ရှေးရိုးစွဲအယူအဆတွေကို တွန်းလှန်ဖို့လိုနေသေးတဲ့ ဓမ္မတာဖြစ်စဉ်နဲ့ လစဉ်သုံးပစ္စည်းတွေ
ထနောင်းမေ
မတ်လအတွင်း လှုပ်ခတ်ခဲ့တဲ့သဘာဝငလျင်ဘေးအတွက် အထောက်အပံ့ပစ္စည်းတွေ ရှာဖွေဝယ်ယူ ထောက်ပံ့ရာ မှာအမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို အမျိုးသားလူငယ်တွေက ဝယ်လှူတဲ့အပေါ် လှူစရာရှားလို့လားဆိုတဲ့ဝေ ဖန်ပြောဆိုမှုတချို့ရှိခဲ့ပါတယ်။
ဒီအပေါ်မှာအများစုကဒါဟာရှက်စရာမဟုတ်ကြောင်း၊ တကယ့်လိုအပ်ချက်တစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်း သိ ရှိနားလည်ကြသူတွေလည်းရှိပါတယ်။
အမျိုးသမီးဝတ်ထဘီ၊ ရာသီသွေးစတာတွေဟာ ရှေးရိုးစွဲအယူအဆများလွန်းလှတဲ့ မြန်မာ့လူမှုအသိုင်းအဝိုင်း အတွက်ဆေးခါးကြီးသဖွယ်ဖြစ်နေတုန်းပါပဲ။
ပြစ်မှုသဖွယ်ဆက်ဆံခံနေရတဲ့ ရာသီသွေးနဲ့ လစဉ်သုံးပစ္စည်းများ
မြန်မာလူထုဟာ ဖိုဝါဒကြီးစိုးမှု၊ ရှေးရိုးစွဲအယူအဆတွေနဲ့ ကြီးပြင်းခဲ့ရတာကြောင့် အမျိုးသမီးတွေကိုတစ်ဆင့်နိမ့် ခွဲခြားဆက်ဆံခဲ့ကြပြီး အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အသုံးအဆောင်တွေဖြစ်တဲ့ ထဘီတွေ၊ အဝတ်အစားတွေ ကဘုန်းနိမ့်တာ၊ အမျိုးသမီးအသုံးအဆောင်တွေက ရှက်စရာကောင်းတာ၊ အမျိုးသမီးရာသီသွေးကရွံစရာ ကောင်းတာစတဲ့ အယူအဆအစွဲတွေနဲ့ ယှဉ်တွဲနေထိုင်ခဲ့ကြရပါတယ်။
အမျိုးသမီးငယ်တွေ ပထမဆုံးဓမ္မတာလာတဲ့ ဖြစ်စဉ်မှာကတည်းက ဒါကဖုံးကွယ်ထားစရာ၊ ရှက်စရာကိစ္စတစ်ခု သဖွယ်သွန်သင်ခံခဲ့ကြရပါတယ်။
မိသားစုထဲမှာတောင်ဓမ္မတာလာတဲ့ဖြစ်စဉ်ကို မိခင်ဖြစ်သူကိုသာပြောပြပြီး ဖခင်ဖြစ်သူနဲ့ တခြားအမျိုးသား မိသားစုဝင်တွေကိုဖုံးကွယ်ထားတဲ့ ဖြစ်ရပ်တွေလည်းရှိပါတယ်။
အမျိုးသမီးငယ်တွေဟာ ကျောင်းနေအရွယ်မှာ အိမ်သာသွားတဲ့အခါ လစဉ်သုံးပစ္စည်းကို စာအုပ်နဲ့ ဖွက်ပြီး ယူသွား ရတာ၊ လုံချည်မှာစွန်းမှာကို စိုးရိမ်တာစတဲ့ ရှက်ရွံ့စရာအဖြစ်အပျက်အနေနဲ့ ကြီးပြင်းလာခဲ့ကြရပါတယ်။
လစဉ်သုံးပစ္စည်းဝယ်တဲ့အခါမှာလည်း သတင်းစာစက္ကူအိတ်၊ ပလတ်စတစ်အိတ်အမည်းတို့နဲ့ ဖွက်ပြီးဝယ်ယူကြ ရပါတယ်။ ဈေးဆိုင်မှာအရောင်းဝန်ထမ်းက အမျိုးသားဖြစ်နေရင်လည်း မဝယ်ရဲကြတာမျိုးအထိရှိခဲ့ကြပါတယ်။
