မန္တလေးနဲ့ စစ်ကိုင်းမှာ ဗလီကိုးလုံးပြိုကျမှုကြောင့် အစ္စလာမ်ဘာသာဝင် အမျိုးသမီး ၉၀ ဦးကျော်ထိခိုက်သေဆုံး

ရှင်ငြိမ်း

မန္တလေးနဲ့စစ်ကိုင်းမှာငလျင်ကြောင့် အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘုရားဝတ်ပြုကျောင်းဗလီကိုးလုံးပြိုကျပျက်စီးမှုမှာ အမျိုး သမီး ၉၀ ဦးကျော် အပါအဝင် အစ္စလာမ်ဘာသာဝင်စုစုပေါင်း ၂၃၅ ဦး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အစ္စ လာမ်အဖွဲ့တွေကပြောပါတယ်။     

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ အစ္စလာမ်ဘာသာဝင် စုစုပေါင်း ၅၀၀ ဦးသေဆုံးခဲ့တယ်လို့ ပြောထားပေမယ့် တကယ့် မြေပြင်စာရင်းတွေနဲ့တော့ ကွဲလွဲနေတာဖြစ်ပါတယ်။ ဗလီ ၉ လုံးပြိုကျမှုမှာပဲ အစ္စလာမ်ဘာသာဝင် ၂၅၀ နီးပါးသေဆုံး ထား တာလို့ဆိုပါတယ်။     

မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ပြင်းထန်ငလျင်ကြောင့် ဗလီတွေပြိုကျပြီး အမျိုးသမီး ၄၀ ဦးခန့် အပါအဝင် အစ္စလာမ်ဘာ သာဝင်စုစုပေါင်း ၁၁၀၀ ကျော် ပြင်းထန်ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးတွေအပါအဝင် အစ္စလာမ်ဘာသာဝင် ၂၈၀ ဦးခန့် သေဆုံးခဲ့တဲ့မန္တလေးတိုင်း၊ အမရပူရမြို့နယ်က ဗုံးအိုးကျေးရွာ အုပ်စုမှာ ဗလီ ၅ လုံးရှိတဲ့အနက် သုံးလုံးကတော့ အားလုံးပြိုကျခဲ့ပြီး ကျန်တဲ့ဗလီနှစ်လုံးကတော့ ထိခိုက်မှုအနည်းငယ်သာရှိခဲ့ပါတယ်။

ဓာတ်ပုံ – ဆရာလေး

“ကျနော်တို့ အစ္စလာမ်ဘာသာဝင်တွေအတွက် ဥပုဒ်လ(အမြတ်ဆုံးရက်)ဖြစ်နေတော့ ဘုရားဝတ်ပြုနေချိန်လည်းဖြစ်တော့ သေဆုံးထိခိုက်တဲ့သူတွေကတော့ အမျိုးသားတွေများပါတယ်။ အမျိုးသမီးကတော့ သေဆုံးဒဏ်ရာရသူက ၇၀ ဦးခန့်တော့ ရှိတယ်”လို့ ဗုံးအိုးကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးခင်မောင်သိန်းက ပြောပါတယ်။

ဗုံးအိုးကျေးရွာအုပ်စုက ဗလီတွေဟာသက်တမ်း ၅၀ နှစ်ရှိပြီဖြစ်တဲ့ ဗလီတွေဖြစ်ပြီး ငလျင်လှုပ်တဲ့အချိန်ကထောင်နဲ့ချီတဲ့ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုဘုရားရှိခိုးနေချိန်ဖြစ်ပါတယ်။

သေဆုံးရသူအများစုဟာ ပထမငလျင်လှုပ်တဲ့အချိန်မှာ ပိတ်မိ၊ ဖိမိနေတဲ့ကျန်ရစ်နေသူတွေကို ကယ်ထုတ်ဖို့ဝင်သွားရင်း ဒုတိ ယငလျင်ကြောင့် ထိခိုက်သေဆုံးရတာများပါတယ်။

“သူတို့ကိုကယ်ဖို့ ခဏနေဦး၊ တောင့်ထားဦးလို့ အော်နေပေမယ့် အုတ်ပုံဖြစ်နေတော့ ဝင်ပေါက်တွေက မရှိဘူး။ ကယ်ဖို့ ကိရိယာလည်းမရှိဘူး။ ကျတဲ့အတုံးကြီးက လူဆယ်ယောက်သယ်လို့မရနိုင်တဲ့ဟာတွေ။ အဲဒီလိုလုပ်ရင်း ကိုင်ရင်း ချက်ခြင်း သေတဲ့သူရှိသလို ကယ်ဆယ်ရေးအချိန်မမီလို့ သေသွားတဲ့သူတွေလည်းရှိတယ်”လို့ သူကဆက်ပြောပါတယ်။

