တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
မေလ ၁၈ ရက်ကနေ ၂၃ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။
အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာစဉ် နားခွင့်ပေးရန် ဥပဒေ ထိုင်းတွင် အတည်ပြု
ထိုင်းနိုင်ငံမှာ အမျိုးသမီးအလုပ်သမားတွေကို ဓမ္မတာလာစဉ် နားခွင့်ပေးတဲ့ ဥပဒေကို မေလ ၂၀ ရက်မှာ အတည်ပြု လိုက်ပါတယ်။ ဒီဥပဒေမှာ အမျိုးသမီးအလုပ်သမားတွေအနေနဲ့ နားခွင့်နဲ့ နားတဲ့ရက်အတွက် လုပ်အားခကို အလုပ် ရှင်တွေအနေနဲ့ပေးဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အမျိုးသမီးလစဉ်သုံး ကပ်ခွာတွေကိုလည်း အလုပ်ရုံအတွင်း အခမဲ့ထားရှိပေးဖိုးနဲ့ သန့်ရှင်းတဲ့ လက်သုတ်ပဝါတွေထားရှိပေးဖို့ စတဲ့အချက်တွေ ပြဌာန်ထားပါတယ်။ ထိုင်းနိုင်ငံ မှာ မြန်မာနိုင်ငံမှ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၂.၃ သန်းရှိတယ်လို့ ၂၀၂၄ ခုနှစ်က ထုတ်ပြန်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာအဖွဲ့ IOM စာရင်းမှာ ဖော်ပြထားပါတယ်။ Source – သံလွင်ခက်
၉ တန်းကျောင်းသူအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ ၂ ဦး သေဒဏ်ကြိုးမိန့်ချမှတ်ခံရ
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာမှာ အသက် ၁၆ နှစ်အရွယ် ၉ တန်းကျောင်းသူကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ အမျိုးသား ၂ ယောက်ကို မေလ ၂၂ ရက်က တောင်ငူခရိုင်တရားရုံးက သေဒဏ်ကြိုးမိန့် ပေးလိုက်ပါ တယ်။
တရားခံ သိန်းထိုက်အောင် (ခ) သားပုနဲ့ စည်သူနိုင် (ခ) မှဲ့ကြီး တို့ကို ရာဇသတ်ကြီးပုဒ်မ – ၃၀၂(၁)(ဂ)/၃၄ အရ စစ် ဆေးပြီး မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ အမိန်ချခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။
မတ် ၁၉ ရက်က တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာမြောက်ပိုင်းမှာ မိဘတွေ လုပ်ငန်းခွင်သွားနေတုန်း အိမ်မှာ ကျန်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် ၉ တန်းကျောင်းသူကို တရွာတည်းနေ အမျိုးသား ၂ ယောက်က အဓမ္မပြုကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ Source – DVB
ငလျင်နှင့် ပြည်တွင်းစစ်ကြောင့် ကလေးများသေဆုံးနေရကြောင်း Miss World အလှမယ် ထုတ်ပြော
မေလ ၂၁ ရက်နေ့က အိန္ဒိယနိုင်ငံ ဟိုင်ဒရဘာဒ်မြို့မှာကျင်းပနေတဲ့ Miss World ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအလှ မယ် ခီဆာခင်က ငလျင် နဲ့ ပြည်တွင်းစစ်အတွင်း စာသင်ကျောင်းတွေမှာ ကလေးတွေ သေဆုံးနေရကြောင်း ထုတ် ဖော်ပြောကြားခဲ့ပါတယ်။ Miss World ရဲ့ Head to Head Challenge တင်ဆက်မှုမှာ မြန်မာအလှမယ် ခီဆာခင်က “တို့ကျောင်း” ကဗျာဖြစ်တဲ့ “ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ၊ နေချည်မှာ ရွှေရည်လောင်း ငါတို့စာသင် ကျောင်း” ကဗျာကို ရွတ်ဆိုကာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ်၊ ခီဆာခင် ဟာ (၇၂) ကြိမ်မြောက် Miss World ပြိုင်ပွဲကို မြန်မာကိုယ်စားပြုအလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံထားရသူ ဖြစ်ပါ တယ်။ Source – Mizzima
