ထနောင်းမေ
ပြီးခဲ့တဲ့ရက်သတ္တပတ်က မြေလတ်အသံသတင်းဌာနမှာ ဖော်ပြခဲ့တဲ့သတင်းခန်းထဲက အနိုင်ကျင့်ခံအမျိုးသမီး သတင်းသမားများဆိုတဲ့ ဆောင်းပါးမှာ အမျိုးသမီးသတင်းထောက်တွေကို အထက်လူကြီး၊ အယ်ဒီတာအမျိုး သားတွေက လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်တဲ့ အကြောင်းတွေ ရေးသားဖော်ထုတ်ထားပါတယ်။
အဆိုပါသတင်းနဲ့ မနီးမဝေးမှာပဲ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်က နာမည်ကြီးတဲ့ သမားတော် OG (သားဖွားမီးယပ်) တစ်ဦး ကလူနာအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာထိပါးမှုတွေ ပြုလုပ်တဲ့အကြောင်းကို အဲဒီဖြစ်စဉ်ကို လိုက်ပါဖော် ထုတ်တဲ့ အမျိုးသမီးတစ်ဦးက ရေးသားထားပါတယ်။ ဒီဖြစ်စဉ်မှာ ကျူးလွန်ခံရသူ အမျိုးသမီး (၅၀) နီးပါးရှိခဲ့ တယ်လို့လည်းရေးသားထားပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ဟိုးလေး တကျော်ဖြစ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဌာနက အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဆလိုင်းအိုက်ဇက်ခင်ရဲ့ ရုံးဝန်ထမ်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာထိပါး နှောင့်ယှက်တဲ့ ဖြစ်စဉ်တွေကိုလည်း အားလုံးအသိပဲဖြစ်ပါတယ်။
ဒါတွေက မီဒီယာတွေ၊ လူမှုကွန်ရက်တွေပေါ်မှာ အသံထွက် လူသိများခဲ့တဲ့ ဖြစ်စဉ်တချို့သာဖြစ်ပြီး တခြားလူမသိ သူမသိ ဖြစ်စဉ်တွေ ဘယ်လောက်အထိ များနေဦးမလဲဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။
လိင်ပိုင်းဆိုင်ရာထိပါးမှုတွေက အမျိုးသမီးတိုင်းနဲ့ လက်တကမ်းမှာရှိနေပါတယ်။ လမ်းသွားရင်းကစလို့ လုပ်ငန်းခွင်အထိ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေ ရှိနိုင်ပါတယ်။
ရာထူးကြီးသူက လက်အောက်ဝန်ထမ်းကိုကျူးလွန်တာ၊ဆရာဝန်က လူနာကိုကျူးလွန်တာ၊ ကျူရှင်ဆရာက ကျောင်းသူတွေကိုကျူးလွန်တာ၊ ဘာသာရေးခေါင်းဆောင်တွေက ကျူးလွန်တာ၊ တော်လှန်ရေးလှုပ်ရှားသူတွေက ကျူးလွန်တာ စသဖြင့် ဖြစ်စဉ်ဖြစ်ရပ်တွေက မကြားချင်လောက်အောင်ပါပဲ။
ထူးချွန်နေသူ၊ အောင်မြင်နေသူ၊ အရည်အချင်းရှိသူတွေအနေနဲ့လည်း လိင်ပိုင်းဆိုင်ရာကျူးလွန်တတ်ကြကြောင်း သတိပြုရမှာပဲဖြစ်ပါတယ်။
လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်နိုင်သည်လို့ နဖူးမှာစာမကပ်ထားသလို ခေါင်းမှာဂျိုပေါက်နေတာလည်း မဟုတ်တဲ့အတွက် အရည်အချင်းတွေပြည့်စုံတာနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းမဖက်ဘူးလို့ မထင် မှတ်စေလိုပါဘူး။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကြားသိရတဲ့ ဖြစ်စဥ်တွေမှာဆို ကျူးလွန်သူတွေဟာ ရာထူးအာဏာရှိသူတွေ၊ လူ့အခွင့်အရေး ဟောပြောနေသူတွေ၊ အမျိုးသမီးရေး နားလည်နေသူတွေဖြစ်တဲ့အတွက် ပိုလို့တောင်သြချ ရပါတယ်။