ဓာတ်ပုံ – ဆရာလေး

တချို့ခန္ဓာကိုယ်တွေ ပြားကပ်နေလို့ အပုံထဲက ဆွဲထုတ်ရတယ်။ အဲဒီမှာအထဲမှာ ပိတ်မိတဲ့သူတွေကလက်တွေပြတ်၊ ခန္ဓာ ကိုယ်ကလည်း အသက်မရှုနိုင်တော့ဘူး။ တချို့အပြင်ကို ကယ်ထုတ်လို့ရတဲ့သူတွေကျတော့ ဆေးရုံ ဆေးခန်းတွေမှာ ပေါင် ဖြတ်လိုက်ရတဲ့သူနဲ့ လက်ဖြတ်လိုက်ရသူနဲ့ ခေါင်းတွေကွဲတဲ့သူ၊ အတွင်းကြေဒဏ်ရာသမားတွေတွေ့ရတယ်လို့ ဦးခင်မောင် သိန်းက ရှင်းပြပါတယ်။

သူတို့ရွာလမ်းတွေဟာလည်း ငလျင်ကြောင့်ပျက်စီးသွားတာတွေအတွက် ကူညီကယ်ဆယ်ရေးမရတာကြောင့် စက်ယန္တရား တွေ ဌားရမ်းပြီး ကိုယ်ထူကိုယ်ထကယ်ဆယ်ရေးတွေ လုပ်နေရတာဖြစ်ပါတယ်။ ငလျင်လှုပ်ပြီး လေးရက်မြောက်နေ့ထိ ဘယ်ကယ်ဆယ်ရေးမှ မလာသေးတာကြောင့် ဒေသခံတွေဟာ ကျေးရွာဘောလုံးကွင်းထဲမှာ ဖြစ်သလိုနေထိုင်နေရတာပါ။

“ငလျင်ကရုတ်တရက်လှုပ်တော့ ဘာပစ္စည်းမှမပါလာဘူး။ ခုကွင်းပြင်ထဲမှာနေကျက်ကျက်ပူတော့ အသက်ကြီးတဲ့သူတွေ မခံနိုင်ဘူး။ ပူလို့သေတဲ့သူတွေလည်းရှိတယ်။ ကျမအိမ်ပြိုသွားပေမယ့် စားစရာနဲ့ရေရှိလို့ တော်သေးတယ်။ ဘာမှမရှိတဲ့ သူတွေ အရမ်းခက်ခဲကြတယ်”လို့ ဟာဂျီမ ဒေါ်ဝါဝါသိန်းက ပြောပါတယ်။

လက်ရှိမှာ ငလျင်သင့်သူဒေသခံတွေအတွက် သောက်ရေနဲ့ စားစရာတွေလိုအပ်နေသလို ကွင်းပြင်မှာ ခင်းအိပ်ဖို့ ဖျာတွေ၊ ခြင် ထောင်တွေလည်း လိုအပ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေအတွက် အတွင်းခံတွေနဲ့ လစဉ်သုံးပစ္စည်းတွေလည်း အရေးပေါ်လိုအပ်နေပြီး ကလေးမွေးပြီးစ မိခင် တွေ၊ကိုယ်ဝန်ဆောင်တွေအတွက် ဆေးဝါးတွေလည်းလိုအပ်နေကြောင်း သူကဆက်ပြောပါတယ်။

ငလျင်ကြောင့် ကလေးမွေးပြီးစအမျိုးသမီးတွေလည်း နေပူထဲမှာနေရတဲ့အတွက် အဆင်မပြေမှုတွေရှိနေပြီး လနုသေးတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတချို့လည်း ငလျင်ကြောင့်ကိုယ်ဝန်ပျက်ကျတာတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။

အိမ်ခြေသုံးထောင်ကျော်ရှိပြီး လူဦးရေတစ်သောင်းကျော်ရှိတဲ့ ဗုံးအိုးကျေးရွာအုပ်စုဟာ အစ္စလာမ်ဘာသာဝင်တွေ အများစု နေထိုင်တဲ့ကျေးရွာဖြစ်ပါတယ်။

ဒါ့အပြင်ငလျင်ဒဏ်သင့်ခဲ့တဲ့ မန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ် ကံရွာမှာလည်း အစ္စလာမ်အမျိုးသမီးတွေအတွက် အတွင်းခံတွေနဲ့ အမျိုးသမီးလစဉ်သုံးတွေ အရေးပေါ်လိုအပ်နေကြောင်းဒေသခံတစ်ဦးကပြောပါတယ်။

ကံရွာဒေသခံအစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးဖြစ်တဲ့မမေဇွန်က “သောက်စရာရေလည်း အရမ်းခက်ခဲနေတယ်။ စား စရာလည်းမရှိဘူး။ ခြင်ဆေးတွေ၊ အမျိုးသမီးလစဉ်သုံးတွေနဲ့ အတွင်းခံတွေ လာလှူပေးကြပါအုန်း။ အလှူရှင်တွေ မလာလို့ အရမ်းကိုခက်ခဲလာလို့ လာလှူပေးကြပါ”လို့ ပြောပါတယ်။

