြီးနောက် ဒါယိကာမကို သင်္ကန်းလျှော်ခိုင်းပြီး၊ မုဒိမ်းပြုကျင့်ရန် ကြိုးစားစဉ် ဒါယိကာမက ရုန်းကန်ခဲ့ပြီး မိခင် ဖြစ်သူက ဝင်ရောက်တားမြစ်ချိန်မှာ ကျောင်းထိုင်ဘုန်းကြီးက ဒါယိကာမအား မိခင်ရှေ့တွင်ပင် ဓားဖြင့်ခုတ်သတ်ခဲ့ပြီး ကား မောင်းကာ ထွက်ပြေးသွားခဲ့ပါတယ်။
ထွက်ပြေးသွားတဲ့ ကျောင်းထိုင်ဘုန်းကြီးကို လူသတ်မှုဖြစ်ပွားတဲ့ မေလ ၂၁ ရက်နေ့ ညပိုင်းမှာ အမြန်လမ်း ၁၅ မိုင်ဘုရားအနီး တွင် ဖမ်းဆီးရမိခဲ့သလို၊ လက်ရှိတွင် လူဝတ်လဲပြီး လှည်းကူးရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းကာ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)၊ မုဒိမ်းမှုနှင့် လူသတ်မှုပုဒ်မများဖြင့် အမှုဖွင့်ထားတာဖြစ်ပါတယ်။ Source – Mizzima
ကျောက်ထုတွင် ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးကို စစ်တပ်က အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့
မကွေးတိုင်းမြောက်ပိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကိုယ်ဝန် ဆောင်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၁၉ ရက်တွင် စစ်ကောင်စီလက်အောက်ခံ ကျောက်ထုအမြောက်တပ်ရင်း (အမှတ် – ၃၆၈) မှ ကျောက်ထုတိုက်နယ်၊ ကံ ကြီးကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ထီးလင်းမြို့နယ်၊ ညောင်ကန်ကျေးရွာမှ ကျောက်ထုတိုက်နယ်၊ ကံကြီး ကျေးရွာသို့ အလည်အပတ်ရောက်ရှိနေတဲ့ အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ငါးလရှိသူ အမျိုးသမီးတစ်ဦး ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။
ငါးရက်အကြာ မေလ ၂၃ ရက်မှာ ပျောက်ဆုံးနေတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးကို သေဆုံးလျက်တွေ့ရှိခဲ့ပြီး၊ လည်ပင်းပြတ်ရှ ဒဏ်ရာ၊ ညာဘက်ပေါင်တွင် သေနတ်ဒဏ်ရာတစ်ချက်၊ မျက်လုံးတစ်လုံး ထွက်ကျနေတဲ့အပြင်၊ အဓမ္မပြုကျင့်ခံထားရတဲ့ လက္ခဏာတွေကိုလည်း တွေ့ရှိရတယ်လို့ ဒေသခံတွေကပြောပါတယ်။ Source – MPA
ကျောက်ကြီးမြို့နယ် မင်္ဂလာပွဲ လေကြောင်းတိုက်ခိုက်ခံရမှု သတို့သမီးနဲ့ ကလေသူငယ်တွေသေဆုံး
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးရွာတွင် မင်္ဂလာပွဲကျင်းပနေစဉ် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံးကြဲခဲ့ ရာ သတို့သမီးအပါအဝင် သေဆုံးသူ ၁၂ ဦးအထိရှိလာပြီး ဒဏ်ရာရသူ ၃၀ ကျော်အနက် ထက်ဝက်နီးပါးမှာ ကလေးသူငယ် တွေ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်ပါတယ်။