လုပ်အားခတိုးတောင်းသည့် အမျိုးသမီးအလုပ်သမားခေါင်းဆောင်အချို့ ခြိမ်းခြောက်ခံနေရ
လုပ်ခလစာတိုးပေးဖို့ တောင်းဆိုတဲ့ ရန်ကုန်မြို့ရှိ စက်ရုံတချို့မှ အမျိုးသမီးအလုပ်သမားခေါင်းဆောင်တချို့ကို နောက်ကွယ်ကနေ ဖိအားပေး၊ ခြိမ်းခြောက်တာမျိုး ကြုံနေရတယ်လို့ အဲဒီအလုပ်သမားတွေဆီက သိရပါတယ်။
စက်ရုံတချို့မှာ လုပ်ခတိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုတာတွေရှိနေပြီး ဦးဆောင်သူတွေကို စက်ရုံကနေ အငြိုးထား အလုပ်ထုတ်တာအပြင် စစ်ကောင်စီလုံခြုံရေးအဖွဲ့အစည်းတွေက အလုပ်သမားရဲ့နေအိမ်အထိ သွားရောက်ဖိအား ပေးတာမျိုး ကြုံရတယ်လို့ အလုပ်သမားတချို့က ပြောပါတယ်။
True Green စက်ရုံက အလုပ်သမားသမဂ္ဂခေါင်းဆောင် ၄ ယောက်ကို အလုပ်ထုတ်ခဲ့တဲ့ ဖြစ်ရပ်လည်းရှိပြီး အလုပ် သမားတွေစုပေါင်းပြီး အလုပ်ပြန်ပေးဖို့ တောင်းဆိုတာကြောင့် အလုပ်ပြန်ခန့်လိုက်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိ ရန်ကုန်မြို့မှာ လုပ်ခတိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ စက်ရုံ ၅ ခုထက်မနည်းရှိနေသလို လုံခြုံရေး အကြောင်းပြချက်နဲ့ စစ်တပ်နဲ့ရဲခေါ်ပြီး ဖိအားပေးတာတွေ ကြုံနေရတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။ Source – DVB
ကြက်သွန်ဂိုထောင်ရှင်းလင်းဖို့ နေအိမ်ခေတ္တပြန်လာချိန် လေယာဥ်ဗုံးထိလို့ အမျိုးသမီး ၂ ဦး သေဆုံး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကန်ဆင့်ကျေးရွာကို စစ်ကောင်စီတပ်က မေလ (၁၉)ရက်နေ့က ဗုံးကြဲခဲ့တဲ့အတွက် ကျေးရွာအလယ်က ဘုန်းကြီးကျောင်းအနီးမှာရှိတဲ့ ဒေါ်မေရီမြင့်နေအိမ်နဲ့ ဦးမြင့်ခိုင်တို့နေအိမ်တွေပေါ်ကို ကျ ရောက်ပေါက်ကွဲခဲ့ပါတယ်။
စစ်ကောင်စီက ကန်ဆင့်ရွာကို မတ် ၂၀ ရက်မှာ ပထမအကြိမ်လေယာဥ်နဲ့ဗုံးကြဲလို့ အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး နောက် ရွာခံအများစုဟာ ကျေးရွာအနီးတောတောင်တွေနဲ့ ယာခင်းတွေမှာ သွားရောက်နေထိုင်ကြပြီး အလုပ်ကိစ္စ တွေရှိမှ ကျေးရွာအတွင်း ယာယီပြန်လည်နေထိုင်ကြတာပါ။
လေယာဥ်ဗုံးကျရောက်ပေါက်ကွဲတာကြောင့် ကြက်သွန်ဂိုဒေါင်ရှင်းလင်းဖို့ နေအိမ်မှာပြန်လည်ရောက်ရှိနေတဲ့ အသက် ၅၅ နှစ်အရွယ် ဒေါ်မေရီမြင့်နဲ့ အစ်မဖြစ်သူ အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ဌေးရီတို့ ၂ ဦးဟာ နေရာမှာ သေဆုံးသွားခဲ့ပြီး အသက် ၃၀ ကနေ ၆၀ ကြား အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ ဒဏ်ရာရခဲ့ကာ ဒဏ်ရာရသူ တွေအနက် အမျိုးသမီး ၁ ဦးက စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပါတယ်။ Source – မြေလတ်အသံ