လက်ရှိမှာ အစ္စလာမ်ဘာသာဝင်အမျိုးသမီးတွေဟာ အိမ်ပြိုလို့ကွင်းပြင်ကျယ်ထဲမှာ အများနဲ့စုနေရလို့အခက်အခဲများစွာရှိနေတာဖြစ်ပါတယ်။

“မိန်းကလေးတွေဆိုတော့ အခုမှရာသီလည်းလာတော့ လူကြားထဲအတွင်းခံမပါ၊ လစဉ်သုံးမရှိနဲ့ နေရတော့ ဘယ်မှမသွားလာ ရဲကြဘူး။ နေပူပူကွင်းပြင်ထဲမှာ ငုတ်တုတ်ထိုင်နေရတယ်။ ကျမတို့လည်း အိမ်ယာခင်းတွေ၊ ပုဆိုးတွေ၊ ထဘီဟောင်းတွေရ သလောက်လိုက်ဝေနေတယ်”လို့ မမေဇွန်က ပြောပါတယ်။

သူတို့တွေဟာကူညီကယ်ဆယ်ရေးတွေကို ကိုယ်တိုင်လုပ်ဆောင်နေရပြီး ငလျင်သင့်သူတွေဟာ ကွင်းပြင်ကျယ်တွေနဲ့ ရထား သံလမ်းဘေးတွေမှာ ဖြစ်သလိုနေထိုင်ရတာပါ။

ကူညီကယ်ဆယ်ရေးတွေမရတာကြောင့် အကူအညီတွေလည်းများစွာလိုအပ်နေတာဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် စားစရာ၊ ရေ၊ ခြင်ဆေး၊ ခြင်ထောင်၊ ဆေးဝါး၊ အမိုးအကာတွေနဲ့ အမျိုးသမီးလစဉ်သုံးတွေ အရေးပေါ်လိုအပ်နေတာပါ။

ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ဆရာလေးဆိုတဲ့အမျိုးသားတစ်ဦးက“တချို့မိန်းကလေးတွေကလန့်ပြီးခုမှဓမ္မတာ လာကြတာတွေရှိတယ်။ ပြေးလာကြတဲ့သူတွေမှာလည်း အဲဒါတွေမပါလာဘူး။ လှူတဲ့သူတွေလည်း အတွင်းခံတို့လစဉ်သုံး တွေမပါကြတော့ ဝယ်ဖို့ခက်တဲ့အနေအထားဖြစ်လို့ လာလှူစေချင်တယ်”လို့ ပြောပါတယ်။

အိမ်ထောင်စုပေါင်း ၁၅၀၀ ကျော်ရှိပြီး လူဦးရေပေါင်း ၇၅၀၀ ကျော်ရှိတဲ့ ကံရွာမှာ ငလျင်ကြောင့် အစ္စလာမ်ဘာသာဝင် အမျိုး သမီးနှစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးကာ လူဦးရေ ၅၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ – ဆရာလေး

နောက်စစ်ကိုင်းတိုင်း မင်းလမ်းရပ်မှဂျာမေ့အ်ဗလီကြီး ၃လုံး ပြိုကျပြီး အစ္စလာမ်ဘာသာဝင် အမျိုးသမီး ၂၁ ဦးအပါအဝင် ၄၇ ဦးသေဆုံးခဲ့ရပါတယ်။ ငလျင်ဒဏ်သင့်ခဲ့တဲ့ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးမွေးပြီးခါစအစ္စလာမ်ဘာသာဝင်အမျိုးသမီးတွေ အတွက် ဆေးဝါးနဲ့ စားစရာတွေ၊ ကလေးအနှီးတွေလည်း များစွာလိုအပ်နေတာဖြစ်ပါတယ်။

 “ကျမတို့ဘက်မှာ ကိုယ်ဝန်ဆောင်တွေ၊ ကလေးမွေးပြီးစ အမျိုးသမီးတွေပိုများတယ်။ သူတို့တွေအတွက် ဆေးတွေ၊ စားစရာ တွေ ကလေးအနှီးတွေလိုနေတယ်။ ငလျင်ကြောင့် ကိုယ်ဝန်ပျက်ကျတဲ့ အမျိုးသမီးတွေလည်းရှိတော့ ဆေးကုသမှုတွေလို တာပေါ့။ နောက်မိန်းကလေးတွေအတွက်လည်း အတွင်းခံနဲ့ လစဉ်သုံးတွေ လိုနေသေးတယ်”လို့ ပြောပါတယ်။

ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရတဲ့ စစ်ကိုင်းနဲ့ မန္တလေးမြို့မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ အများစုနေတဲ့ကျေးရွာတွေ မှာ ကူညီကယ်ဆယ်ရေးတွေမရောက်သေးတာကြောင့် အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေများစွာ အခက်အခဲဖြစ်နေရတာဖြစ်ပါတယ်။

Author: Shin Nyane