စံနှုန်းတွေကို ကျော်လွန်နေတဲ့ MDY-PDF အမျိုးသမီးစစ်သင်တန်းနည်းပြများ
ရှင်ငြိမ်း
ပြင်းလွန်းတဲ့နေရောင်အောက်က ကွင်းပြင်ကျယ်ကျယ်ကြီးထဲမှာ အမျိုးသားအများစုပါတဲ့ တပ်ရင်းတစ်ခုကို အမျိုးသမီးတစ်ဦးက ဦးဆောင်ကာစစ်ရေးလေ့ကျင့်ပေးနေတဲ့မြင်ကွင်းဟာ သာမာန်လို့ထင်ရပေမယ့် တကယ့် တော့ အင်မတန်ထူးခြားတဲ့မြင်ကွင်းပါ။
ဘာကြောင့်လဲဆိုတော့ မြန်မာ့လူမူအသိုင်းအဝိုင်းမှာ အမျိုးသမီးဆိုရင် စစ်ရေး၊ နိုင်ငံရေးတွေမှာ ပါဝင်ခွင့်မရတာ များပါတယ်။ ဒီမြင်ကွင်းကတော့ စစ်မက်ရေးရာမှာအင်မတန်အရေးပါတဲ့ အမျိုးသားတွေကိုဦးဆောင်နေသူက အမျိုးသမီးဖြစ်နေတာကထူးခြားမှုတစ်ခုပါ။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေး (MDY-PDF) ရဲ့ အမျိုးသမီးရဲဘော်တစ်ဦးက တပ်သားသစ်တွေကို အခြေခံစစ်သင်တန်းပေးနေတဲ့မြင်ကွင်းဖြစ်ပါတယ်။

မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ အမျိုးသမီးဆိုရင်သိမ်မွေ့ရမယ်။ စစ်ရေးနိုင်ငံရေးတွေမှာ ပါဝင်ခွင့်မရှိရဘူး။ အမျိုး သားတွေဆိုလည်း အိမ်ထောင်ဦးစီး ဦးဆောင်ရမယ်။ တိုက်ခိုက်နိုင်တဲ့သတ္တိရှိရမယ် စတဲ့စံနှုန်းသတ်မှတ်ချက်တွေ ရှိပါတယ်။
ဒီလိုသတ်မှတ်ချက်တွေကို ကျော်လွန်ပြီးနေထိုင်တဲ့သူကို လူ့အသိုင်းအဝိုင်းကနေ ဖယ်ကျဉ်တာ၊ သားဆိုး၊ သမီးဆိုးအဖြစ် စွန့်ပစ်တာမျိုးတွေလုပ်လေ့ရှိပါတယ်။ ဒါ့ကြောင့် အများစုကစံနှုန်းတွေကို မကျော်လွန်ရဲကြပါဘူး။
ဒါပေမဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးမှာတော့ အမျိုးသမီးတွေဟာ ဒီစံသတ်မှတ်ချက်တွေကို ကျော်လွန်ပြီး စစ်ရေး၊ နိုင်ငံရေးကဏ္ဍအသီးသီးမှာပါဝင်နေတာဖြစ်ပါတယ်။
အခုဆိုရင်အမျိုးသမီးတွေဟာ စစ်ရေးမှာပါဝင်လာပြီး အမျိုးသားတွေကို ဦးဆောင်တဲ့မြင်ကွင်းတွေမြင်လာရပြီ ဆိုပေမယ့် အပြည့်အဝတော့ ပါဝင်ခွင့်မရသေးပါ။ အမျိုးသမီးရဲဘော်အများစုက နောက်တန်းမှာ အားဖြည့်ကူညီရင်း တော်လှန်နေရဆဲဖြစ်ပါတယ်။