လူငယ်အမျိုးသား၊ အမျိုးသမီးများ ပြင်ပထွက်ခွာခွင့် AA တားမြစ်
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အာရက္ခဒေသအတွင်းမှ စစ်မှုမထမ်းလို၍ နေရပ်စွန့်ခွာရန် ကြိုးပမ်းနေသူတွေကို စစ်ရေးအခြေအနေ တည်ငြိမ်တဲ့ အနေအထားရောက်တဲ့အထိ အာရက္ခဒေသအတွင်းမှ ထွက်ခွာခွင့်ပိတ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/ AA) က မေလ (၂၂)ရက်နေ့က ထုတ်ပြန်ပါတယ်။
အသက် ၁၈ မှ ၂၅ အရွယ် အမျိုးသမီးနဲ့ အသက် ၁၈ မှ ၄၅ နှစ်အတွင်း အမျိုးသားများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ AA ရဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်ကြောင့် စစ်မှုမထမ်းလိုတဲ့ လူငယ်၊ လူရွယ်တွေဟာ ရပ်ရွာအတွင်းမှ တိမ်းရှောင်မှုတွေရှိနေတယ်လို့ သိရပါတယ်။
AA ကျန်းမာရေးဌာနမှ ကုသမပေးနိုင်တဲ့ ပြင်းထန်ရောဂါသည် လူနာတွေနဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ လူနာတွေ ကလွဲလို့ မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) ပါအကျုံးဝင်သူတွေကို သွားလာခွင့်ပြုမည်မဟုတ်ဘဲ လက်ရှိတိုက်ပွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ အရေးပေါ်ကာလ ပြီးဆုံးချိန်အထိ ဒီလိုတားမြစ်ထားမယ်လို့ဆိုပါတယ်။ Source – Mizzima
သရက်ချောင်း၊ ပဲဒက်ရွာတွင် KNU ဖမ်းထားသည့် ရဲမှူးဇနီးနှင့် သမီးကို ပြန်လွှတ်ပေး
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာမှာ KNU တပ်မဟာ ၄၊ တပ်ရင်း ၁၂ က ဖမ်းဆီး ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲမှူးရဲ့ဇနီးနဲ့ သမီးဖြစ်သူတို့ကို ရပ်မိရပ်ဖတွေရဲ့ အာမခံချက်နဲ့ မေ ၂၀ ရက် မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပဲဒက်ရွာခံတွေက ပြောပါတယ်။
မေ ၁၆ ရက်မှာ KNU တပ်မဟာ ၄၊ တပ်ရင်း ၁၂ စစ်ကြောင်းမှူးထူးကပေါ်က ပဲဒက်ရွာမှာ ရောက်နေတဲ့ ရဲမှူးဇနီးနဲ့ သမီးကို ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ အဆိုပါ ရဲမှူးရဲ့ မိန်းမဖြစ်သူမှာ ပဲဒက်ရွာသူဖြစ်ကာ ရဲမှူးက NLD အစိုးရ လက် ထက် ပဲဒက်ရွာမှာ တာဝန်ကျဖူးပြီး အခုလက်ရှိမှာတော့ ပဲခူးတိုင်းတနေရာမှာ တာဝန်ထမ်းဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ Source – Dvb
အုတ်ဖိုတွင် ဇနီးကို အပိုင်းပိုင်း ခုတ်သတ်သူအား PDF ဖမ်းဆီးမိ
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ ဇနီးကို အပိုင်းပိုင်းခုတ်သတ်ကာ ထွက်ပြေးသွားသူကို PDF တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ ပါတယ်။ မေလ ၁၇ ရက်နေ့က အုတ်ဖိုမြို့နယ်၊ ဆယ်ရွာတိမ်မြုပ်ချောင်းကမ်းအနီးရှိ နေအိမ်မှာလင်မယားချင်း စကားများရန်ဖြစ်ရာမှ အသက် ၂၈ နှစ်အရွယ် ဇနီးဖြစ်သူ မပူတူးကို ခင်ပွန်းဖြစ်သူ ကိုမိုးသဲက ဓားဖြင့် အပိုင်းပိုင်း ခုတ်သတ်ခဲ့ ပြီး ထွက်ပြေးသွားရာ အဲ့ဒီနေ့ညနေမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ငါးက သတင်းထုတ်ပြန်ပါတယ်။
