Home သတင်း ဂွမြို့နယ်အတွင်း အရေပြားရောဂါ အမျိုးသားထက် အမျိုးသမီး ပိုအဖြစ်များနေ

ဂွမြို့နယ်အတွင်း အရေပြားရောဂါ အမျိုးသားထက် အမျိုးသမီး ပိုအဖြစ်များနေ

ရခိုင်ပြည်၊ ဂွမြို့နယ် စစ်ဘေးရှောင်နေရာတွေက အရေပြားရောဂါဖြစ်နေသူ လူဦးရေ ၃၈၀၀ လောက်မှာ အမျိုး သားတွေထက် ရေပိုကိုင်နေရတဲ့ အမျိုးသမီးတွေက ပိုပြီးအဖြစ်များနေတယ်လို့ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီ ရေးပူးပေါင်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရေပြားရောဂါ ဖြစ်ပွါးနေသူတွေကို  ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့က ကျန်းမာရေးဆေး ဝန်ထမ်းတွေနဲ့ ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး အရေပြားရောဂါဖြစ်ပွားနေသူ ၃၈၀၀ ခန့်မှာ ၂၀၀၀ ကျော်ဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို အမျိုးသားတွေထက် အမျိုးသမီးတွေပိုပြီးဖြစ်ပွါးနေတာဟာ အိမ်မှုကိစ္စ၊ သားသမီးတွေကို ပြုစုစောင့် ရှောက်တဲ့အခါ အမျိုးသမီးတွေက ရေအများဆုံးကိုင်ပြီးလုပ်ကိုင်နေရတဲ့အတွက်ဖြစ်တယ်လို့ စစ်ရှောင်အမျိုး သမီးတစ်ဦး ကပြောပါတယ်။

“မနက်မိုးလင်းရင် ရေခပ်၊ အိုးတိုက်၊ အဝတ်လျှော်၊ ညနေပိုင်းကလေးတွေကို ရေချိုးပေး အဲဒါတွေအကုန်လုံးက အမျိုးသမီးအများစုရဲ့ အလုပ်လိုဖြစ်နေတယ်။ အဲဒီလို တနေကုန်နီးပါးရေကိုင်နေရတဲ့ အမျိုးသမီးတွေကရေ ကြောင့်ဖြစ်တဲ့ အရေပြားရောဂါ ပိုအဖြစ်များတာပေါ့”လို့ သူကပြောပါတယ်။

ဂွမြို့နယ်အတွင်း အရေပြားရောဂါဖြစ်ပွါးရတဲ့ အဓိကအကြောင်းအရင်းက ရေမသန့်ရှင်းတဲ့အတွက်ကြောင့်ဖြစ် တယ်လို့ သုံးသပ်ထားကြပြီး ကုသဖို့အတွက် ဆေးဝါးနှင့် တခြားအကူညီတွေ လိုအပ်နေတယ်လို့ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့ကလည်း ဆော်ဩထားပါတယ်။

ရခိုင်မှာ ဂွမြို့နယ်တစ်ခုတည်း အရေပြားရောဂါ ဖြစ်ပွါးနေတာမဟုတ်ဘဲ တခြားမြို့နယ်က စစ်ရှောင်စခန်းတွေမှာ လည်း အရေပြားရောဂါဖြစ်ပွါးနေသူတွေ ရှိနေတယ်လို့ သိရပါတယ်။

Author:

Related Articles