နောက်တန်းဆိုပေမယ့် အမျိုးသမီးတွေဟာ အဆင့်မြင့်တဲ့စစ်သင်တန်းနည်းပြနေရာမှာ တာဝန်ထမ်းဆောင်နေရ သူတွေရှိပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေး (MDY-PDF) မှ အမျိုးသမီးရဲဘော်တချို့ဆို အမျိုးသား ရဲဘော်တွေနဲ့ ယှဉ်ပြီး နည်းပြတာဝန်ထမ်းနေတာဖြစ်ပါတယ်။
နည်းပြတစ်ယောက်ဖြစ်ဖို့ဆိုတာ အမျိုးသားတွေအတွက်တောင် သိပ်မလွယ်ကူလှပါ။ စစ်ရေးပြ၊ တိုက်ခိုက်ရေးနဲ့ ပစ်ခတ်မှုစွမ်းရည်တွေအပြင် ရှေ့တန်းမှာ ဖမ်းဆီးမိတဲ့အခြေအနေကြုံရင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုကာကွယ်ရ မလဲ စတဲ့နည်းနာတွေကို အမျိုးသားတွေနဲ့တန်းတူ သင်ယူရတာဖြစ်ပါတယ်။
နောက်ဆုံးဖမ်းဆီးမိတဲ့အခါ ရဲဘော်တစ်ယောက်အနေနဲ့ ဘယ်လောက်ထိတောင့်ခံနိုင်လဲဆိုတဲ့ စိတ်ဓါတ်ကြံခိုင်မှု အပိုင်းတွေကို စမ်းသပ်တာတွေလည်း ပါဝင်တာကြောင့် အခြေခံစစ်သင်တန်းထက်များစွာပင်ပန်းကြရပါတယ်။ အခုလိုကြမ်းတမ်းတဲ့ လေ့ကျင့်ရေးတွေကြောင့် အပေါ်ယံကြည့်ရင် အမျိုးသမီးတွေမလုပ်နိုင်ဘူးလို့ ထင်ရပေမယ့် သင်တန်းပြီးတဲ့အထိတက်သွားနိုင်တာလည်း ဂုဏ်ယူစရာပါ။
ဒါ့ကြောင့် MDY-PDF မှလေ့ကျင့်ရေးဌာနကြီးသင်တန်းရေးရာဌာနရဲ့ ဌာနမှူးကိုဂတုံးက “အမျိုးသမီးတွေ တော် လှန်ရေးထဲ ပါလာတာပိုကောင်းတယ်။ ဘာလို့ဆိုရင် ကျနော်တို့ ယောကျာ်းလေးတွေမလုပ်နိုင်တဲ့ တချို့အလုပ် တွေဆိုရင် မိန်းကလေး တွေကလုပ်နိုင်ကြတယ်”လို့ ပြောပါတယ်။
MDY-PDF မှာ စစ်သင်တန်းပြီးတာနဲ့ နည်းပြဖြစ်နိုင်မယ့်သူကို ရွေးချယ်ပြီးနောက် ဌာချုပ်မှတာဝန်ထမ်းဆောင် နိုင်ခြင်း ရှိ၊ မရှိ ဦးစွာမေးမြန်းပြီးမှ ခေါ်ယူတာဖြစ်ပါတယ်။ အဲဒီလိုခေါ်ယူရာမှာ အမျိုးသမီးဘယ်နှစ်ယောက်၊ အမျိုးသားဘယ်နှစ်ယောက်ဆိုတဲ့သတ်မှတ်ချက်နဲ့ ခေါ်တာမဟုတ်ဘူးလို့သူကဆက်ပြောပါတယ်။
“နည်းပြတစ်ဦးမှာ စိတ်ဝင်စားမှုရှိရမယ်။ လေ့လာလိုက်စားမှု အားကောင်းရမယ်။ စမတ်ဖြစ်ရမယ်။ စိတ်ဓါတ် ကြံခိုင်ရမယ်။ လုပ်ကိုင်ရည်မြင့်မားရမယ်။ သင်တန်းသားတွေကိုသင်ပေးနိုင်တဲ့၊ လူထိန်းနိုင်တဲ့စွမ်းရည်ရှိရမယ် စတဲ့ ပုံစံပေါ်မှာမူတည်ပြီးရွေးပါတယ်”လို့ ကိုဂတုံးက ရှင်းပြပါတယ်။

