အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၃ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်း အရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။
ရန်ကုန်ဆေးရုံကြီးမှ ခိုးယူခံလိုက်ရတဲ့ ရက်သားကလေးငယ်ကို ပြန်တွေ့
ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဗဟိုအမျိုးသမီးဆေးရုံကနေ ခိုးယူခံလိုက်ရတဲ့ ရက်သားအရွယ် ကလေးငယ်ကို သင်္ကန်းကျွန်းမြို့နယ်ထဲက တိုက်ခန်းတစ်ခန်းမှာ ပြန်တွေ့ခဲ့ပြီလို့ သိရပါတယ်။
အောက်တိုဘာ ၃၀ ရက် မနက်ပိုင်းမှာ ကလေးငယ်ပျောက်ဆုံးတဲ့သတင်းကို မိသားစုနဲ့နီးစပ်သူက လူမှုကွန်ရက်မှာ ကလေးငယ်ရဲ့ ဓာတ်ပုံနဲ့အတူ တင်ခဲ့တာကြောင့် လူမှုကွန်ရက်သုံးစွဲသူတွေကြား မျှဝေမှတ်ချက်ပေးခဲ့ကြပါတယ်။
ဆေးရုံမှာ ခိုးယူခံလိုက်ရတဲ့ရက်သားအရွယ် ကလေးငယ်ကို သင်္ကန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက်၊ မေတ္တာ ၂ လမ်းထဲက တိုက်ခန်းတခုမှာနေထိုင်တဲ့အသက် ၂၀ အရွယ်အမျိုးသမီးလက်ထဲကနေ ဒီနေ့ မွန်းလွဲပိုင်းမှာ ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။
Source – BBC
မိဘမဲ့ကျောင်း စီးနင်းခံရပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် လူလေးဆယ်ခန့် ဖမ်းဆီးခံရ
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ရွာက မိဘမဲ့ပရဟိတကျောင်းကို စစ်ကောင်စီစစ်ကြောင်းက အောက်တိုဘာ ၂၉ ရက် မနက် ဆယ်နာရီခန့်မှာ ဝင်ရောက်စီးနင်း တပ်စွဲပြီးနောက် မိဘမဲ့ကလေးတွေနဲ့ အမျိုးသမီးတွေအပါအဝင် ကူညီလုပ် ကိုင်ပေးသူ စုစုပေါင်း ၄၀ ခန့်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံမှ သိရပါတယ်။
ကြို့ပင်ကောက်မြို့နဲ့ ၁၅ မိုင်ခန့်ဝေးတဲ့ အဆိုပါပရဟိတကျောင်းမှာ မိဘမဲ့ကလေး နှစ်ရာခန့်ရှိပြီး ဘုန်းတော်ကြီးနဲ့ ရပ်ရွာက ကျွေးမွေးစောင့်ရှောက်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်သား အင်အား ၁၅၀ ခန့်က သင်္ခရိုင်ရွာကိုဝင်ရောက်ချိန် ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက်မှာ ဒီကျောင်းကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာလို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF အဖွဲ့မှ တပ်ခွဲမှူး ကိုတေဇမင်းကပြော ပါတယ်။
“ကျွန်တော်တို့ ဖမ်းဆီးထားတာ ကြားသိရတာတော့ ကိုးတန်း၊ ဆယ်တန်းအရွယ်တွေနဲ့ အဲဒီကျောင်းမှာဝေယျာဝစ္စ လုပ်ပေးနေတဲ့ အမျိုးသမီး ဆယ်ဦးလောက်ရှိတယ်ဗျ။ အသက်အရွယ်ကြီးတဲ့ ကလေးအယောက် သုံးလေးဆယ်လောက်ဖမ်းထား တယ်လို့သိရတယ်။”
ဒီနေ့မနက်မှာတော့ စစ်ကောင်စီတပ်သားတချို့က ပြန်ထွက်ခွာသွားပေမဲ့ အင်အားခုနစ်ဆယ်ခန့်က ကျောင်းထဲမှာ ဆက်လက်တပ်ဆွဲနေပြီး ကလေးတွေနဲ့ ဒေသခံတွေဟာ ကျောင်းဝင်းထဲမှာရှိနေဆဲဖြစ်ပါတယ်။
Source – RFA