သတို့သမီးဖြစ်သူ အသက်၂၂ နှစ်အရွယ် နော်ကမွီးဖော၊ အသက် ၅ နှစ်အရွယ် ကလေး ၂ ဦး အပါအဝင် ဒေသခံ ၈ ဦးမှာ ထိုနေရာတွင်ပင် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေထဲက ပြင်းထန်ဒဏ်ရာရသူ ၄ ဦး သေဆုံးခဲ့တဲ့အတွက် စုစုပေါင်းသေဆုံးသူ အရေအတွက် ၁၂ ဦးအထိ ရှိပါတယ်။
ထိခိုက်ဒဏ်ရာရသူ ၃၇ ဦးအနက် ၁၈ နှစ်အောက် ကလေးငယ် ၁၃ ဦးပါဝင်ပြီး အများစုမှာ ခြေထောက်၊ လက်၊ ပေါင်နှင့် ဦးခေါင်းတို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း KNU က အမည်နဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာမှာ မင်္ဂလာဆောင်အခမ်းအနားကို လေကြောင်းမှ တိုက်ခိုက်တဲ့အတွက် ဒေသခံ ၃၀ ကျော်သေဆုံးပြီး ဒါဇင်နှင့်ချီ ထိခိုက်ဒဏ်ရာခဲ့သလို ယခုနှစ် ဖေဖော်ဝါရီလကုန်တွင်လည်း မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆုံကုန်းရွာ ဘုန်းကြီးကျောင်းမှာ ပြုလုပ်တဲ့ မင်္ဂလာပွဲကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ Source – Myanmar Now
တောင်ကြီးနည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးကို မှတ်ပုံတင်စစ်ဆေးရာမှ PDF နှင့်ချိတ်ဆက်မှုရှိတယ်ဆိုပြီး ဖမ်းဆီး ခံရ
သျှမ်းပြည်၊ တောင်ကြီးနည်းပညာတက္ကသိုလ်သို့ တက်ရောက်ရန် ကျောင်းသူတစ်ဦး ခရီးသည်တင်ယာဉ်ဖြင့် ထွက်ခွာလာစဉ် နမ့်စန်မြို့အဝင် ထင်းရှူးမြိုင်စစ်ဆေးရေးဂိတ်၌ တက်ဘလက် Tablet ဖြင့် မှတ်ပုံတင် စစ်ဆေးခြင်းပြုလုပ်ခဲ့ပြီး အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)နဲ့ ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။
ထိုကျောင်းသူရဲ့ မှတ်ပုံတင်ကို စစ်ဆေးရာမှာ PDFတွေကို K pay ကနေ ငွေလွှဲထားတာကြောင့် ၂၀၂၂ ကတည်းက တရားစွဲဆို ခံထားရတဲ့စာရင်းမှာ ပါဝင်နေလို့ ဖမ်းဆီးခံရတာဖြစ်ပြီး ကာယကံရှင်ကတော့ သူ့ကို ၂၀၂၂ ကတည်းက တရားစွဲ ဆိုခံထားရ တာကို မသိရှိဘူးလို့ ဆိုပါတယ်။ Source – Shan News
မန္တလေးမြို့ ရတနာပုံစျေးအနီးက စားသောက်ဆိုင် မီးလောင်ပြီး အမျိုးသမီးလေးဦးသေဆုံး၊
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ရတနာပုံစျေးအနီး၊ ၇၇ လမ်း၊ ၃၃လမ်းနဲ့ ၃၄လမ်းကြားမှာ ဖွင့်လှစ်ထားတဲ့ Cowboy Bar စားသောက်ဆိုင် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီးလေးဦး သေဆုံးခဲ့ရပါတယ်၊