MDY-PDF မှအသက် ၁၉ နှစ်အရွယ် အမျိုးသမီးရဲဘော်တတဆိုရင် အမျိုးသားရဲဘော်တွေကြားမှာ နည်းပြ အဖြစ်ရွေးချယ်ခံခဲ့ရတဲ့ တစ်ဦးထဲသောအမျိုးသမီးဖြစ်ပါတယ်။ သူဆိုလည်း စစ်သင်တန်းအပြီးမှာ အမျိုးသား လေးဦးကြား တစ်ယောက်ထဲရွေးခံခဲ့ရတဲ့ အမျိုးသမီးရဲဘော်တစ်ဦးပါ။
“ကျနော့်အပတ်စဉ်မှာတော့ ငါးယောက်ရွေးခံရတယ်။ ယောကျာ်းလေး လေးယောက်၊ မိန်းကလေးက ကျနော် တစ်ယောက်ထဲပေါ့”လို့ ရဲဘော် တတကပြောပါတယ်။
နည်းပြအဖြစ် ရွေးချယ်ခံရစဉ်က ရဲဘော်တတရဲ့ အသက်ဟာ ၁၇ နှစ် အရွယ်ရှိသေးလို့ အင်မတန်ငယ်တဲ့အရွယ် လို့ပြောလို့ရပါတယ်။ သို့ပေမဲ့ ရဲဘော်တတကတော့ သူလုပ်နိုင်စွမ်းအပေါ် ယုံကြည်ချက်အပြည့်နဲ့ နည်းပြအဖြစ် လက်ခံခဲ့တာဖြစ်ပါတယ်။
ရဲဘော် တတဟာငယ်စဉ်ထဲက မိဘတွေဆုံးပါးသွားတာကြောင့် ညီမဖြစ်သူနဲ့အတူ အဖွားရဲ့လက်အောက်မှာ ကြီး ပြင်းခဲ့ရသူပါ။ အာဏာမသိမ်းခင်ကတော့ သူဟာဆယ်တန်းကျထားတာကြောင့် ပြန်ဖြေဖို့ ကြိုးစားနေတဲ့ကျောင်း သူတစ်ဦးဖြစ်ပါတယ်။
ကျောင်းတက်နေတဲ့အချိန်ထဲကသဘာဝဆန်တဲ့ရှူခင်းတွေကို ဓါတ်ပုံလိုက်ရိုက်ရတာဝါသနာပါခဲ့ပါတယ်။ ဒါပေမဲ့ အဖွားဖြစ်သူကတော့ သူ့ကိုငယ်သေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်နဲ့ကျူရှင်ကလွဲလို့ ဘယ်မှမလွှတ်ခဲ့ပါ ဘူး။
အာဏာသိမ်းလိုက်တော့လည်း အဖွားဖြစ်သူက တားဆီးတာကြောင့် ဆန္ဒပြပွဲတွေမှာ မပါဝင်နိုင်ခဲ့တာကြောင့် အဖွားမသိအောင် မြို့ပေါ်မှာလှုပ်ရှားနေတဲ့ မြေအောက်တော်လှန်ရေး (UG) အဖွဲ့မှာ စစ်တပ်ရဲ့လှုပ်ရှားမှုတွေကို သတင်းရယူပေးခဲ့သူဖြစ်ပါတယ်။
“ဘယ်နားမှာ ဘာတွေ၊ ဘယ်လိုဖြစ်နေလဲဆိုတာ ထောက်လှမ်းပေးရတယ်။ ဘယ်ဂိတ်မှာ စစ်သားဘယ်နှယောက် ကင်းဘယ်လိုချထားတယ်ဆိုတာကအစ ကျနော်ကထောက်လှမ်းပေးပြီး သူတို့ကကျန်တာဆက်လုပ်ပေါ့”လို့ ရဲ ဘော်တတကဆိုပါတယ်။
အဲဒီအဖွဲ့မှာ လေးလလောက်လုပ်ပြီးနောက် အတူတွဲလုပ်ကိုင်တဲ့သူငယ်ချင်းတစ်ယောက်ကျသွားသလို တခြား သူငယ်ချင်းတွေလည်း ဖမ်းခံရတာနဲ့ ထွက်ပြေးရတာတွေရှိလာတော့ အိမ်လည်းပြန်နေလို့ မရတဲ့အတွက်လွတ် မြောက်နယ်မြေသွားဖို့ဖြစ်လာခဲ့ပါတယ်။