လစဉ်သုံးပစ္စည်းကို မှောင်ခိုပစ္စည်းသဖွယ်အသုံးပြုခဲ့ရပါတယ်။ ဓမ္မတာလာတဲ့အခါမှာလည်း ဖုံးကွယ်ဝှက်နေကြ ရပြီး ရာသီသွေးဆင်းနေတဲ့အကြောင်းကိုတောင် သူ့စကားလုံးအဓိပ္ပာယ်အတိုင်း အတိအကျမပြောရဲခဲ့ကြပါဘူး။ “ငါဟိုဟာတွေ ဖြစ်နေတယ်”၊ “ထဘီလာနေတယ်”လို့ သွယ်ဝိုက်ပြောဆိုကြပါတယ်။ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ် တစ်ခုကို ရာဇဝတ်မှုကျူးလွန်သူသဖွယ်ပြုမူနေထိုင်ခဲ့ကြရပါတယ်။
ရှေးရိုးစွဲအယူအဆတွေကကြားက ရာသီသွေးနဲ့ လစဉ်သုံးပစ္စည်းများ
လစဉ်ဖြစ်ပေါ်နေတဲ့ ရာသီသွေးနဲ့ပတ်သက်ပြီး လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးဆိုင်ရာကန့်သတ်ချက်တွေဟာ ကမ္ဘာလူဦးရေ ၅၀ ရာခိုင်နှုန်းရဲ့ ဘဝနေထိုင်မှုအပေါ် အနှုတ်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေခုထိ ရှိနေပါသေးတယ်လို့ စစ်တမ်းတွေကဆိုထားပါတယ်။
ဓမ္မတာလာမှုကို”ကျိန်စာ” ၊ “ညစ်ပတ်တဲ့ အနီရောင်”လို့ ခိုင်းနှိုင်းဖော်ပြထားပြီး ဓမ္မတာလာနေတဲ့ အမျိုးသမီးတွေ ကို ရူးသွပ်တဲ့ကာလရောက်နေတယ်လို့ ၁၉၄၈ ခုနှစ်တုန်းက စာတမ်းတစ်ခုမှာ ဆိုထားပါတယ်။
ရာသီသွေးနဲ့ ပတ်သက်ပြီးတော့လည်း မြောက်မြားစွာသော အယူအဆအလွဲတွေနဲ့ ယှဉ်တွဲနေထိုင်နေကြရသလို အရပ်ပြော အယူအဆတွေကလည်း ရာသီသွေးနဲ့ လစဉ်သုံးပစ္စည်းတွေအပေါ်ကန့်သတ်မှုတွေရှိနေပါသေးတယ်။
ဗေဒင်ယတြာ အထက်လမ်း၊ အောက်လမ်းစတဲ့ လမ်းစဉ်တွေမှာလည်း အမျိုးသမီးတွေရဲ့ ဓမ္မတာဖြစ်စဉ်ကို ယုတ် ညံ့တယ်၊ ဘုန်းနိမ့်စေတယ်၊ အောက်လမ်းအစီအရင်အဖြစ် အသုံးပြုသတ်မှတ်ကြတာမျိုးကလည်း ဒီနေ့ခေတ် အထိကိုရှိနေတုန်းပါပဲ။
ဓမ္မတာလာစဉ်မှာ အိမ်ရှေ့ဘုရားခန်းကိုမလာရတာ၊ ဘုရားပေါ်မတက်ရတာ၊ ဥပုသ်မယူရတာ၊ အိမ်ထဲက အိမ်ပြင် မထွက်ရတာ၊ ယောက်ျားလေးတွေနဲ့ မကစားရတာ၊ ဘုရားပန်းမကပ်ရတာ၊ ခေါင်းမလျှာ်ရတာ၊ အစားအသောက် ရှောင်ရတာစတဲ့ ကန့်သတ်မှုတွေလည်းရှိပါတယ်။
အမျိုးသမီးငယ်တွေအနေနဲ့ ပုံမှန်အချိန်ထက်စောပြီး ဓမ္မတာစောစောလာတဲ့အခါမှာလည်း ခန္ဓာကိုယ်စောစောဖွံ့ ဖြိုးတာ၊ ဟော်မုန်းအတက်အကျ အပြောင်းအလဲအရမ်းမြန်တာစတဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်လို့မမြင်ဘဲလူ ကြီးစိတ်ဝင်နေလို့၊ လိင်မှုကိစ္စစိတ်ဝင်စားလို့ စတဲ့စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ရလေ့ရှိကြပါတယ်။
