Home ဆောင်းပါး ရခိုင်မှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်ကြောင့် မိခင်ရောကလေးပါ သေဆုံးရတဲ့ဖြစ်စဉ်တွေရှိနေ

ရခိုင်မှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်ကြောင့် မိခင်ရောကလေးပါ သေဆုံးရတဲ့ဖြစ်စဉ်တွေရှိနေ

သန့်ရှင်းထွန်း

အသက်ဆယ့်ရှစ်နှစ် မပြည့်သေးတဲ့ ကလေးငယ် ၄ ဦးရဲ့ ဖခင်ဇူဘိုင်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဇနီးသည်ကို ရောက်လေရာအရပ်မှာ ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့ ဆုတောင်းပွဲလေးတခုကို အစ္စလာမ်ဘာဘာဝင်တွေရဲ့ ဓလေ့ထုံးစံ အတိုင်း သူနေထိုင်တဲ့ ယာယီတဲအိမ်မှာ ကလေးတွေနဲ့ အတူပြုလုပ်နေပါတယ်။

အခက်အခဲပေါင်းစုံ၊ အဆင်မပြေမှုများစွာနဲ့ ဒုက္ခသည်စခန်းမှာ နေထိုင်နေရတဲ့ ဇူဘိုင်ဟာ သေဆုံးသွားတဲ့ ဇနီးသည်ရဲ့ ရုပ်အလောင်းကို မတွေ့လိုက်ရသလို သင်္ဂြိုဟ်ချိန်မှာတောင် လူကိုယ်တိုင်မရောက်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

“အလ္လာဟ်ရှင်မြတ်က လိုအပ်လို့ သူ့ကိုခေါ်သွားတာ၊ သူကောင်းတဲ့အရပ်မှာ အေးအေးချမ်းချမ်းနေနိုင်ဖို့ အမြဲဆု တောင်းပေးနေတယ်၊ ဒီလိုဆုတောင်းပေးတာကို သူအဝေးတနေရာကသိရင် ငြိမ်းချမ်းမှုကိုရမှာပဲ”လို့ ညှိုးငယ် တဲ့မျက်နှာနဲ့ ဇူဘိုင်ကပြောပါတယ်။

အသက် ၃၉ နှစ်အရွယ် ဇူဘိုင်ဟာ ရခိုင်ပြည်နယ်၊ မောင်တောမြို့ မြို့ပေါ်ရပ်ကွက်တခုမှာ ဇနီးသည်အပါအဝင် သားသမီး ၄ ဦးနဲ့ အတူနေထိုင်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတခုမှာ နေထိုင်နေ သူဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်ချိန် ၂၀၂၄ ခုနှစ် ဩဂုတ်လက ၅ ယောက်မြောက်ကလေး ကိုယ်ဝန်လွယ်ထားတဲ့ ဇူဘိုင်ရဲ့ဇနီးသည်ဟာ နေအိမ်ကိုစွန့်ခွာထွက်ပြေးခဲ့ရပြီး ကလေး မီးဖွားဖို့ အဆင်မပြေတာကြောင့် မောင်တောမြို့ကနေ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာသွားချိန် ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်က ဆေးရုံတခုမှာ လူကြီးရော ကလေးပါ အသက်သေဆုံးခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ်အားလုံးနီးပါးကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်စခန်းနှင့် မြို့ပေါ်မှာရှိတဲ့ အရပ်သားပြည်သူအားလုံးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ ကြရပြီး အဲဒီအထဲမှာ ကိုယ်ဝန်ဆောင်တွေ၊ မွေးကင်းစ ကလေးအမေတွေလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။