လွတ်မြောက်နယ်မြေ သွားမယ်ဆိုတော့ အဖွားဖြစ်သူက “နင်အခုမှငယ်ငယ်လေးရှိသေးတာ တောထဲဘာသွား လုပ်မှာလဲ။ မသွားရဘူးတဲ့။ ကျနော်လည်းမလွှတ်လည်းသွားမှာပဲဆိုပြီး ခိုးထွက်လာလိုက်တယ်”လို့ ရဲဘော် တတ က ရှင်းပြပါတယ်။
ရဲဘော် တတဟာ ကိုယ်မသိတဲ့ နယ်မြေကိုတစ်ယောက်ထဲ ထွက်လာခဲ့ပါတယ်။ အဲဒီလို ထွက်လာခဲ့ပေမယ့်စစ် သင်တန်းတက်ရမယ်လို့တော့ တွေးထင်မထားခဲ့ကြောင်းသူကဆိုပါတယ်။
“ဒါမတက်ခင် စိတ်ကို အရင်ဆုံးပြင်ဆင်ပြီး ဆုံးဖြတ်ရတယ်။ မလုပ်နိုင်ဘူးဆိုရင်တောင် ပြီးမြောက်သွား အောင် လုပ်မယ်။ လုပ်နိုင်တယ်ဆိုလည်း ဘယ်အထိလုပ်မယ်ဆိုပြီး ဆုံးဖြတ်ပြီးမှ သင်တန်းတက်ရတယ်”လို့ သူက ပြော ပါတယ်။
သာမာန်ကျောင်းသူဘဝကနေ ချက်ခြင်းစစ်သင်တန်းတက်ရတဲ့အခါ လွန်စွာပင်ပန်းရပေမယ့် အတူလေ့ကျင့်တဲ့ အမျိုးသားတွေရဲ့အထင်သေးတာမခံရအောင် ပင်ပန်းနာကျင်မှုကို သည်းခံမြိုသိပ်ကာ နှစ်ဆကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
စစ်သင်တန်းနှစ်လတက်ပြီးနောက် ရဲဘော် တတနဲ့ အမျိုးသားရဲဘော် လေးဦးဟာ နည်းပြလုပ်ဖို့အတွက် ရွေးချယ် ခံရတာကြောင့် MDY-PDF ဌာနချုပ်မှာသွားနေရတာဖြစ်ပါတယ်။
“ဌာနချုပ်ကနည်းပြလုပ်မလားလို့ခေါ်မေးတယ်။ ကျနော်က အသက်ငယ်သေးတော့ ကျောင်းသားတွေကိုထိန်း ချုပ်နိုင်ပါ့ မလားပေါ့။ ကျနော်ကလည်း ဝါသနာလည်းပါတယ်။ ပြီးရင် ကိုယ်တတ်တဲ့ပညာနဲ့ ကိုယ့်ရဲဘော်တွေကို ကယ်ပေးချင်တာကြောင့် နည်းပြလုပ်ဖို့လက်ခံလိုက်တယ်”လို့ ရဲဘော် တတက ပြောပါတယ်။
အဲဒီမှာ နည်းပြသင်တန်း တစ်လတက်ရတာက အခြေခံစစ်သင်တန်းနှစ်လတက်ရတာထက် ပိုပင်ပန်းသလိုကျည် အစစ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ စွမ်းရည်တွေပြည့်ဝအောင်လေ့ကျင့်ခဲ့ရတာဖြစ်ပါတယ်။
သင်တန်းနည်းပြအဖြစ် စတင်တာဝန်ထမ်းဆောင်တဲ့ အချိန်မှာလည်း အမျိုးသားနည်းပြနဲ့ အမျိုးသမီးနည်းပြကို ခွဲခြားမြင်တာမျိုးတွေနဲ့လည်း ရဲဘော် တတ ကြုံခဲ့ရတယ်လို့ဆိုပါတယ်။