စစ်တမ်းတွေအရ မိန်းကလေးတွေဟာ ပျှမ်းမျှအားဖြင့် အသက် ၁၂ နှစ်လောက်မှာ ဓမ္မတာစပေါ်ကြပေမဲ့ အသက် ၁၀ နှစ်ကနေစပြီးဓမ္မတာစပေါ်တတ်ပါတယ်။
အမျိုးသမီးငယ်တွေကိုမှန်ကန်တဲ့ မျိုးဆက်ပွားကျန်းမာရေး၊ လိင်ပညာပေးစနစ်တကျသွန်သင်တာမျိုးမရှိခဲ့ဘဲ ဓမ္မတာလာနေစဉ် ယောကျာ်းလေးတွေနဲ့ ထိတွေ့မိရင် ကိုယ်ဝန်ရစေနိုင်တယ်ဆိုတဲ့ မှားယွင်းတဲ့ အသိမျိုးပေးခဲ့ကြ ပါတယ်။ ဓမ္မတာဖြစ်စဉ်ကို ပြစ်မှုကျူးလွန်မှုသဖွယ်ခွဲခြားဆက်ဆံခံခဲ့ရပါတယ်။
လစဥ်သုံးပစ္စည်းတွေထဲမှာ Pad၊ tampons ၊ Menstrual Cup ရာသီခွက်နဲ့ ပြန်သုံးနိုင်တဲ့ အ၀တ် အထည် တွေ များစွာရှိပါတယ်။ ဒီနေ့ခေတ်မှာ ရွေးချယ်စရာအမျိုးအစားပေါင်းများစွာရှိနေပေမယ့် Pad (အမျိုးသမီးလစဉ်သုံး) လောက်သာအသုံးများပြီး မိန်းမကိုယ်ထဲထည့်သွင်းအသုံးပြုရတဲ့ tampons ၊ Menstrual Cup ကိုအသုံးပြုမှု နည်းပါးနေကြပါသေးတယ်။
အကြောင်းကတော့ အပျိုရည်ပျက်မှာစိုးတာ၊ ရှက်စရာကောင်းတာစတဲ့ ဖိုဝါဒကြီးစိုးမှုနဲ့ ရှေးရိုးစွဲအယူအဆတွေ ရဲ့လွှမ်းမိုးမှုကြောင့်ဖြစ်ပါတယ်။ ဒီအယူအဆတွေကလည်း လစဉ်သုံးပစ္စည်းတွေအပေါ်မှာ အကန့်အသတ် ဖြစ်စေ ပါတယ်။
ကမ္ဘာဦးခေတ် အစောဆုံးမှာလည်း Tampon နဲ့ သဏ္ဍာန်တူတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို သစ်ရွက်၊ မြက် ပင်၊ သိုးမွေး၊ စက္ကူတွေနဲ့ ပြုလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။
ရာသီသွေးနဲ့ ပတ်သက်ပြီး မပြုလုပ်သင့်တဲ့လှောင်ပြောင်မှု
အမျိုးသားတယောက်ယောက်က စိတ်တိုလွယ်တာ၊ စကားမတည်တာစတာတွေ ပြုမူတဲ့အခါမှာလည်း “ဒီကောင် ရာသီလာနေတာလား”ဆိုတဲ့ ခိုင်းနှိုင်းပြောဆိုမှုတွေရှိပါတယ်။
ရာသီလာခြင်းဟာ မကောင်းတဲ့အပြုအမူသဖွယ်ခွဲခြားနိမ့်ချပြီး သုံးနှုန်းလေ့ရှိပါတယ်။
ရာသီလာတယ်ဆိုတာဟာအမျိုးသမီးတွေရဲ့ ဇီဝကမ္မဖြစ်စဉ်တစ်ခုသာဖြစ်ပြီး နှိမ့်ချစရာ၊ ခွဲခြားစရာ၊ လှောင် ပြောင်စရာကိစ္စတရပ်မဟုတ်ပါဘူး။