စလင်းမှာ အမျိုးသမီး ၁ ဦးအဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပြီး ကျူးလွန်သူကို မြို့နယ်ပကဖက ဖမ်းဆီးအရေးယူ
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အမျိုးသမီး ၁ ဦးကို အလိုမတူဘဲအဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့ အသက် ၄၂ နှစ် အရွယ်ဦးစံကို ဖမ်းဆီးအရေးယူထားတယ်လို့ မင်းဘူးခရိုင်ပကဖထံက သိရပါတယ်။
မြောင်းသစ်ကျေးရွာနဲ့ ဂုံညှင်းနွယ်ကျေးရွာအကြား လယ်ကွင်းစပ်အနီး မြောင်းသစ်ကျေးရွာနေ အသက် ၃၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးမှာ မိန်းမကိုယ်ပြတ်တောက်၊ ညာဘက်ရင်သားပြတ်ထွက်၊ ဝမ်းဗိုက်ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာကို လယ်သမားတွေက တွေ့ရှိပြီး စလင်းပကဖထံအကြောင်းကြားလာလို့ ပူးပေါင်းစုံစမ်းမှုတွေလုပ်တဲ့အတွက် တရားခံကို ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။
အခင်းဖြစ်ပွားတဲ့အောက်တိုဘာ ၂၁ ရက် မနက် ၆ နာရီကျော်မှာ သေဆုံးသူအမျိုးသမီးလယ်ထဲသွားချိန် ဦးစံက နောက်က နေလိုက်သွားခဲ့ကြောင်း၊ လယ်တဲနားအရောက်မှာ ဦးစံက အဓမ္မပြုကျင့်ဖို့ကြိုးစားတာကို လက်မခံတဲ့အတွက် အနီးအနားတွေ့ရတဲ့ မြေတူးဂေါ်ပြားအကြီးနဲ့ အမျိုးသမီးရဲ့ဦးခေါင်းကိုရိုက်နှက်ပြီး သတိလစ်သွားမှ မုဒိမ်းကျင့်ခဲ့တာဖြစ်ပါတယ်။
Source – မြေလတ်အသံ
ကန့်ဘလူမှာ စစ်တပ်က အမျိုးသမီး (၃) ဦး အပါအဝင် အရပ်သား(၃၇)ဦးဖမ်းဆီး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ အိုင်ပေါင်းချောင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး အမျိုး သမီး (၃) ဦးအပါအဝင် အရပ်သား (၃၇) ဦးကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရေဦးမြို့နယ်အခြေပြု People’s Defense Comrade က ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)ကပြောပါတယ်။
ဒါ့အပြင် စစ်တပ်က ကျီစုရွာနဲ့ ကျောက်တိုင်ရွာတို့ကို ထပ်မံဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသယ်ထုတ်တဲ့ အ ပြင်နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ကြပြီး ကား (၃)စီးနဲ့ ကာဘိုးစခန်းကနေတဆင့် ကန့်ဘလူ(၆၀၀၆)ခွေးတပ်အတွင်းကို ခိုးရာ ပါပစ္စည်းတွေနဲ့အတူ ဖမ်းဆီးခံအရပ်သား (၃၇)ဦးတို့ကို ခေါ်ဆောင်သွားတာဖြစ်ပါတယ်။
စစ်တပ်ရဲ့ဖမ်းဆီးမှုကြောင့် ရေဦး၊ ခင်ဦး၊ ကန့်ဘလူ ၃ မြို့နယ်ချုပ်စပ်ရှိ အိုင်ပေါင်းချောင်၊ အောင်ချမ်းသာ၊ ကျောက်တိုင်၊ ကျီစု၊ ပင်စိမ်းခင်းနဲ့ မုံလှစတဲ့ ကျေးရွာ (၆) ရွာက အရပ်သားတွေ ၅ ထောင်ဝန်းကျင် ဘေးလွတ်ရာကို စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
Source – ဖက်ဒရယ် FM
ဖလမ်းမှာ လက်နက်ကြီးကြောင့် ကျောင်းဆရာမတစ်ဦး သေဆုံး
ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တလန်လိုရပ်ကွက်မှာ အောက်တိုဘာလ ၂၈ ရက်က စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက် ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် ကျောင်းဆရာမတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
မနေ့က ည ၉ နာရီဝန်းကျင်မှာ အသက် ၃၈ နှစ်အရွယ် ကျောင်းဆရာမ ဒေါ်ဗန်ကျဲကျင့်ရဲ့ နေအိမ်ပေါ်ကို လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ဖလမ်းမြို့ အောက်ပိုင်းမှာ အောက်တိုဘာလ ၂၅ ရက်ကစလို့ ၂၇ ရက်အထိ စစ်တပ်နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အရပ်သားထိခိုက်မှုတွေလည်းရှိနေသလို တိမ်းရှောင်နေကြ သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၅ ရက်နေ့မှာ အမျိုးသားနှစ်ဦးနဲ့ ၂၆ ရက်နေ့မှာ တောင်ယာမှာ စိုက်ပျိုးရေးလုပ်ငန်းခွင်ဝင်နေတဲ့ အမျိုး သမီးတစ်ဦးလည်း စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာတွေရခဲ့ပါသေးတယ်။
Source – RFA
နွားထိုးကြီးတွင် အကြော်သည်ဇနီးမောင်နှံ လက်နက်ကြီးကျည်ထိမှန်သေဆုံး
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရဲစခန်းရှိ စစ်တပ်က တောင်သာ-နွားထိုးကားလမ်းမဘေး ထနောင်းပင်လဲကျေးရွာက နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၅၀ ကျော်အရွယ် ဇနီးမောင်နှံနှစ်ဦး သေဆုံးခဲ့ရပါတယ်။
“နှစ်ယောက်စလုံးဆုံးသွားပြီ။ အမျိုးသားက ညကတည်းက အခြေအနေမကောင်းဘူး၊ နောက်ကျော ဖောက်ထွက်သွားတာ တည့်တည့်ကျတာဆိုတော့။ အမျိုးသမီးကလည်း မျက်နှာစုတ်ပြတ်သတ်သွားတယ်”လို့ နွားထိုးကြီးဒေသခံတစ်ဦးက ပြောပါ တယ်။
သေဆုံးသူတို့မှာ ဦးလှရှိန်နှင့် ဒေါ်ရွှေမြတို့ ဖြစ်ပြီး နွားထိုးကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ဆောက်လုပ်ရေးရုံးနဲ့ အထက ၁ ကျောင်းတွေမှာ စစ်တပ်က အထိုင်ချတပ်စွဲထားတာဖြစ်ပါတယ်။
Source – Myanmar Now
ပရဟိတအဖွဲ့ချုပ်ရုံး စီးနင်းခံရပြီး အမျိုးသမီးနဲ့ အမျိုးသားစုစုပေါင်း ရှစ်ဦး ဖမ်းဆီးခံရ
မန္တလေးမြို့၊ အောင်မြေသာစံမြို့မှာရှိတဲ့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ရုံးချုပ်ကို စစ်တပ်က အောက်တို ဘာ ၂၆ ရက်နေ့က ဝင်ရောက်စီးနင်းပြီး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်တင့် အပါအဝင် အသင်းသားရှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ အသင်းနဲ့နီးစပ်သူတွေထံမှ သိရပါတယ်။
“ဥက္ကဋ္ဌ အပါအဝင် ရုံးအဖွဲ့သားအားလုံးကို ဖမ်းသွားတယ်လို့ ကျွန်တော်တို့ ကြားရတာ။ ခုနစ်ဦး၊ ရှစ်ဦးလောက် ပါတယ်။ မိန်းကလေးရော၊ ယောက်ျားလေးရောပေါ့။ ကားကတော့ အရပ်ကားလို့ ပြောတယ်။ ရုံးက ကလေးတွေကို မေးကြည့်တော့ တပ်မတော်ကလို့ပဲ ကျွန်တော်တို့ သိရတယ်။ အခုချိန်ထိတော့ သတင်းအစအနကို မရဘူး။ အဆက်အသွယ်လည်း မရ သေး တော့ ကျွန်တော်တို့က အကုန်လုံး မသိသေးဘူးဗျ”
ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဟာ မန္တလေးတိုင်းအပြင် နေပြည်တော်၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ရှမ်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ မိတ်ဖက်အသင်းအဖွဲ့ ၂၅၀ နီးပါး၊ အသင်းသားအင်အား လေးထောင်ခန့်နဲ့ ကျန်း မာရေး၊ နာရေးနဲ့ သဘာဝဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ သက်တမ်း နှစ်ဆယ်ခန့်ရှိတဲ့ ပရဟိတအဖွဲ့တစ်ခုဖြစ်ပါတယ်။
မန္တလေးမြို့က ရုံးချုပ်မှာ အသင်းသား တစ်ရာကျော်ရှိပြီး အခုတော့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေအားလုံးကို ရပ်နားထားရတယ်လို့လည်း အသင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အသင်းဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကိုတော့ စစ်တပ်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။ အခုလိုဖမ်းဆီးခံရတာဟာ ပြီးခဲ့တဲ့အောက်တိုဘာ ၈ ရက်က မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ဈာပနကို လိုက်ပါပို့ဆောင်ပေးခဲ့တာကြောင့် ဖြစ်နိုင်သလို PDF အဖွဲ့တွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ထင်ကြေးပေးနေပါတယ်။
Source – RFA
ကျောက်ကြီးမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ သားအမိ ၂ ဦးဒဏ်ရာရ
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ငနွားဆိပ်ကျေးရွာမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိမှန်ပြီး သားအမိ ၂ ဦးဒဏ်ရာရခဲ့တယ် လို့ အောက်တိုဘာ ၃၀ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။
လက်နက်ကြီးထိလို့ အသက် ၁၃ နှစ်အရွယ် မရတနာလင်းမှာ ခြေထောက်၊ မျက်လုံးတို့ထိခိုက်ခဲ့သလို မိခင်ဖြစ်သူ ဒေါ်လဲ့လဲ့ဝင်းမှာ ဘယ်ဘက်နားအနောက်ဘက်မှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရတာဖြစ်ပါတယ်။
ပစ်ခတ်တဲ့နေ့မှာ စစ်တပ်က သေဂေလူကျေးရွာအတွင်းကို စစ်ကြောင်းထိုးဝင်နိုင်ဖို့ လက်နက်ကြီး စုစုပေါင်း ၂၈ လုံး ခန့် ပစ် ခတ်ခဲ့ရာ သေဂေလူကျေးရွာအတွင်းကို ၂၆ လုံးခန့် ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ၂ လုံးမှာ ငနွားဆိပ်ကျေးရွာအတွင်း ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source – မြေလတ်အသံ
မကွေးတိုင်းမှာ စစ်ကြောင်းထိုးလို့ တစ်လအတွင်း အမျိုးသမီးနဲ့ ကလေးအပါအဝင် သုံးဆယ်နီးပါး သေဆုံး