“ပထမတော့ နည်းပြမိန်းကလေးတွေဆိုရင် မလုပ်နိုင်ဘူးလို့ထင်တာ။ အမျိုးသားနည်းပြတွေကျတော့ တိုက်ပွဲဝင် ဖူးတော့ ပိုလုပ်နိုင်တယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့ကလုပ်နိုင်တဲ့ အကြောင်းပြလိုက်တော့ကွင်းထဲရောက်လာတာနဲ့ နည်းပြလို ဆက်ဆံကြတယ်”လို့ ပြောပါတယ်။
အခုဆိုရင် ရဲဘော် တတဟာ သင်တန်းအပတ်စဉ် (၇) ခု (၈ )ခုလောက်ပေးပြီးပြီဖြစ်ပါတယ်။ သူအတွေ့အကြုံအရ အမျိုးသမီး ရဲဘော်တွေဟာ တချို့ကိစ္စရပ်တွေမှာ အမျိုးသားတွေလို မလုပ်နိုင်ဘူးဆိုပေမယ့် လုပ်နိုင်အောင်လုပ် မယ်ဆိုတဲ့စိတ်ဓါတ်ကိုတော့ အမျိုးသားရဲဘော်တွေမယှဉ်နိုင်ဘူးလို့ ရဲဘော် တတက ဆိုပါတယ်။
သူကိုယ်တိုင်တိုက်ခိုက်လိုပေမယ့် ရှေ့တန်းသွားမယ့်ရဲဘော်တွေ အသက်မဆုံးရှုံးရအောင် နောက်တန်းကနေ ကာ ကွယ်ပေးနေရတာကလည်း ကိုယ်တိုင်ပါဝင်တိုက်ခိုက်နေတာနဲ့ အတူတူပဲလို့ ခံယူထားတာဖြစ်ပါတယ်။
“အမျိုးသမီးတွေက ရှေ့တန်းထွက်မတိုက်ရပေမယ့် တော်လှန်ရေးရဲ့ အရေးကြီးတဲ့ တစ်ဒေါင့်တစ်နေရာမှာ တာဝန် ထမ်းဆောင်နေရတယ်။ ရှေ့တန်းမှာ ကိုယ့်ရဲဘော်တွေ တိုက်ခိုက်နေတာကို နောက်ကနေ အရေးကြီးတဲ့နေရာ ကနေပံ့ပိုးနေရတယ်လို့ သိလိုက်ရတဲ့အချိန်မှာ ရှေ့တန်းမှာတင်မက နောက်တန်းကနေလည်း ပံ့ပိုးပေးတာ သူတို့ ကို အထောက်အကူ ဖြစ်တယ်ဆိုတာ သိရတယ်”လို့ သူကပြောပါတယ်။
MDY-PDF မှ အမျိုးသမီးရဲဘော် ရောင်နီဆိုလည်း ရဲဘော် တတနည်းတူ နည်းပြအဖြစ် စတင်တာဝန်ထမ်းဆောင် တဲ့အချိန်မှာ သင်တန်းသားတွေရဲ့ မထီမဲ့မြင်ဆက်ဆံတာတွေနဲ့ ကြုံခဲ့ရတယ်လို့ဆိုပါတယ်။
“ပထမဆုံးကျနော်သင်ခဲ့တဲ့အပတ်စဉ်မှာ အမျိုးသမီးနည်းပြဖြစ်တော့ မလေးမစားလုပ်တာ၊ ပမာမခန့် လုပ်တာ တွေရှိတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ကျနော်တို့ပြောတာကို အစကသင်ပေးတဲ့ဆရာတွေလောက် လက်မခံ ချင် တာမျိုး၊ မထုံတတ်သေးပုံစံတွေနဲ့ တုံ့ပြန်တာပေါ့။ တခါတလေ တခွန်းနဲ့ပြီးရမှာကို နှစ်ခွန်းသုံးခွန်းလောက် ပြောရ တာမျိုးတွေရှိတယ်”လို့ ရဲဘော် ရောင်နီက ရှင်းပြပါတယ်။