“မြို့ပေါ်မှာ ဆေးရုံဆေးခန်းတွေ အကုန်ပိတ်လိုက်ပြီ။ ဆရာဝန်၊ သူနာပြုဆိုတာလည်း မရှိတော့ဘူး။ အဲဒီအချိန် မှာဇနီးသည်နဲ့ တိုင်ပင်ပြီးတော့ ကလေးတွေနဲ့ ဇနီးကို ဘင်္ဂလားဒေ့ရှ်ဘက်ကို အရင်ပြောင်းထားခဲ့တယ်။ ကျနော်က နောက်ကနေ လိုက်လာမယ်ဆိုပြီး အစီအစဉ်ချခဲ့တယ်” လို့ ဇနီးသည် ကလေးမီးဖွားဖို့ ကြိုတင် ပြင်ဆင်ခဲ့ပုံကို ပြောပြပါတယ်။

ဇူဘိုင်ဟာ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်မှာ အလုပ်အလုပ်ကိုင်သူ တစ်ဦးဖြစ်ပြီး အစ္စလာမ်ဘာသာဝင် မိသား စုဖြစ်တာကြောင့် သားသမီးများများ ရယူကြသူတွေ ဖြစ်ကြပါတယ်။

“အစ္စလာမ်ဘာသာဝင် အများစုဟာ မထင်မှတ်ဘဲဖြစ်ဖြစ်၊ လိုချင်လို့ ဖြစ်ဖြစ် ကိုယ်ဝန်ရှိလာခဲ့ရင် အဲဒီကလေးကို အလ္လာဟ်ရှင်မြတ်က ကောင်းချီးပေးမွေးဖွားခိုင်းတာလို့ ယုံကြည်တာကြောင့် သားဆက်ခြားတာကို သိပ်မလုပ် ကြဘူး”လို့ ဇူဘိုင်က ဆိုပါတယ်။

ဒါပေမဲ့ တိုင်းပြည်အခြေနေမငြိမ်သက်တာ၊ အရေးပေါ် ဆေးရုံ ဆေးခန်းတွေမရှိတာ၊ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာပြီး ဝင်ငွေနဲ့ အသုံးစရိတ် မလုံလောက်တာတွေကြောင့် နောက်ဆုံးမွေးတဲ့ ကလေးတစ်ယောက်ပြီး ရင်တော့ နောက်ထပ် ကလေးထပ်မယူဖို့ ဇနီးမောင်နှံ နှစ်ဦးလုံး ဆုံးဖြတ်ထားကြတယ်လို့ ဆိုပါတယ်။

“ကလေး ၅ ယောက်ဆိုတာ ခေတ်ကာလအရ သိပ်လည်းမများ၊ နည်းလည်း မနည်းဘူး။ ကျနော့်မိန်းမက ကလေး အရမ်းလိုချင်တယ်။ ကလေးများလေ သူသဘောကျလေပဲ။ အဲဒါကြောင့် ကိုယ်ဝန်တားဖို့ကို သူသဘောမကျဘူး” လို့ ဇူဘိုင်ကပြောပါတယ်။

အစီအစဉ်အတိုင်း ကိုယ်ဝန်ဆောင်ဇနီးသည်နှင့် သားသမီး ၄ ဦးဟာ မောင်တောမြို့ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖက်ကို ရတဲ့လမ်းကြောင်းနဲ့ အရင်ဆုံးထွက်သွားခဲ့ပြီး ဇူဘိုင်ကတော့ မောင်တောမြို့ အနီးအနားက ကျေးရွာတခု မှာ စစ်ဘေးရှောင်ရင်း ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။

သူနေထိုင်တဲ့ ကျေးရွာမှာ တလလောက် နေထိုင်ပြီးတဲ့ အချိန်မှာတော့ ဇနီးသည်နဲ့ အတူနေတဲ့ ဆွေမျိုးဆီကဖုန်း အဆက်အသွယ်ရခဲ့ပြီး ဇနီးသည်သေဆုံးသွားတဲ့ အကြောင်းကို ကြားသိခဲ့ရတယ်လို့ ဇူဘိုင်က ပြန် ပြောပြပါတယ်။

