နန်းလောဝ်
အရောင်အဆင်းမရှိ အဝတ်အစားခပ်နွမ်းနွမ်းဖြင့် အသက် ၂၀ အရွယ် မိန်းကလေး တစ်ယောက် မျက်လွှာချကာ အမျိုးသမီး ၂ ဦးရှေ့ တွင် ခပ်ကြုံ့ကြုံ့ ထိုင်လျက် ရှိနေသည်။
“ကျွန်မနိုင်ငံခြားသွားချင်ပေမယ့်ပေးစရာတစ်ပြားမှမရှိဘူး”ဟု မိန်းကလေးထံမှ တိုးညှင်းစွာအသံ ထွက်လာသည်။
“ကိစ္စမရှိဘူး၊ မှတ်ပုံတင်နဲ့သန်းခေါင်စာရင်းရှိရင် ရပြီ၊ အမတို့ဘက်က အကုန်အစအဆုံး တာဝန်ယူလုပ်ပေးတယ်”ဟု အမျိုးသမီးတစ်ဦးက ဆိုလိုက်သည်။
“မှတ်ပုံတင်က ပေါင်ထားရတယ်”ဟု မိန်းကလေးက မဝံ့မရဲ ဖြင့် ပြောသည်။
“ဟင်မှတ်ပုံတင်ကပေါင်လို့ရတယ်ဟုတ်လား။ ဘယ်လောက်နဲ့ပေါင်ထားတာလဲ”ဟုအမျိုးသမီး၁ဦးမှအံ့ ဩတကြီး မေးမြန်းလိုက်သည်။
“၂ သောင်းနဲ့ပါ” ဟု မိန်းကလေးရဲ့ အပြောအပြီးအဆိုပါမိန်းကလေးရော အမျိုးသမီး ၂ ဦးပါ တိတ်ဆိတ်စွာဖြင့် ငြိမ်သက်သွားကြသည်။
မချို(အမည်လွှဲ)သည်ရွှေပြည်သာ စက်မှုဇုံရှိ အထည်ချုပ် စက်ရုံတွင် တစ်လ နှစ်သိန်းခွဲခန့်ဖြင့် အလုပ် လုပ်ကိုင်နေသည့် မိန်းကလေးတစ်ဦးဖြစ်သည်။ ဧရာဝတီတိုင်းရှိ ရွာတစ်ရွာမှ လာရောက် လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်သည်။
အချိန်ပိုလုပ်အားခ အပါအဝင် တစ်လငွေကျပ် ၃သိန်းနီးပါးသာရရှိပြီး မိသားစုဝင် ၆ ဦးရှိသည့်အနက် အကြီးဆုံးသမီးဖြစ်သူအနေဖြင့် မိသားစုကို ဦးဆောင်ရန်အတွက် နိုင်ငံခြားထွက်ရန် ဆုံးဖြတ်ရခြင်းဖြစ်သည်။
“အငယ်လေးတွေလည်း ရှိသေးတယ်။ ၁၀ တန်း တက်နေတုန်း ကျောင်းက နားလိုက်ရတော့ ဆက်လည်းမတက်ချင်တာနဲ့ အလုပ်လုပ်မယ်ဆိုပြီး ထွက်လာခဲ့တာ”ဟု မချိုက ပြောသည်။
မချိုသည် ရန်ကုန်ရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်ရန်အတွက် လွန်ခဲ့သည့် နှစ်နှစ်ခန့်က ထွက်လာခဲ့ခြင်းဖြစ်သည်။ ကိုဗစ်ကာလနှင့်အာဏာသိမ်းကာလကြား ကျောင်းနားလိုက်ရပြီး အလုပ်ပဲ လုပ်တော့မည်ဟုဆိုကာ အရဲစွန့် ထွက်လာခဲ့ခြင်းလည်း ဖြစ်သည်။
စက်ရုံမှ နေထိုင်ရန် အဆောင်စီစဉ်ပေးသော်လည်း နေ့စဉ် ကုန်ကျသည့် စားစရိတ်နှင့် အိမ်ကို ထောက်ပံ့ရသည့်ငွေကြေးကမလုံလောက်ဖြစ်လာခဲ့သည့်အတွက် သူငယ်ချင်းများရှိသည့်နိုင်ငံခြားသို့ အိမ်အကူ အလုပ်လုပ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