ဒါကလည်း သင်တန်းအပတ်စဉ်သိပ်မကွာတာရယ် သင်တန်းကိုကြားဖြတ်သင်ရတာကြောင့် သင်တန်းသားသစ် တွေနဲ့ နည်းပြသစ်တွေကြားမှာ နားမလည်တဲ့အတွက် အခုလိုပြဿနာမျိုးကြုံရတာလို့ သူက ဆိုပါတယ်။
တကယ့်တကယ်တမ်းမှာတော့ အမျိုးသမီးတွေအနေနဲ့ နည်းပြလုပ်ရတာကထင်သလောက်မလွယ်ပါဘူး။ မတူညီ တဲ့ဒေသကလာပြီး မတူတဲ့စရိုက်မျိုးစုံရှိတဲ့ သင်တန်းသားတစ်ရာကျော်ကို ထိန်းကျောင်းရတယ်ဆိုတာ အင်မတန် ခက်ခဲပင်ပန်းမယ်ဆိုတာမှန်းဆကြည့်လို့ရပါတယ်။
“အစပိုင်းဆိုတော့ သူတို့မလုပ်နိုင်ဘူးဆိုပြီး အထင်သေးတာတော့ရှိတယ်။ ဒါပေမဲ့ကျနော်တို့က ဒါကိုအပြစ်ပြော လို့မရဘူး။ ကိုယ်ရဲ့ ထိန်းကျောင်းမှုအပေါ်မှာ မူတည်တယ်။ ကိုယ်ရဲ့ လုပ်ရည်ကိုင်ရည်ပေါ်မှာ မူတည်တယ်။ အဲဒီ လိုရှိလာပြီဆိုရင် ဒီသင်တန်းသားတစ်ယောက်ရဲ့ စိတ်နေစိတ်ထားဘယ်လိုသဘောထားရှိလဲ။ ကျနော်တို့ကနည်း ပြတစ်ယောက်ဖြစ်နေတဲ့အတွက်သူတို့ရဲ့စိတ်ဓါတ်ကိုကျနော်တို့ကကြိုမြင်ရတယ်”လို့ရဲဘော်ရောင်နီကဆိုပါ တယ်။
အစပိုင်းမှာအဆင်မပြေတာရှိပေမယ့် နောက်ပိုင်းမှာတော့ အဲ့ဒီလိုမဟုတ်တော့ဘဲ သင်တန်းဆရာမတွေလည်း အမျိုးသားတွေနဲ့တန်းတူလုပ်နိုင်ပါ့လားဆိုတဲ့ အမြင်တွေလည်းရှိလာပြီဖြစ်ပါတယ်။
“ပထမတော့ တစ်ယောက်အကြောင်း တစ်ယောက်မသိသေးတော့ စမ်းချင်ကြတာပေါ့။ နောက်ပိုင်းကျအဲဒီလို မဟုတ်တော့ပါဘူး။ တချို့ဆို ဆရာတွေထက် နည်းပြဆရာမတွေကို ပိုကြောက်တဲ့သူတောင်ရှိတယ်။ တခါတလေ ကျနော်တို့ကို တွေ့ ရင် ရှောင်သွားတာတောင်ရှိတယ်”လို့ သူကပြောပါတယ်။
အသက် ၂၂ နှစ်အရွယ် ရဲဘော် ရောင်နီဟာ အာဏာသိမ်းမှုမဖြစ်မီက ဆယ်တန်းပြန်ဖြေဖို့ ကြိုးစားနေတဲ့ ကျောင်း သူတစ်ဦးဖြစ်ပြီး ရွာမှာလည်း မူလတန်းကလေးတွေကို စာသင်ပေးနေတဲ့ ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။
သူဟာ တော်လှန်ရေးအစောပိုင်းကာလတွေမှာ မိသားစုအရေးကိစ္စတွေကြောင့် လက်နက်ကိုင်တော်လှန်ရေးထဲ မပါဝင်နိုင်ပေမယ့်တော်လှန်ရေးအတွက်တစ်ဖက်တစ်လမ်းကကူညီပေးနေတာတွေလည်းရှိနေခဲ့တာဖြစ်ပါတယ်။