“မိန်းမရဲ့ ရုပ်အလောင်း သင်္ဂြိုဟ်ဖို့ လိုက်သွားဖို့ကလည်း သွားချင်တိုင်း သွားလို့ရတဲ့ နေရာဖြစ်မနေဘူး။ နောက်ဆုံးတော့ ကျနော့်မိန်းမကို သင်္ဂြိုဟ်နေတဲ့ ဗီဒီယိုဖိုင်တခုပဲ ကျနော်ရခဲ့တယ်။ ကလေးလည်းဆုံး၊ အမေလည်းဆုံး”လို့ ပြောရင်း ဇူဘိုင်ရဲ့ ပြောလက်စ စကားသံက တိမ်ဝင်သွားခဲ့ပါတယ်။

ဇနီးသည် ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ အတတ်နိုင်ဆုံး ပြုစုစောင့်ရှောက်ခဲ့ပေမယ့် မွေးဖွားချိန်မှာ လင်ယောကျ်ားတဦးအနေနဲ့ ဇနီးအနားမှာ မရှိနိုင်တာ ဘဝပေးကုသိုလ်ကံမကောင်းတာလို့ မှတ်ယူကြောင်း သူက ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားချိန် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကာကွယ်ဆေးမထိုးရတာ၊ လစဉ်ကိုယ် ဝန်စမ်းသပ်ခွင့်မရတာ၊ ကိုယ်ဝန်ဆောင် အားဆေးတွေ မသောက်ရတာစတဲ့ အခက်အခဲတွေ ကြုံတွေ့နေရပြီး မီးဖွားချိန်မှာလည်း ဆေးရုံဆေးခန်းတွေ ပိတ်ထားတာ၊ ဆရာဝန်၊ သူနာပြုတွေ မရှိတော့တာစတဲ့ အခက်အခဲ ပေါင်းစုံကို ရင်ဆိုင်နေကြရတယ်လို့ မိခင်တွေက ပြောပါတယ်။

“ခေတ်ပျက်နေတော့ ကျမတို့က ကိုယ်ဝန်မရအောင် အတတ်နိုင်ဆုံး ထိန်းပြီးနေထိုင်ရတယ်။ မတတ်သာလို့ ကိုယ် ဝန်ရသွားရင်တောင် ဖျက်ချလို့ရရင် ဖျက်ချဖို့အထိ တွေးကြတယ်။ ဖျက်ချတာကို အန္တရာယ်များမှန်း သိပေမယ့် တခြားရွေးချယ်ဖို့ လမ်းမရှိဘူး”လို့ ဗိုက်နှစ်ခါခွဲ မွေးထားရတဲ့ မိခင်တစ်ဦးက ပြောပါတယ်။

တိုင်းပြည်အခြေအနေတည်ငြိမ်ပြီး သားဖွားမီးယပ်အထူးကုတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝရရှိ ခဲ့တဲ့အချိန်က ကလေးမွေးတဲ့ မိခင်အများစုဟာ ရိုးရိုးကလေးမွေးဖွားခြင်းထက် ဗိုက်ခွဲမွေးတဲ့ မိခင်တွေများကြ တယ်လို့ သူနာပြုတစ်ဦးက သူ့အတွေ့အကြုံကို ပြောပါတယ်။

အဲဒီလို ဗိုက်ခွဲမွေးခဲ့တဲ့ မိခင်တွေဟာ နောက်ထပ် ကလေးမွေးဖွားချိန်မှာလည်း ရိုးရိုးမွေးတာထက် ခွဲမွေးရတဲ့ အ တွက် သားဖွားမီးယပ်အထူးကုတွေ၊ ဆရာဝန်တွေမရှိချိန်မှာ အတော်ဒုက္ခတွေ့ကြရတယ်လို့ ဆိုပါတယ်။