“ဟိုဘက်မှာ အလုပ်သွားလုပ်မယ်ဆိုရင် တစ်လကို အနည်းဆုံး ၁၀ သိန်းကျော် ၁၁ သိန်းလောက် ရမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် လုံလောက် နိုင်သေးတယ်လို့ တွေးမိတယ်။ အိမ်အလုပ်က အိမ်မှာလည်း လုပ်နေရတော့ လုပ်နိုင်မယ်လို့လည်း ထင်တယ်လေ”ဟု သူက ဆိုသည်။
၂၀၂၀ နောက်ပိုင်း ယူအေအီးနိုင်ငံများသို့ အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်လာသည့် အလုပ်သည် ၂၀၂၂ နောက်ပိုင်း ပိုများလာသည့် အနေအထားကို တွေ့လာရသည်။
အိုမန်၊ ဒူဘိုင်း၊ ဆော်ဒီ၊ အာရပ်နိုင်ငံများကို အဓိက သွားရောက်အလုပ်လုပ်ကိုင်လျှက်ရှိပြီး အဆိုပါ နိုင်ငံများသို့ အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်မည်ဆိုပါက ငွေကျပ်ကုန်ကျစရာမလိုအပ်ပဲ တစ်ဖက်နိုင်ငံရောက်မှသာ လုပ်အားခ ပြန်လည် ဖြတ်တောက်ခြင်းဖြစ်သည့်အတွက် အမျိုးသမီးအများစု စိတ်ဝင်တစားသွားလာကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့သို့ သွားရောက်အလုပ်လုပ်ကိုင်ရာတွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်အစရှိသည့်နယ်များမှ အမျိုးသမီးများအများဆုံးဖြစ်ပြီး အများအားဖြင့် အသက် ၂၀ မှ ၄၂ ဝန်းကျင် အရွယ်ရှိကြကြောင်း သိရသည်။
“အရင်ကဆို အသက် ၂၀ ပတ်ချာလည်တွေ သွားကြတယ် အခု နောက်ပိုင်း ကုန်ဈေးနှုန်းတွေကလည်းတက် မိသားစုတာဝန်ကို တစ်ဖက်က ထမ်းထားကြရတော့ အသက် ၃၀၊ ၃၅ တွေ တစ်ချို့ဆို အသက် ၄၀ ကျော်တွေပါသွားကြတော့တယ်။အိမ်မှာလည်းလုပ်ကြရတာပဲဆိုပြီးတော့ပေါ့”ဟုအထက်ပါနိုင်ငံများ သို့ပို့ဆောင်ပေးနေသည့် မအိ(အမည်လွှဲ)က ပြောသည်။
ဇွန်လ ၂၄ ရက်နေ့က ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်ကထုတ်ပြန်ခဲ့တဲ့စာရင်းအရ မြန်မာနိုင်ငံမှာရှိသည့် ပြည်သူ ၄၂ သန်းဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရသည်ဟုဆိုသည်။ စက်ရုံဝန်ထမ်းများအပါအဝင် အောက်ခြေလူတန်းစားအများအပြားကုန်ဈေးနှုန်း၏ ကြီးမြင့်မှုဒဏ်ကို အလူးအလဲခံရလျှက်ရှိနေသည်။
ပျှမ်းမျှနေ့စဉ် စားသုံးစရိတ် ၁၀၀၀၀ အထက်ရှိနေပြီး တနေ့တာ လုပ်အားခ ၁၀၀၀၀ မရသည့် ယနေ့ ခေတ်အခြေအနေရအခြားနိုင်ငံများသို့အိမ်အကူအနေဖြင့် သွားရောက်လုပ်ကိုင်ခြင်းများ အလွန်များပြားလာသည်ကိုတွေ့ရသည်။