ဥပမာဆိုရရင် စစ်ကြောင်းတစ်ထောက်နားတဲ့အခါ ရောင်နီရဲ့နေအိမ်မှာ ဝင်နားကြတာမျိုး တခြားအကူအညီ လို တာရှိလည်း ကူညီပေးတာတွေရှိနေတာပါ။ ၁၀၂၇ စစ်ဆင်ရေးမှာ လက်သံပြောင်ပြောင်နဲ့ စစ်တပ်ကို ချေမှုန်းခဲ့တဲ့ MDY-PDF ဟာ မန္တလေးက မြို့နယ်တချို့ကိုသိမ်းယူနေခဲ့တာဖြစ်ပါတယ်။
တပြိုင်ထဲမှာ MDY-PDF ထိန်းချုပ်ထားတဲ့ နယ်မြေဒေသက လူငယ်တွေဟာလည်း လက်နက်ကိုင်တော်လှန်ရေး ထဲပါဝင်လာကြတယ်။ အဲဒီထဲမှာ အမျိုးသမီးရဲဘော် ရောင်နီတစ်ယောက်လည်း ပါဝင်နေတာဖြစ်ပါတယ်။
“ကျနော်တို့ဒီတပ်ထဲဝင်တော့ မြို့တွေသိမ်းပြီးနေပြီဆိုတော့ နောက်ကျနေပြီလားလို့ထင်တယ်ပေါ့။ နောင်တရ တယ်။ ဘာလို့ ငါတို့အရင်ထဲက မဝင်ခဲ့တာလဲပေါ့။ ဒါပေမဲ့ ငါအခုရောက်နေပြီဆိုပြီး မှီသလောက်ကြိုးစားလုပ်ခဲ့ တယ်။ တကယ်တော့ ကျနော်တို့ကတော်လှန်ရေးမပြီးသေးတဲ့အတွက် လုပ်စရာအလုပ်တွေရှိသေးတယ်”လို့ ရဲ ဘော်ရောင်နီကပြောပါတယ်။
ရဲဘော်ရောင်နီဟာ ၂၀၂၄ ခုနှစ် ဇွန်လမှာ MDY-PDF ကိုရောက်လာခဲ့တာဖြစ်ပါတယ်။ သင်တန်းမတက်ခင်ကြား မှာတော့သတင်းပိုင်းကူပေးတာ ရှေ့တန်းကို ထမင်းချက်ပို့တာတွေမှာ ကူညီပေးတာတွေ လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

“အဆင်မပြေလို့ ဒီထဲဝင်လာတာမဟုတ်ဘူး။ အရင်ထဲက ဝင်ချင်ပေမယ့် မိဘတွေရဲ့ ကျန်းမာရေး၊ စီးပွားရေးတွေ ကြောင့် မဝင်ဖြစ်တာ။ အခုအချိန်ကျ အခွင့်အရေးတစ်ခုလိုဖြစ်လာတာပေါ့။ ကျနော်တို့ဆီ တိုက်ပွဲဖြစ်လာတာက ဒီထဲဝင်ဖို့ တွန်းအားဖြစ်လာတယ်”လို့ ရဲဘော် ရောင်နီက ပြောပါတယ်။
MDY-PDF ထဲဝင်ရင် ပင်ပန်းမယ်ဆိုတာ သိထားပေမယ့် တကယ့်တကယ်သင်တန်းတက်တဲ့အချိန်မှာ သိထား တာထက် အဆများစွာ ပင်ပန်းခက်ခဲခဲ့တာဖြစ်ပါတယ်။
“ဒါပေမဲ့ ကိုယ်ရွေးချယ်ထားတဲ့လမ်းဖြစ်တော့ သင်တန်းကိုပြီးဆုံးအောင်လုပ်မယ်ဆိုပြီး အားတင်းတက်တယ်။ သင်တန်း မှာ အမျိုးသမီးဖြစ်နေတော့ အမျိုးသားတွေနဲ့တန်းတူ မလုပ်နိုင်တာရှိတယ်။ အဲဒီအတွက် ကိုယ်က ပိုပြီး အားစိုက်ရတော့ ပိုပင်ပန်းရတာပေါ့”လို့ သူက ဆိုပါတယ်။
MDY-PDF ရဲ့ နည်းပြတွေဟာ အခြေခံစစ်သင်တန်း အများဆုံးပေးရတာဖြစ်ပါတယ်။ အခြေခံစစ်သားတစ် ယောက်တတ်သင့်တဲ့ ပညာရပ်အားလုံးသင်ကြရပါတယ်။ သင်တန်းသားသစ်တွေရဲ့ အရပ်သားစိတ်ကနေ စစ်သား တစ်ယောက်ဖြစ်တဲ့ အထိပြောင်းလဲပေးနေရတာပါ။