မောင်တောမြို့မှာ နေထိုင်ပြီး ဗိုက်ခွဲမွေးရမယ့် မိခင်အများစုကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ကူးပြီး သွားမွေး ကြတယ်လို့ ကိုယ်ဝန်ဆောင်မိခင်တွေက ဆိုပါတယ်။ ဒါပေမဲ့ ကံအကြောင်းမလှလို့ ဇူဘိုင်ရဲ့ ဇနီးလို အသက်သေ ဆုံးသွားရတဲ့ မိခင်တွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

ခေတ်ကာလအခြေနေနှင့် ဝင်ငွေအခြေနေအရ မိသားစုတွေဟာ ကလေးကို အများဆုံး ၃ ယောက်ထက် မယူကြ တော့သလို တချို့မိဘတွေဆိုရင် သားသမီးတဦးတည်းသာယူပြီး ထပ်မယူကြတော့ဘူးလို့ အသက် ၃၅ နှစ်အရွယ် ကိုနိုင်နိုင်ဦးကပြောပါတယ်။

အခုလို ကလေးတွေ မယူကြတာဟာ ကလေးမလိုချင်လို့ မဟုတ်ဘဲ မွေးဖွားလာမယ့် ကလေးရဲ့ အနာဂတ်အတွက် စဉ်းစားကြတာကြောင့်ဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းမရနိုင်တဲ့ အခြေ အနေတွေကြောင့် ကလေးယူဖို့ ပိုပြီးတွန့်ဆုတ်လာကြတယ်လို့ သူကဆက်ပြောပါတယ်။

“မိသားစုဝင်ငွေက အရေးကြီးတယ်။ ကလေးတစ်ပုံကြီး မွေးထားပြီး မကျွေးနိုင်၊ မမွေးနိုင်ရင်လည်း အဆင်မပြေ ဘူး။ အရာရာကို ငွေနဲ့ဝယ်နေရတဲ့ခေတ်မှာ ကလေးတယောက်ဆိုရင် ကိုယ့်ဝင်ငွေနဲ့ ကာမိမလား၊ နှစ်ယောက်ဆို ရင် ကာမိမလားဆိုပြီး မိဘတွေက တွေးကြရတယ်”လို့ သူကဆိုပါတယ်။

သားသမီးယူမယူ လင်မယား နှစ်ယောက်စလုံးရဲ့ ဆုံးဖြတ်ချက်က အရေးကြီးပါတယ်။ အဓိကအားဖြင့် ဇနီးဖြစ် သူရဲ့ ဆုံးဖြတ်ချက်ကို ပိုပြီးအလေးထားသင့်တယ်လို့ ကိုနိုင်နိုင်ဦးက ပြောပါတယ်။

“စစ်ဘေးရှောင်နေရတဲ့ အခြေအနေမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ဆေးရုံ၊ ဆေးခန်းနဲ့ ဆရာဝန်၊ သူနာပြု တွေ မရှိတာကြောင့် ကိုယ်ဝန်စမ်းသပ်ခွင့်မရသလို ဗိုက်ထဲက ကလေးအနေအထားမှန်မမှန်ကိုတောင် မသိရဘူး” လို့ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးကလည်း ပြောပါတယ်။

တချို့စစ်ဘေးရှောင်ကျေးရွာကြီးတချို့မှာတော့ ဆေးခန်းတချို့၊ သူနာပြုဆရာမ တစ်ယောက်စ၊ နှစ်ယောက်စရှိ ပေမယ့် ဆေးရုံ၊ ဆေးခန်းတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုပစ်မှတ်တွေဖြစ်နေတာကြောင့် ဆေး ခန်းသွားပြချင်ရင်တောင် မပြရဲတဲ့အခြေအနေဖြစ်နေကြတယ်လို့ ဆိုပါတယ်။