ကိုမိုးသဲသွားနိုင်မယ့် နေရာတွေကို ပိတ်ဆို့ဖမ်းဆီးခဲ့ရာ တုံ့ပြန်ခြင်းမရှိဘဲ အဖမ်းခံခဲ့ပြီး စစ်မေးရာမှာလည်း ဝန်ခံခဲ့ တယ်လို့သိရပါတယ်။ လက်ရှိမှာ ကိုမိုးသဲကို သာယာဝတီခရိုင် တပ်ရင်းက ထိန်းသိမ်းထားပြီး NUG အစိုးရရဲ့တာဝန် ရှိသူတွေထံ လွှဲပြောင်းပေးအပ်မယ်လို့သိရပါတယ်။ Source – Myanmar Press Photo Agency
AA ကို ကျေးဇူးတင်ကြောင်း စကစ တပ်ရင်းမှူးဇနီးပြော
ကောင်းမွန်စွာ စောင့်ရှောက်ပေးခဲ့တဲ့ အာရက္ခတပ်တော် (AA)ကို ကျေးဇူးတင်တယ်လို့ စစ်ကောင်စီတပ်ရဲ့ မြောက် ဦးမြို့အခြေစိုက် ခမရ (၅၄၀) တပ်ရင်းမှူးရဲ့ ဇနီးဒေါ်မေသူဝင်းက ပြောပါတယ်။
မြောက်ဦးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ သုံ့ပန်းမိသားစုဝင်တွေအနက် ၁၈၄ ဦးကို AA က မေလ (၁၉) ရက်နေ့က ပြန်လွှတ်ပေးခဲ့ရာ လွတ်မြောက်လာတဲ့ ဒေါ်မေသူဝင်းက အခုလိုပြောကြားခဲ့တယ်လို့ အာရက္ခမင်းသမီး မီဒီယာမှာ ရုပ်သံဖိုင်နဲ့တကွဖော်ပြထားပါတယ်။
ခမရ (၅၄၀) မှ စစ်သုံ့ပန်းတွေအနေနဲ့ စိတ်ဓာတ်များစွာကျနေချိန်မှာလည်း AA ဘက်မှ လာရောက်အားပေးမှုတွေ ရှိပြီး ထိန်းသိမ်းခံထားရစဉ် ကြည့်ရှုပေးခဲ့တဲ့ AA တပ်တော်ရဲ့ စစ်မြေပြင် ဆရာမတွေကလည်း ကောင်းကောင်း မွန်မွန်စောင့်ရှောက်ပေးခဲ့တယ်လို့ ဒေါ်မေသူဝင်းကပြောပါတယ်။
မြောက်ဦးအခြေစိုက် ခမရ (၅၄၀) တပ်ရင်းကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကုန် ပိုင်းမှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်အများအပြားကိုလည်း သိမ်းဆည်းရရှိ ခဲ့ပါတယ်။ Source – Mizzima
ကျောက်ဆည်မြို့ နေအိမ်မီးလောင်မှု အမျိုးသမီးလေးဦး သေဆုံး
မေလ ၂၂ ရက်နေ့ က မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ဘောဂဝတီရပ်ကွက်ရှိ နေအိမ်တစ်လုံးမီးလောင်ရာ သား အမိ လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။ သေဆုံးသူတွေဟာ အသက်(၉၃)နှစ်အရွယ် ဒေါ်တင် အောင်၊ အသက်(၇၅)နှစ်အရွယ် ဒေါ်ထွေးထွေး၊ အသက်(၆၆) နှစ်အရွယ် ဒေါ်နွယ်နွယ်ဦးနဲ့ အသက်(၅၈)နှစ်အရွယ် ဒေါ်ခင်သူဇာတို့ ဖြစ်ပါတယ်။
ကျောက်ဆည်မြို့မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်တဲ့ အချက်အလက်အရ မီးလောင်မှုကို နာရီဝက်အတွင်း ငြိမ်းသတ် နိုင်ခဲ့သော်လည်း သေဆုံးသူလေးဦးရှိခဲ့တယ်လို့ဆိုပါတယ်။ မီးလောင်မှု ဖြစ်ပွားရသည့်အခြေအနေကိုတော့ ဖော်ပြ ခြင်း မရှိသေးပါဘူး။ Source – People’s Spring
- အကြမ်းဖက်ခံရမှုတွေနဲ့ ပိုမိုနှုတ်ဆိတ်လာတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေ - 24/06/2025
- အရွယ်မတိုင်ခင်ရေးခဲ့ကြတဲ့ သေတမ်းစာ - 22/06/2025
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 21/06/2025