အဲဒီစားသောက်ဆိုင်ဟာ ငလျင်ဒဏ်ကြောင့် အဆောက်အအုံထိခိုက်ပျက်စီးမှု ရှိခဲ့ပြီးနောက် အခုဆိုင်ပြန်ဖွင့်ဖို့ ကြိုးစားနေ ချိန်မှာ မီးလောင်မှု ထပ်မံဖြစ်ပွားတာဖြစ်ပါတယ်။ သေဆုံးသူအမျိုးသမီးလေးဦးနဲ့ ပတ်သက်လို့ အသေးစိတ် မသိရသေးပေ မယ့် ဆိုင်ဝန်ထမ်းတွေဖြစ်မယ်လို့ နီးစပ်သူတွေကဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၂ ရက်ကလည်း မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ဘောဂဝတီအုပ်စု၊ ဆီဆုံရပ်ကွက်မှာ နေအိမ်မီးလောင် မှုဖြစ်ပွားခဲ့ပြီး အသက်ကြီးပိုင်းအရွယ် အမျိုးသမီးလေးဦး သေဆုံးခဲ့ပါသေးတယ်။ Source – Mandalay Free Press -MFP
အသက်သုံးနှစ်အရွယ်ပျောက်ဆုံးမိန်းကလေးငယ်ကို အလောင်းသာပြန်တွေ့
လှိုင်သာယာအနောက်ပိုင်း ရခိုင်ရိုးလေးကျေးရွာမှာ မေ ၂၇ ရက်နေ့ ညနေပိုင်းက ပျောက်ဆုံးသွားတဲ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်ကို နောက်တနေ့မနက်မှာ ငွေပင်လယ်စက်မှုဇုန်နား ရေမြောင်းစပ်မှာ နားကပ်ဖြတ်ယူပြီး ရေနစ်သတ်ထားတဲ့ အနေအထားနဲ့ အလောင်းပြန်တွေ့ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်က အိမ်ငှားချင်တယ်လို့ဆိုတာကြောင့် ကလေးဖခင်မှာ ရွာထဲကို သွားမေးနေချိန်၊ ကလေးနဲ့ ဦးလေးဖြစ်သူတို့ မုန့်သွားဝယ်တဲ့နောက် ထိုအမျိုးသမီးက လိုက်သွားကာ အိမ်မှာ ပိုက်ဆံအိတ်ကျန်ခဲ့တဲ့တယ်ဆိုပြီး ဉီးလေးဖြစ်သူကို ပြန်ယူခိုင်းကာ ကလေးကိုခေါ်ဆောင်သွားခဲ့ပါတယ်။
ကလေးကို နားကပ်ဆွဲဖြုတ်ယူပြီး ရေနစ်သတ်ထားတဲ့ပုံစံနဲ့ အလောင်းသာပြန်တွေ့ခဲ့ရပြီး လတ်တလောမှာ ပြစ်မှုကျူးလွန် သူ အမျိုးသမီးကို မိသားစုဘက်က အမှုဖွင့်ထားတာကြောင့် သောင်ကြီးနယ်မြေရဲစခန်းက ဖမ်းဆီးဖို့လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၂၀ ရက်ကလည်း ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မဟာစေတီ ၃ လမ်းမှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် ယောကျာ်း လေးတစ်ဦးကို အမျိုးသား ၃ ယောက်က ပြန်ပေးဆွဲပြီး သတ်ဖြတ်ခဲ့တဲ့ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။ Source – DVB
PDF ဒုတပ်ရင်းမှူးဇနီးဖြစ်သူ CDM ရဲတပ်ဖွဲ့ဝင်ကို စစ်ကောင်စီတပ်ကပစ်သတ်
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် PDF အမှတ် ၁၆ တပ်ရင်းက ဒုတပ်ရင်းမှူးရဲ့ဇနီးလည်းဖြစ်တဲ့ CDM ရဲတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦး စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုခံရပြီး သေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေထံက သိရပါတယ်။