“လေကြောင်းတိုက်ခိုက်မှုက တော်တော်ဆိုးလာတယ်။ တလောက ဆေးခန်းသွားပြချိန် လေယာဉ်နဲ့ ဗုံးလာကြဲလို့ ဗိုက်တလုံးနဲ့ ပုန်းမရ၊ ခိုမရဖြစ်ခဲ့ရတယ်။ တချို့ကိုယ်ဝန်ဆောင်တွေဆို အဲဒီနေရာမှာတင် သတိလစ်သွားကြတယ်” လို့ လေယာဉ်ဗုံးကြဲချိန် ကြုံတွေ့ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့နယ်အများစုကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပေမယ့် လူတွေရဲ့ အခြေခံလိုအပ် ချက်ဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးအပိုင်းတွေ ပုံမှန်မလည်ပတ်နိုင်သေးသလို စစ်ကောင်စီရဲ့ လေကြောင်းတိုက် ခိုက်မှုရန်ကလည်း မလျော့ကျသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှုတွေက ပုံမှန်လူတွေထက် ကိုယ်ဝန်ဆောင်တွေအတွက် သွေးလန့်စေတာ၊ အထိတ်တလန့် ဖြစ်စေတာတွေ ကြုံရပြီး အရေးပေါ် သူနာပြု၊ ဆရာဝန်တွေ ခေါ်ယူပြသဖို့ကလည်း ဆရာဝန်၊ သူနာပြု မလုံလောက်မှုက ကြီးမားတဲ့ ပြဿနာဖြစ်နေတယ်လို့ ပြောပါတယ်။

ကမ္ဘာပေါ်မှာ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်စဉ် ဒါမှမဟုတ် မီးဖွားစဉ်မှာ နှစ်မိနစ်ကို တစ်ယောက်နှုန်း အသက်သေဆုံးနေကြရပြီး အဲဒီသေဆုံးသူတွေထဲကအများစုဟာ ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေကြောင့် ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် ကုလသမဂ္ဂရဲ့ ထိပ်တန်းအေဂျင်စီလေးခုနှင့် ကမ္ဘာ့ဘဏ် ကထုတ်ပြန်တဲ့ အစီရင်ခံစာတခုမှာ ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေမှာ စစ်ရှောင်နေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတချို့ဟာ ကလေးမမွေးနိုင်ဖြစ်ပြီး မိခင်ရော ကလေးပါ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေရှိနေတယ်လို့ စစ်ရှောင်အမျိုးသမီးတွေ ကဆိုပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်ချက်တွေက အများကြီးရှိနေသေးတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စိန်ခေါ်မှုဟာ မြင့်မားနေဆဲ ဖြစ်နေတယ်လို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အတတ်နိုင်ဆုံးတော့ ထိန်းကြတာပဲ။ ကိုယ်ဝန်ရှိသွားတာကို ဘယ်လိုမှ မတတ်နိုင်ဘူး။ ဘယ်လိုအခြေအနေ ဖြစ်ဖြစ် မိခင်တယောက်အနေနဲ့ မီးဖွားချိန်ကို ရင်ဆိုင်ကျော်ဖြတ်ဖို့ အခုတည်းက စိတ်ကိုပြင်ဆင်ထားတယ်”လို့ ကိုယ်ဝန် သုံးလလွယ်ထားတဲ့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

ဇနီးသည်သေဆုံးသွားတဲ့ ဇူဘိုင်ကတော့ ကျန်ခဲ့တဲ့ကလေး ၄ ယောက်နဲ့အတူ ရှေ့ဆက်မယ့် သူ့ရဲ့ အစီအစဉ်ကို အခု လိုပြောပါတယ်။

“ကလေးတွေရဲ့ အမေမရှိတော့ဘူးဆိုတော့ ကျနော်ကပဲ ကလေးတွေရဲ့ အဖေ၊ ကလေးတွေရဲ့ အမေ ဖြစ်သွားပါပြီ။ စီးပွားရေး၊ ဟင်းချက်၊ ထမင်းချက်အပြင် ကလေးတွေရဲ့ ဝေရာဝိစ္စ အကုန်လုံးကို ကျနော်ကပဲ တာဝန်ယူသွားဖို့ ကြိုးစားနေပါတယ်”

Author:

Related Articles