အောက်တိုဘာလအတွင်း မကွေးတိုင်းမှာ စစ်တပ်က မြေပြင်ရော ဝေဟင်ကပါ စစ်ကြောင်းထိုး ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူ ၂၆ ဦးသေဆုံးပြီး ၄၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ထီးလင်းမှာ ၁၄ ဦး၊ ပခုက္ကူမှာ သုံးဦး၊ ချောက်မှာ သုံးဦး၊ ဂန့်ဂေါမှာ သုံးဦး၊ ပေါက်မှာ နှစ်ဦးနဲ့ ဆောနယ်မှာ တစ်ဦး သေဆုံး ခဲ့ပြီး ဒီအထဲမှာ ကလေးနဲ့ အမျိုးသမီးတွေအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ပါ ပါဝင်တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်းမှာ ဆောမြို့နယ်၊ ကံချောင်းရွာကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် လေးဦး ဒဏ်ရာရခဲ့ပြီး နေအိမ်နှစ်ဆယ်ခန့် ပျက်စီးခဲ့ပါတယ်။
ဒဏ်ရာရခဲ့သူတွေက အသက် ၁၁ နှစ်အရွယ် မယွန်းဝတီ၊ အသက် ၇၂ နှစ်အရွယ် ဦးသာအေး၊ အသက် ၅၀ အရွယ် ဦးကျော် မြင့်နဲ့ အသက် ၄၂ နှစ်အရွယ် ဦးအောင်မင်းထွန်းတို့ ဖြစ်ပါတယ်။
Source – RFA
လူငယ်အမျိုးသမီးနဲ့ အမျိုးသားတွေကို စစ်တပ်က ဖမ်းဆီးပြီး နေအိမ်မီးရှို့
သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ အရပ်သားတွေကို ဖမ်းဆီးပြီး နေအိမ်သုံးလုံးကို မီးရှို့ ဖျက်ဆီးထားကြောင်း ဥတ္တူနဲ့ သရက်နှစ်ခွရွာဒေသခံအချို့က ပြောပါတယ်။
ဥတ္တူရွာဘက်ကို စစ်ကြောင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး အောက်တိုဘာလ ၂၈ ရက် နံနက် ၆ နာရီခန့်မှာ ရွာထဲဝင် လာ ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်က ကထိန်ခင်းအလှူလုပ်နေတဲ့အချိန်ဖြစ်ပြီး အလှူမှာ ထမင်းချက်နေတဲ့အမျိုးသမီးတွေနဲ့ လူ ငယ်တွေကို ဖမ်းဆီးခဲ့တာပါ။
“မီးလောင်တာ မနေ့က သုံးအိမ်၊ ဒီနေ့လည်း ရှို့နေတယ်။ စစ်ကြောင်းက ညီမသိတာ နှစ်ကြောင်း။ ဖမ်းခံရတာ များတယ်။ ရွာမှာ အလှူနေ့က လူငယ်ပိုင်းကို ညီမသိတာ ၁၀ လောက်ရှိတယ်။ အလှူထမင်းချက်တဲ့မိန်းမကြီးတွေလည်းပါတယ်။ အလှူ ပျက်သွားတယ်”လို့ ပြောပါတယ်။
အလှူကိုလာသည့် အခြားရွာက ရဟန်းတစ်ပါးကိုလည်း ဖမ်းဆီးခဲ့ပြီး အောက်တိုဘာလ ၂၉ရက် နေ့လယ်မှာတော့ ပြန် လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။
Source – Dawei Watch
စစ်တပ်ကဗုံးကြဲလို့ အမျိုးသမီးငယ်တစ်ဦးအပါအဝင် အရပ်သား လေးဦးဒဏ်ရာရ
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကံချောင်းရွာကို စစ်အုပ်စုက ထိတွေ့ပစ်ခတ်မှုမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးငယ်တစ်ဦးအပါအဝင် အရပ်သားလေးဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၃၀ ရက် ည ၁၂ နာရီလောက်မှာ ကံချောင်းရွာထဲကို ဗုံးသီး ၂ လုံးနဲ့ တပြိုင်တည်း ကြဲချခဲ့တာကြောင့် အသက် ၇၂ နှစ်အရွယ် ဦးသာအေး၊ ဦးကျော်မြင့် ၅၀ နှစ်၊ ဦးအောင်မင်းထွန်း ၄၂ နှစ်၊ မယွန်းဝတီ ၁၁ နှစ်တို့ ဒဏ်ရာရခဲ့ပြီး နေအိမ် ၅ လုံးလည်း ထိမှန်ပျက်စီးခဲ့တာပါ။
လက်ရှိမှာတော့ ထွက်ပြေးတိမ်းရှောင်နေတဲ့ဒေသခံတွေဟာ ကျေးရွာထဲကို ပြန်လည်ဝင်ရောက်နေထိုင်နေကြပြီလို့ သိရပါတယ်။