အိမ်အကူ လုပ်သားအများဆုံးရောက်ရှိနေသည့်အိုမန်နိုင်ငံတွင် မြန်မာမိန်းကလေး လုပ်သား ၃ သောင်း ခန့်ရှိသည်ဟု အိုမန် နိုင်ငံတွင် အေဂျင်စီ ရုံးဖွင့်လှစ်ထားသူ အိန္ဒိယနိုင်ငံသား တစ်ဦးကပြောသည်။
“ငါတို့ ဘက်က လေယာဉ် ဗီဇာ အကုန် စီစဉ်ပေးတယ်။ အလုပ်တော့ ပင်ပန်းမယ်။ တကယ်လို့ ပြန်လာချင်ရင် သူတို့ သတ်မှတ်ထားတဲ့ငွေကို လျော်ပေးပြီး ပြန်လာလို့ ရတယ်”ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိ အိုမန်၊ ဒူဘိုင်းတို့ကို ပို့ဆောင်ပေးနေသည့် အေဂျင်စီများကို လူတစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ ကနေ သိန်း ၅၀ ကြား ပွဲစားခ အနေဖြင့် ပေးကြကြောင်း သိရသည်။
အိမ်ရှင်များမှအိမ်အကူများအတွက် တစ်ဦးလျှင် ငွေကျပ် သိန်း ၂၀၀ နီးပါး အကုန်ကျခံ ခေါ်ယူထားကြတာဖြစ်သည့်အတွက် သတ်မှတ်ထားသည့် နှစ်မပြည့်ပါက လျော်ကြေးပေးပြန်ခိုင်းတာဖြစ်ကြောင်း အိုမန်နိုင်ငံတွင် အေဂျင်စီ ရုံးဖွင့်လှစ်ထားသူ အဆိုပါအိန္ဒိယနိုင်ငံသားက ပြောသည်။
အဆိုပါ နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်မည် ဆိုပါက လက်ရှိ မြန်မာငွေကြေးနဲ့ တွက်ပါက တစ်လကို ၁၃ သိန်းနီးပါး ရရှိပြီးသက်တမ်း မပြည့်ပဲ ပြန်လာပါက သိန်း ၁၀၀ ကနေ ၁၅၀ ကြား လျော်ကြေးပေးရကြောင်း အေဂျင်စီများထံကနေသိရသည်။
နေ့စဉ်နာရီ ၂၀ နီးပါး အလုပ်လုပ်ကိုင်ရပြီး ပိတ်ရက်မရှိကြောင်းကိုလည်း အဆိုပါ နိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြသည့် အိမ်အကူ အမျိုးသမီးများထံက သိရသည်။
“ပင်ပန်းတာပေါ့တစ်အိမ်ကို မိသားစုက ၁၀ ယောက်နီးပါး ရှိကြတာ။ စစရောက်တုန်းကဆိုရင် နေ့မှန်း ညမှန်းတောင် မသိကြဘူး။ သူတို့တွေက နေ့ဆို အိပ်ကြတယ်။ ညမှ ထပြီး သွားကြ စားကြ သောက်ကြနဲ့။ နေ့တွေ ညတွေ မှားပေါ့။ အရမ်း ပင်ပန်းလွန်းလို့ ပြန်ချင်စိတ်ဖြစ်ပေမယ့်လည်း လျော်ပေးရမယ့် ပိုက်ဆံနဲ့မြန်မာပြည်ပြန်ရင်လည်း ဘာလုပ်ကိုင် စားသောက်ရမလဲဆိုတဲ့ စိတ်နဲ့ ကြိတ်မှိတ်နေနေရတာ”ဟု အိုမန်နိုင်ငံကို လွန်ခဲ့သည့် ၈လ ခန့်က ရောက်နေသည့် ဧရာဝတီတိုင်းမှ အသက် ၃၅ နှစ် အရွယ် မညိုညိုက ပြောပြသည်။
အဆိုပါ နိုင်ငံများမှ အိမ်အကူ များအတွက် လစာ အချိန်မှီပေးရေး၊ အစားအသောက် ဝလင်စွာ ကျွေးမွေးရေး၊ ဆေးကုသမှုများနှင့် အားလပ်ရက် နားရက်များကို ပေးရေး အစရှိသည့် ဥပဒေများ သတ်မှတ် ထားသော်လည်း အများစုသည် လစာ အချိန်မှီ မရရှိခြင်း၊ နားရက်မရှိခြင်းတို့ ကြုံတွေ့ရသည်ဟု မြန်မာအိမ်အကူအများစုက ပြောသည်၊။