ဓမ္မတာလာချိန်မှာ အမျိုးသမီးတစ်ဦးဟာ ဟော်မုန်းကြောင့် စိတ်ခံစားမှုအတက်အကျ၊ ပြင်းထန်လာတာကိုလည်း ပြဿနာမရှိ ပြသနာရှာနေသူသဖွယ်လူ့အသိုင်းအဝိုင်းကသတ်မှတ်ကြပါတယ်။
ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်မကြည်တာ၊ စိတ်အတက်အကျကြမ်းတာကို ဟာသသဖွယ်၊ စနောက်စရာ သဖွယ်ပြုမူခြင်းတွေက မရှိသင့်တော့တဲ့ အပြုအမူတွေဖြစ်ပါတယ်။
လစဉ်သုံးပစ္စည်းလုံလောက်မှုမရှိပါက အမျိုးသမီးတွေအပေါ် ဘယ်လိုဆိုးကျိုးတွေဖြစ်နိုင်သလဲ
ရှေးရိုးစွဲအယူအဆတွေကြောင့် အမျိုးသမီးဝတ်အတွင်းခံတွေကို လူမြင်ကွင်းမှာထုတ်လှန်းဖို့မဝံ့ရဲကြပဲ နေရောင် ခြည်ကောင်းစွာမရဘဲ သန့်ရှင်းမှုအားနည်းတဲ့အတွက် မလိုလားအပ်တဲ့ရောဂါတွေဖြစ်စေပါတယ်။
သန့်ရှင်းမှုအားနည်းတဲ့အတွက် အမျိုးသမီးမွေးလမ်းကြောင်းပိုးဝင်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာ၊ မှိုစွဲတာ၊ မိန်းမကိုယ်အနံ့ဆိုးထွက်တာ၊ ယားယံတာတွေ၊ နောက်ဆက်တွဲအနေနဲ့ကလေးမရတာ၊ ကလေးမွေးဖွားစဉ်မှာ နောက်ဆက်တွဲပြသာနာတွေ ကြုံရတာ၊ သားအိမ်ခေါင်းကင်ဆာဖြစ်စေပြီး အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ်။
ရာသီသွေးဆိုင်ရာ ထောက်ပံ့မှုနည်းပါးတဲ့အတွက် အမျိူးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးထိခိုက်ရုံတင် မကပဲ ဓမ္မတာလာခြင်းဖြစ်စဉ်နဲ့ ကိုယ့်ခန္ဓာကိုယ်အပေါ် ရှက်ရွံ့စိတ်ဝင်တာ၊ စိတ်ဓာတ်ကျတာစတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုပါခံစားကြရပါတယ်။
လေ့လာချက်တွေအရ အမျိုးသမီးငယ်တွေကို လစဉ်သုံးဂွမ်းထုပ်ပေးဝေခြင်းက လိင်ပိုင်းဆိုင်ရာရောဂါကူးစက် ခြင်းနဲ့ မိန်းမကိုယ်ပိုးဝင်ခြင်းကို သိသိသာလျော့ကျစေပါတယ်။
သုတေသနပြုချက်အရ ကမ္ဘာတစ်ဝှမ်းရှိအမျိုးသမီးတွေရဲ့ ၅၆.၄ ရာခိုင်နှုန်းဟာဓမ္မတာလာစဉ် တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတဲ့အတွက် လိင်အင်္ဂါအဖုအပိန့်တွေ မကြာခဏဖြစ်ပွားတတ်ကြတယ်လို့သိရပါတယ်။
စစ်ဘေး၊ သဘာဝဘေးမှာ လစဉ်သုံးပစ္စည်းလိုအပ်မှုကိုမေ့မထားဖို့လို
ရှာဖွေတွေ့ရှိချက်တွေအရ ကမ္ဘာ့လူဦးရေ ရဲ့ (၂.၃) ဘီလျံဟာလစဉ်သုံး ပစ္စည်းရှားပါးမှုကို ရင်ဆိုင်နေရပါတယ်။