Source – မြေလတ်အသံ
အမ်းနဲ့တောင်ကုတ်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးနှစ်ဦးအပါအဝင် ကိုးဦးသေဆုံး
ရခိုင်ပြည်နယ်တောင်ပိုင်း အမ်းနဲ့ တောင်ကုတ်မြို့နယ်မှာ စစ်တပ်ရဲ့လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုး သမီးနှစ်ဦးအပါအဝင် အရပ်သား ကိုးဦးထက်မနည်း သေဆုံးပြီး လူနှစ်ဆယ်နီးပါး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
အောက်တိုလာလ ၃၀ ရက် မနေ့က တောင်ကုတ်မြို့နယ် မောင်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ကြောင့် ကလေးတွေ အပါအဝင် အရပ်သား ငါးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ အမ်းမြို့မှာတော့ အောက်တိုဘာလ ၂၈ ရက်နေ့က မြို့ဟောင်းရပ်ကွက်နဲ့ အမှတ် (၄) ရပ်ကွက်ထဲ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးနှစ်ဦးအပါအဝင် အရပ်သား လေးဦးထက်မနည်း သေဆုံးပြီး နောက်ထပ် လူတစ်ဆယ်ကျော် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
မြို့ဟောင်းရပ်ကွက်က နှစ်ဦးနဲ့ အမှတ် (၄) ရပ်ကွက်က နှစ်ဦးသေဆုံးသွားတာဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တချို့လည်း မီးလောင်သွားတယ်လို့ အမ်းဒေသခံတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေတာ ၁ နှစ်နီးပါးရှိပါပြီ။ လက်ရှိမှာတော့ အမ်း၊ မောင်တောနဲ့ ဂွမြို့နယ်တွေမှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။
Source – RFA
ပြည်နဲ့ သရက်မှာ အမျိုးသမီး ၆ ဦးအပါအဝင် အရပ်သား ၁၁ ဦးဖမ်းဆီးခံရပြီး နေအိမ်ချိပ်ပိတ်ခံရ
ပဲခူးတိုင်း၊ ပြည်မြို့နဲ့ မကွေးတိုင်း သရက်မြို့နယ်က အမျိုးသမီး ၆ ဦးနဲ့ ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ၁၁ ဦးထိ စစ် တပ်က ဖမ်းဆီးထားပြီး နေအိမ်တွေချိပ်ပိတ်ထားတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ပြည်မြို့၊ နဝင်းရပ်ကွက်နေ အသက် ၃၀ ကျော်အရွယ် ကိုဖိုးဝလေးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက်မှာ သရက်မြို့ နယ်နဲ့ ပြည်မြို့ပေါ်ရပ်ကွက်အချို့က သူတွေပါထပ်ဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
သရက်မြို့နယ်၊ ရွာမကျေးရွာနေ ကိုငကွန်တို့ လင်မယား ၂ ဦး၊ ပြည်မြို့ကျောင်းကြီးအိုးတန်းရပ်ကွက်ရှိ အောင်လမင်းပွဲရုံ ပိုင် ရှင် လင်မယား၊ နဝင်းကွက်သစ် ၁၁ လမ်းနေ ကိုဘိုကြီး၊ မသင်းသင်းတို့လင်မယားနဲ့ ပြည်ဈေးကြီးထဲက ဒေါ်ခင်မျိုးဆွေ တို့ ဖမ်းဆီးခံလိုက်ရပါတယ်။
ဒါ့အပြင် သရက်မြို့နယ်နေသူ အသက် ၅၅ နှစ်အရွယ် ဒေါ်ခင်ရီ၊ ဇနီးဖြစ်သူ အသက် ၃၃ နှစ်အရွယ် မဝါဝါလွင် (ခ) မဝါဝါနဲ့ သားဖြစ်သူ အသက် ၉ နှစ်အရွယ် မောင်အောင်ဘုန်းမြတ်တို့လည်း ထပ်မံဖမ်းဆီးခံရတာဖြစ်ပါတယ်။
Source – မြေလတ်အသံ