ဒီလိုဖြစ်စဉ်တွေနဲ့ ကြုံတွေ့ရတဲ့ အမျိုးသမီးတွေအနေနဲ့လည်း တရားဥပဒေစိုးမိုးမှုမရှိတဲ့ အခုလို အခြေအနေမျိုး မှာတရားမျှတမှုရဖို့ အလွန်အလှမ်းဝေးပါတယ်။ တရားမျှတမှုရဖို့ မဆိုထားနဲ့ ထုတ်ဖော်ပြောဆိုဖို့တောင် အတော် လေးခွန်အားယူရတဲ့ အခြေအနေတွေနဲ့ရင်ဆိုင်ကြရပါတယ်။
အမျိုးသမီးတွေအနေနဲ့ ဘာကြောင့်ထုတ်ဖော်ပြောဆိုဖို့ခက်ခဲကြတာလဲ
အဲဒီလိုကျူးလွန်ခံခဲ့ရလို့ မိဘ၊ ဆွေမျိုးအသိုင်းအဝိုင်းတွေကြား ထုတ်ဖော်တိုင်ကြားရင်တောင် ရှေးရိုးစွဲအယူ အဆတွေ၊ အမျိုးသမီးဖြစ်လို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထပ်ဆင့် အသက်ရှူကြပ်ရလောက်အောင် အပြောအဆို ခံကြရလေ့ရှိပါတယ်။
ကျူးလွန်ခံရကြောင်း ထုတ်ဖော်ပြောဆိုတဲ့အခါမှာ “မိန်းခလေးကအနေအထိုင်ဆင်ခြင်ရမှာပေါ့”၊ “နင်က ဘယ်လို နေတာလဲ၊ အနေအထိုင်မှမတက်တာ”၊“အနေအထိုင်မတက်လို့ဖြစ်တာ”၊ “နင်အထာပေးနေလို့လားမှ မသိတာ” စတဲ့အပြစ်တင်ဝေဖန်မှုတွေကိုခံကြရပါတယ်။
နားထေင်သူရဲ့ လက်ခံယုံကြည်မှုပေါ်မှာလည်း မူတည်ပါသေးတယ်။ ရင်ဖွင့်လိုက်တဲ့ ရင်းနှီးသူက မယုံကြည်ရရင် ဆက်လက်ထုတ်ဖော်ပြောဆိုဖို့ လမ်းစပျောက်ကုန်တာပဲဖြစ်ပါတယ်။
ပြစ်တင်ပြောဆိုခံရတဲ့အခါမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ ပျောက်ဆုံးလာသလို ကိုယ့်ကိုကိုယ် အပြစ်တင်စိတ် တွေလည်းဝင်လာပါတယ်။ အဲဒီလိုအပြစ်တင်စိတ်က အမျိုးသမီးတွေထုတ်ဖော်ပြောဆိုဖို့ စိတ်တံခါးကို ပိတ်စေ ပါတယ်။
“ငါ့ကို ဘာလို့လုပ်တာလဲ၊ ငါက အပေါစားဆန်နေတာလား”၊ “ငါ့ကိုမှဘာလို့ဒီလိုဆက်ဆံခံရတာလဲ”ဆိုတာ ကိုယ် ကိုကိုယ်အပြစ်တင်တဲ့စိတ်ပါပဲ။ ဒါ့အပြင် အမျိုးသမီးတွေဟာ ကိုယ်ကိုကိုယ်ထက် မိသားစုဂုဏ်သိက္ခာကိုထည့် တွေးပြီး ထုတ်မပြောကြတာမျိုးတွေလည်းရှိပါတယ်။
အဆိုးဆုံးကတော့ လူမှု့အသိုင်းအဝိုင်းရဲ့ ကျူးလွန်သူကိုအပြစ်တင်တာထက် ကျူးလွန်ခံရသူကိုသာ အပြစ်တင်တဲ့ ဓလေ့ကြောင့်ပါပဲ။
“ဘယ်လိုဝတ်စားထားလဲမှ မသိတာ”၊ “ညဘက်ကြီးအပြင်ထွက်တာ ကိုး”၊ “တစ်ယောက်ထဲ သွားတာကိုး”စတဲ့ စကား၊အတွေးတွေနဲ့ ကျူးလွန်ခံရသူကို ထပ်မံအပြစ်တင်လေ့ရှိပါတယ်။
လိင်ပိုင်းဆိုင်ရာထိပါးမှုတွေကို ကြုံတွေ့ခဲ့ကြရတဲ့အမျိုးသမီးတွေဟာ အခြေအနေအကြောင်းကြောင်းကြောင့် ထုတ်ဖော်ပြောဆိုဖို့ခက်သလို ထုတ်ဖော်ပြောဆိုတဲ့အခါ လူမှုအသိုင်းအဝိုင်းရဲ့ ပြစ်တင်ပြောဆိုမှုတွေကိုရင်ဆိုင်ဖို့ ခွန်အားမရှိသေးတဲ့အတွက်ကြောင့် အများစုက ရေငုံနှုတ်ပိတ်နေကြတာပဲဖြစ်ပါတယ်။