သေဆုံးသူမှာ ဒုတပ်ရင်းမှူး ကျော်မင်းသူ(ခ)ကျော်လေးရဲ့ဇနီး မမေသက်ဝေဖြစ်ပြီး ၎င်းတို့ ၂ ဦးဟာ ဆောမြို့နယ်၊ ကံကြီး ကုန်းကျေးရွာမှာရှိနေချိန် မေ ၁၉ ရက်နေ့က အင်အား ၈၀ ခန့်ပါ ကျောက်ထုအခြေစိုက် အမတ ၃၆၈ စစ်ကောင်စီတပ်က ကျေးရွာအတွင်း စစ်ကြောင်းထိုးလာစဥ် ထွက်ပြေးရာက ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မမေသက်ဝေရဲ့ရုပ်အလောင်းကို မေလ ၂၃ ရက် မနက်ပိုင်းမှာ ဂန့်ဂေါခရိုင်အမှတ် ၁၅ တပ်ရင်းမှ တပ်မှူးနဲ့အဖွဲ့က ကံကြီးကုန်းကျေးရွာအနီး ရင့်ရဲကျေးရွာအပြင်ဘက် ရေမြောင်းအတွင်း တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီ နေ့ နေ့လယ်ပိုင်းမှာပဲ ရုပ်အလောင်းကို ထီးလင်းမြို့နယ်၊ ကျေးရွာတစ်ရွာမှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့သိရပါတယ်။
မမေသက်ဝေမှာ CDM အမျိုးသမီးရဲတပ်ဖွဲ့ဝင်ဖြစ်သလို ဂန့်ဂေါခရိုင်အမှတ် ၁၆ တပ်ရင်းရဲ့ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက် တာဝန်ခံအဖြစ် ထမ်းဆောင်နေတာဖြစ်ပြီး သေဆုံးချိန်မှာ အသက် နှစ်နှစ်အရွယ်သား ၁ ဦး ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။ Source – မြေလတ်အသံ
ခင်ပွန်းက ဓါတ်ဆီလောင်းမီးရှို့လို့ ဇနီးဖြစ်သူသေဆုံး
ပဲခူးတိုင်း၊ သနပ္ပင်မြို့နယ်၊ မကြက်စုကျေးရွာမှာ မေ ၂၄ ရက်ညပိုင်းက အသက် ၁၈ နှစ်အရွယ် အမျိုးသမီးကို ခင်ပွန်းဖြစ်သူ က ဓာတ်ဆီလောင်းမီးရှို့ခဲ့တဲ့အတွက် သေဆုံးခဲ့ရပါတယ်။
မီးရှို့ခံရတဲ့ဒဏ်ကြောင့် အဆိုပါအမျိုးသမီးမှာ ပေါင်လည်မှစ၍ ခန္ဓာကိုယ်အထက်ပိုင်းတခုလုံး မီးလောင်ဒဏ်ရာတွေရရှိ ထားပြီး ပဲခူးဆေးရုံမှာ ဆေးကုသမှုခံယူနေစဥ် မေ ၂၅ ရက်ည ၈ နာရီခန့်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ပြစ်မှုကျူးလွန်သူ အမျိုးသားမှာ ယခင်ကတည်းက အမျိုးသမီးကို ရိုက်နှက်လေ့ရှိပြီး အွန်လိုင်းပေါ်မှာပျံ့နှံ့နေသလို ရည်းစား ထားလို့ ယောကျ်ားဖြစ်သူနဲ့ ရန်ဖြစ်ပြီး မီးရှို့ခံရတာမဟုတ်ကြောင်း ရွာခံတွေက ပြောပါတယ်။
ဓာတ်ဆီလောင်းမီးရှို့တဲ့ ခင်ပွန်းဖြစ်သူကို ဒေသခံတွေက ဖြစ်စဥ်ဖြစ်တဲ့ညတွင်းချင်းဖမ်းဆီးကာ သနပ္ပင်ရဲစခန်းကို အပ်နှံ ထားပြီး ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၆ (အပြင်းအထန်နာကျင်စေမှု) အရ ကနဦးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။ Source – မြေလတ်အသံ
အသက်မပြည့်သေးတဲ့ တူမကိုဦးလေးတော်စပ်သူက မုဒိမ်းပြုကျင့်ပြီးထွက်ပြေးနေ
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ စစ်တန်းရပ်ကွက်မှာ အဒေါ်ရဲ့ယောကျ်ားဖြစ်သူက တူမဖြစ်သူကို မုဒိမ်းပြုကျင့်ပြီး နောက် ကျူးလွန်သူ တရားခံကို မေ ၂၉ ရက်အထိ အရေးယူဖမ်းဆီးမှုမရှိတဲ့အတွက် ထွက်ပြေးလွတ်မြောက်နေပါတယ်။
အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်ကို မေ ၂၆ ရက်ညမှာ ဦးလေးဖြစ်သူက မုဒိမ်းကျင့်တာကြောင့် အမျိုးသမီးငယ်က ရုန်းကန်အော်ဟစ်ရာမှာ ခေါင်းအုံးနဲ့ဖိထားလို့ သတိပါလစ်ခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိသူ အမျိုးသမီးတစ်ယောက်က ပြောပါ တယ်။
နောက်တစ်ရက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတိုင်ပြီး ရဲစခန်းကို သွားရောက်တိုင်ချက်ဖွင့်ရာ ရဲစခန်းမှ ဆေးစစ်ချက်တွေ ယူသွားပေမယ့် ကျူးလွန်သူကို ဖမ်းဆီးတာ မရှိတဲ့အတွက် ကျူးလွန်သူမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာဖြစ်ပါတယ်။
မုဒိမ်းမှုကျူးလွန်သူတရားခံက မိန်းကလေးငယ်ကို သူမုဒိမ်းကျင့်တာ တခြားသူတွေကိုပြောရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက် ခဲ့တာကြောင့် အခုလိုတရားခံလွတ်မြောက်နေတာက ကျူးလွန်ခံရသူအတွက် လုံခြုံရေးကိုပါ စိုးရိမ်နေရပါတယ်။ Source – DVB
စေတုတ္တရာမှာ အမျိုးသမီး ၅ ဦးအပါ အဝင်လူ ၈ ဦးဖမ်းဆီးခံရ
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ ပွင့်တောက်ရွာအနီး မုန်းချောင်းစက်လှေဆိပ်မှာ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၃ စုစုပေါင်း လူ ၈ ဦးကို လက်နက်ကိုင်ဆောင်ထားသူတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ပျူစောထီးအားကောင်းတဲ့ လက်ပံကျင်းကျေးရွာမှာ နေထိုင်သူတွေဖြစ်ပြီး ကျေးရွာစက်လှေဆိပ်က နေ စေတုတ္တရာမြို့ကို သွားရောက်ဖို့ စက်လှေစောင့်ဆိုင်းနေစဥ် မေ ၂၅ ရက် မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရတာပါ။
ယင်းဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးတယ်လီဂရမ်ချန်နယ် News Of Myanmar မှာ ဖမ်းဆီးခံရသူ တွေက စေတုတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ပညာရေးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေဖြစ်ပြီး PDF တပ်ဖွဲ့ က ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဖော်ပြပါတယ်။
လက်ပံကျင်းရွာဟာ စေတုတ္တရာမြို့နယ်တွင်း ပျူစောထီးအားအကောင်းဆုံးရွာတခုဖြစ်ပြီး ကျေးရွာအတွင်းမှာ စစ်ကောင်စီ တပ်အင်အား ၅၀ ခန့်အပါအဝင် ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ ၁၀၀ ကျော် အထိုင်ချတပ်စွဲထားပါတယ်။ Source – မြေလတ်အသံ
- မိန်းမယူရင် စဥ်းစားဖို့လိုတယ် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ - 12/06/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 31/05/2025
- သားယောက်ျားလေးမလိုချင်တော့တဲ့ ရှမ်းပြည်အရှေ့ပိုင်းက ရန်ရှင်းရွာ - 19/05/2025