အခြေခံပြီးရင်တော့ လက်နက်ကြီးတွေ၊ ဒရုန်းတွေ၊ မိုင်းတွေနဲ့ တိုက်ခိုက်ရေးပိုင်းဆိုတဲ့ တန်းမြင့်သင်တန်းတွေကို ထပ်ပေးတာဖြစ်ပါတယ်။ သင်တန်းကတော့ တစ်ပတ်မှာ ၆ ရက်တက်ရပြီး တစ်နေ့ကို လေ့ကျင့်ချိန် သုံးချိန်ခွဲထား ပါတယ်။
သို့ပေမဲ့ တခါတရံမှာတော့ စာတွေ့လေ့ကျင့်တဲ့ အပိုင်းကို ညဘက်တွေမှာလုပ်ဆောင်လေ့ရှိပါတယ်။ တနင်္ဂနွေနေ့ နားရက်မှာ ပြိုင်ပွဲတွေလုပ်ပြီး အားအင်ပြန်ဖြည့်တင်းကြရတာဖြစ်ပါတယ်။
ပြိုင်ပွဲမှာတော့ ဖျော်ဖြေရေးသဘောမျိုး ဘောလုံးကန်တာပါဝင်သလို တိုက်ခိုက်ရေးတွေလည်းပါဝင်ပါတယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့တိုက်ခိုက်တဲ့အခါ ဖမ်းမိသွားခဲ့ရင် စစ်မယ်၊ ဆေးမယ်၊ မေးမြန်းမယ်ဆိုရင် ဘယ်လောက်ခံနိုင်ရည် ရှိလဲဆိုတဲ့ စမ်းသပ်တာတွေလည်း လုပ်ပါတယ်။
“သူတို့ရဲ့ စိတ်အခြေအနေကို စမ်းသပ်တာတွေလည်း ရှိတယ်။ သင်တန်းမှာတော့ ယောကျာ်းလေး၊ မိန်းကလေး မခွဲဘဲ တန်းတူသင်ပေးတယ်။ မိန်းကလေးတွေက လုပ်နိုင်ပါ့မလားလို့ထင်ကြပေမယ့် အစွမ်းကုန်လုပ်ကြတယ်။ တချို့မိန်းကလေးတွေ ဆိုရင် တော်တော်သန်မာတယ်”လို့ ရဲဘော် ရောင်နီက ပြောပါတယ်။
MDY-PDF မှာ အမျိုးသမီး စစ်ရေးနည်းပြရှစ်ဦးရှိပြီး တပ်စုမှူးကနေ တပ်ရင်းမှူးအဆင့်ထိ အသီးသီးတာဝန်ယူ ထားရတဲ့ အမျိုးသမီးရဲဘော်တွေလည်း ရှိနေတာဖြစ်ပါတယ်။ သူတို့တွေဟာ တော်လှန်ရေးပြီးဆုံးတဲ့အထိသင် တန်းဌာနမှာ တာဝန်ထမ်းဆောင်သွားဖို့ ဆုံးဖြတ်ထားကြသူတွေပါ။
နွေဦးတော်လှန်ရေးမှာ အန္တရာယ်များလွန်းပြီး ခက်ခဲကြမ်းတမ်းမယ်ဆိုတာ သိထားပေမယ့် အမျိုးသမီးတွေဟာ အာဏာရှင်ဆန့်ကျင်ရေးအတွက်နောက်ဆုတ်မသွားဘဲခွဲခြားဆက်ဆံခံရမှုတွေကြားမှာ ရဲရဲဝံ့ဝံ့နဲ့တော်လှန်ချီတက် နေတာဖြစ်ပါတယ်။
သူတို့ရဲ့ လေ့ကျင့်ရေးကွင်းထဲမှာတော့ “မန္တလေးကို သိမ်းမယ်။ မန္တလေးကို သိမ်းမယ် ” ဆိုတဲ့ ခွန်အားဖြည့်ဟစ် ကြွေးသံတွေနဲ့ ပြည့်လျှံလို့နေပါတော့တယ်။