တဖက်မှာလည်းကျူးလွန်သူတွေဟာလည်း ရာထူး၊ အာဏာရှိတာ နာမည်ကြီးတာစတဲ့ လူအများသတ်မှတ်ထားတဲ့ နာမည်ကောင်းရနေသူတွေ ဖြစ်တဲ့အတွက် ထုတ်ဖော်ပြောဆိုလိုက်ရင် ထိုသူတွေကိုဝန်းရံသူတွေ စုဖွဲ့တိုက် ခိုက်မှုတွေကလည်း အမျိုးသမီးတွေထုတ်ဖော်ပြောဆိုဖို့ ဝန်လေးစေပါတယ်။
“ငါတို့ဆရာက အဲဒီလိုလူမဟုတ်ပါဘူး”၊ “ဆရာကြီးက အဲဒီလိုမလုပ်လောက်ပါဘူး။ ဒီလောက်တော်တာ”၊ “နင့်လို လူကို ဆရာကြီးက လှည့်တောင်ကြည့်ချင်မှာမဟုတ်ဘူး” စတဲ့ စုဖွဲ့တိုက်ခိုက်မှုတွေလည်းရှိနိုင်ပါတယ်။
အမျိုးသမီးတွေအနေနဲ့ ဘာကြောင့်ထုတ်ဖော်ပြောဆိုသင့်တာလဲ
ရှေးရိုးစွဲဓလေ့တွေ၊ လူမှုအသိုင်းအဝိုင်းရဲ့ ဝေဖန်မှုတွေ၊ အခက်အခဲတွေကြားမှာ အမျိုးသမီးတွေဟာ တရားမျှတမှု အတွက် သတ္တိရှိရှိထုတ်ဖော်ပြောဆိုဖို့လိုပါတယ်။
ထုတ်ဖော်ပြောဆိုလိုက်တာက တရားမျှတမှုအတွက် ပထမခြေလှမ်းဖြစ်သလို၊ တခြားအမျိုးသမီးတွေ အပေါ် အခုလိုဖြစ်ရပ်တွေ ထပ်မဖြစ်နိုင်အောင် တပ်လှန့်လိုက်တဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။
ကိုယ်ကစလို့ ငြိမ်နေမယ်ဆိုရင် ကျူးလွန်သူဟာ ထပ်ဆင့် ထပ်ဆင့်ကျူးလွန်နေဦးမှာပါပဲ။ တရားမျှတမှုအတွက် ကိုယ်ကအစပြုလိုက်တဲ့အခါ ကိုယ့်လိုပဲ လိင်ပိုင်းဆိုင်ရာထိပါးခံနေရတဲ့ အမျိုးသမီးတွေအတွက်လည်းလမ်းစ တစ်ခုဖြစ်နိုင်ပါတယ်။
နွေဦးတော်လှန်ရေးနဲ့အတူ အတွေးအခေါ်တော်လှန်ရေးပါ တပါထဲဆင်နွှဲနေတဲ့ ကာလဖြစ်တဲ့အတွက် လိင်ပိုင်း ဆိုင်ရာကျူးလွန်ခံရမှုတွေနဲ့ ပတ်သက်လို့ အသိအမြင်တွေလည်း အတော်အသင့်ပြောင်းလဲလာကြပြီဖြစ်ပါတယ်။
ကျူးလွန်ခံရသူရဲ့ အပြစ်မဟုတ်ဘဲ ကျူးလွန်သူကိုသာ ထိုက်သင့်တဲ့အပြစ်ပေးသင့်တယ်ဆိုတာကို အတော်များ များက လက်ခံတိုက်တွန်းလာကြပါပြီ။
ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ထုတ်ဖော်ပြောဆိုတဲ့ ခြေလှမ်းကိုစလိုက်တာနဲ့ ဝန်းရံပေးမယ့် ထပ်တူခံစားနား လည်ပေးမယ့် ညီအစ်မတွေက စောင့်ကြိုနေကြပြီဖြစ်တာသိဖို့လိုပါတယ်။
လူ့မှုအသိုင်းအဝိုင်းအနေနဲ့ ဘာတွေဆက်လုပ်သင့်လဲ
ကျူးလွန်ခံရသူတွေအနေနဲ့ ထုတ်ဖော်ပြောဆိုတာ အပြင် အဲဒီလိုထုတ်ဖော်ပြောဆိုတဲ့အခါ အနောက်ကနေကူညီ ပံ့ပိုးပေးမယ့် အဝန်းအဝိုင်းတွေလည်းလိုအပ်ပါတယ်။
အမျိုးသမီးအဖွဲ့အစည်းတွေ၊ ဂျန်ဒါအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေ၊ သက်ဆိုင်ရာလူမျိုးစုတွေ ဖွဲ့စည်းထားတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေရှိကြပါတယ်။