ဓမ္မတာလာစဉ်မှာ အမျိုးသမီးတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထူးဂရု ပြုသင့်တယ်ဆိုပေမယ့် ရေဘေးသင့်တာ၊ မြေငလျင်ကြောင့် အိုးအိမ်ပျက်စီးတာ၊ စစ်ဘေးရှောင်နေရတာ၊ တော ထဲမှာလက်နက်ကိုင်တိုက်ပွဲဝင်နေရတဲ့ အမျိုးသမီးတွေအတွက်တော့ ကျန်းမာရေးဂရုပြုဖို့မဆိုထားနဲ့ လစဉ်သုံး ပစ္စည်းအလုံအလောက်ရဖို့တောင် အလှမ်းဝေးနေတဲ့အနေအထားဖြစ်ပါတယ်။
စစ်ဘေးသင့်ဒေသကအမျိုးသမီးတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးရဲမေတွေဟာ လစဉ်သုံးပစ္စည်း လိုအပ်ချက်မြင့်မားလျက်ရှိတာကို တပ်ဖွဲ့တွေရဲ့ ကမ်ပိန်းအစီအစဉ်တွေကညွှန်ပြနေပါတယ်။
သဘာဝဘေးနဲ့ စစ်ပဋိပက္ခဒေသတွေတင်မကဘဲ မြို့ကြီးတွေမှာနေထိုင်တဲ့ အမျိုးသမီးတွေအနေနဲ့လည်း စီးပွား ရေးကျဆင်းမှုကြောင့် လစဉ်သုံးပစ္စည်းအသုံးပြုမှုမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ပုံမှန်အခြေအနေမှာတောင် အတားအဆီးတွေများစွာကြားမှာ အသုံးပြုနေကြရတဲ့ လစဉ်သုံးပစ္စည်းတွေဟာ ပဋိ ပက္ခအခြေအနေနဲ့ သဘာဝဘေးမှာပိုလို့တောင်ခက်ခဲစေပါတယ်။
အတွေးအခေါ်အယူအဆပြောင်းလဲလာတဲ့ ဒီနေ့ခေတ်မှာတော့ ဓမ္မတာဖြစ်စဉ်ကို အသိပညာပေးရေးသားမျှဝေ တာတွေများလာခဲ့ပြီး အယူအဆအမှားတွေကို ထောက်ပြလာတာတွေကြောင့် ဓမ္မတာဖြစ်စဉ်နဲ့ ပတ်သက်ပြီး အရင်ခေတ်တွေကလောက်တော့ ဆိုးဆိုးဝါးဝါးအမြင်တွေ မရှိတော့ပေမယ့်လူနည်းစုကတော့အတွေးအခေါ် ဟောင်းတွေကို မစွန့်လွှတ်နိုင်သေးပါဘူး။
လက်ရှိ သဘာဝဘေးမှာတော့ လစဉ်သုံးပစ္စည်းကို အခြေခံလိုအပ်ချက်ပစ္စည်းအဖြစ်ထည့်သွင်း စဉ်းစားလာတာ ဟာလည်း ကောင်းမွန်တဲ့ပြောင်းလဲမှုဖြစ်ပေမယ့် လိုအပ်ချက်တွေကတော့ မြင့်မားနေဆဲဖြစ်ပါတယ်။
အမျိုးသမီးတွေအတွက်အရေးကြီးတဲ့ ရာသီသွေးနဲ့ လစဉ်သုံးပစ္စည်းအသုံးပြုမှုကို အကန့်အသတ်နဲ့ သာရနေသေး တဲ့အခြေအနေမှာ ရှေးရိုးစွဲအယူအဆတွေကြောင့် ပိုပြီးအလှမ်းမဝေးသွားဖို့ သတိပြုသင့်ကြောင်းတိုက်တွန်း လိုက်ရပါတယ်။
ကိုးကားချက်များ
https://www.facebook.com/aniyaungyarthi
https://www.facebook.com/sowhatmm
https://www.facebook.com/VitaminsforSR