ကျူးလွန်ခံရသူတွေအနေနဲ့ ဒီလိုအဖွဲ့အစည်းတွေကို လက်လှမ်းမှီဖို့နဲ့ ဒီအဖွဲ့အစည်းတွေကလည်း လက်ကမ်းပေး နိုင်တဲ့ အခြေအနေတွေရှိနေဖို့ကလည်း အရေးကြီးပါတယ်။
တခါတရံ လုပ်ငန်းခွင်တွေမှာကျူးလွန်ခံရတဲ့အခါ အလုပ်ပြုတ်မှာစိုးရိမ်တဲ့အတွက် ထုတ်ဖော်မပြောဆိုနိုင်တာ တွေလည်းရှိတဲ့အတွက် ကုမ္မဏီတွေ၊ စက်ရုံအလုပ်ရုံတွေ၊ ကျောင်းတွေ၊ ပုဂ္ဂလိကလုပ်ငန်းခွင်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေအားလုံး လုပ်ငန်းခွင်တွေမှာ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုများနဲ့ ပတ်သက်ပြီး လုပ်ငန်းခွင် စည်းမျည်း၊စည်းကမ်းတွေထဲမှာ ထည့်သွင်းရေးဆွဲတာတွေလည်း လုပ်ဆောင်သင့်ပါတယ်။
တရားဥပဒေစိုးမိုးမှုမရှိတဲ့ ကာလဖြစ်တဲ့အတွက် ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးဖို့ ခက်ခဲရင်တောင် လူမှုရေးပြစ်ဒဏ် ပေးခြင်းနည်းလမ်းနဲ့ ကျူးလွန်သူကို လူမှုအသိုင်းအဝိုင်းက ဖယ်ကြဉ်သင့်ပါတယ်။
ဒါ့အပြင် ကျူးလွန်သူကဘယ်သူမို့၊ ဘယ်ဝါမို့၊ ဘယ်ဌာနကမို့၊ ဘယ်အဖွဲ့အစည်းကမို့ဆိုတဲ့ ခေါင်းစဉ်တွေအောက် မှာကျူးလွန်သူကို ကာကွယ်ပေးခြင်းကလည်း ကျူးလွန်သူကိုအားပေးအားမြောက်ရာ ရောက်တဲ့အတွက်ကျူး လွန်သူကိုမကာကွယ်ပေးခြင်းဖြင့် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုတွေကို လျော့နည်းအောင် လုပ်သင့်ပြီဖြစ် ပါတယ်။
စစ်အာဏာရှင်နဲ့အတူ တခြားသောမတရားမှုတွေကိုပါ တွန်းလှန်းမယ်ဆိုတဲ့ လူမှုအသိုင်းအဝိုင်းဖြစ်ဖို့ လိင်ပိုင်း ဆိုင်ရာထိပါးနှောက်ယှက်မှုတွေကို ကြားသိရတဲ့အခါ ခံပြင်းမှုကိုယ်စီနဲ့ စုတ်တသတ်သတ် တောက်တခေါက် ခေါက်၊ like, shareနဲ့ ထင်မြင်ချက်ဒေါသတွေ လူမှုကွန်ယက်မှာ ရေးကြရုံအပြင် ဒီထက်ပိုတဲ့ အပြစ်ပေးအရေးယူ မှုတွေရအောင် ဝိုင်းဝန်းဖော်ဆောင်ပေးသင့်ချိန်ရောက်နေပြီဖြစ်ပါတယ်။
အမျိုးသမီးတွေ ကိုယ်တိုင်လည်း မေ့ပျောက်ချင်တဲ့ အိပ်မက်ဆိုးထဲက ရဲရင့်စွာနိုးထပြီး ကျူးလွန်သူတွေ ရပ်တန့် သွားအောင် ကိုယ်တိုင်ကစထုတ်ဖော်ပြောဆိုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
- ထိုင်းနိုင်ငံရဲ့လိင်တူလက်ထပ်ထိမ်းမြားခွင့်ဥပဒေက မြန်မာနိုင်ငံသား LGBT တွေအတွက်အလှမ်းဝေးနေသေး - 14/03/2025
- မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာနော်စင်သီယာမောင် ထိုင်းမှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့် - 13/03/2025
- တရုတ်မယားပြုလုပ်ရန် မြို့ပြနဲ့လူမှုကွန်ရက်တွေမှာ ပေါ်တင်စည်းရုံးမှုတွေပြုလုပ်လာ - 12/03/2025