“ဒီမှာက တစ်ခုခု ဖြစ်လို့ တိုင်မယ်ဆိုလည်း သံရုံးလည်း မရှိဘူး။ အဲ့တော့ သည်းခံရတာပေါ့။ အရမ်းဆိုးရွားရင်တော့ အေဂျင်စီရုံးကို ပြောရတယ်။သူတို့က အိမ်ပြောင်းတာတွေ လုပ်ပေးတယ်”ဟု မညို ညို က ထပ်မံပြောပြသည်။
အဆိုပါ နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် အိမ်အကူများတွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ အာဖရိက စသည့် နိုင်ငံများမှလည်း လာရောက် လုပ်ကိုင်ကြကြောင်း သိရသည်။
အိုမန် နိုင်ငံတွင် အိန္ဒိယ၊အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့၏ သံရုံးများရှိသည့်အတွက် အေဂျင်စီများနှင့် အိမ်ရှင်များသည် အခွင့်အရေး ကောင်းမွန်စွာပေးထားပြီး မြန်မာများကိုမူ တိုင်လို့မရသည့် အကြောင်းပြချက်များဖြင့် အလွန်အကျွံ ခိုင်းစေမှုများ၊ ရိုက်နှက်မှုများ ပြုလုပ်ကြပြီး အချို့ မိန်းကလေးများသည် အနိုင်ကျင့်စော်ကားခံရမှုများပါ ရှိကြောင်း လက်ရှိလုပ်ကိုင်နေသည့် အိမ်အကူများကပြောပြသည်။
“အလုပ်လုပ်နေရင်း အိမ်ရှင်ရဲ့ အဖေက ပုဆိုးလှန်ပြတာ၊ ကိုယ်ကတော့ သူ လုပ်တာကို ဗီဒီယို ရိုက်ထားပြီး အေဂျင်စီကိုပြတာ ပထမကတော့ မဟုတ်တာ မပြောနဲ့ ဆိုပြီး ပါးရိုက် နားရိုက်တာတွေ လုပ်တယ်။ ဗီဒီယို ရိုက်ထားတာကို ပြလိုက်တော့မှ အိမ်ပြောင်းပေးတာတွေ လုပ်ပေးတာ”ဟု လက်ရှိ လုပ်ကိုင်နေသည့် အိမ်အကူ အမျိုးသမီး မအိမြတ်(အမည်လွှဲ)က ပြောပြသည်။
ပြီးခဲ့သည့် ဇူလိုင်လ အတွင်း မြန်မာအမျိုးသမီးတစ်ဦး မုဒိန်းကျင့်ခံခဲ့ရပြီး အိုမန်နိုင်ငံ အိမ်အကူများ ဂရုတွင်ဆူညံသွားခဲ့ပြီး အိမ်ရှင်၏ လျော်ကြေးပေးမှုကြောင့် ပြန်လည်ငြိမ်သက်သွားကြောင်း အိုမန်ရောက် အိမ်အကူအချို့က ပြောပြသည်။
“အမြဲ ကြားနေရတာပဲ..အဲ့ဒီကိစ္စတွေက လျော်ကြေးနဲ့ ပြန်ပြေလည်ကြတာ များပါတယ်။ အမှု တစ်ခုခုဖြစ်လို့ ပြန်ပို့ခံရရင်ဆိုတဲ့ စိတ်နဲ့ တစ်ချို့ကြတော့လည်း ပေးတဲ့ လျော်ကြေးလေးနဲ့ ငြိမ်လိုက်ကြတာပေါ့။ သူများ နိုင်ငံမှာဆိုတော့ ဘာသာ စကားကလည်း အခက်အခဲ ရှိကြတယ်လေ” ဟု အိုမန်အိမ်အကူ များဂရုထဲမှ အမျိုးသမီးတစ်ဦးက ပြောသည်။
ဒူဘိုင်းနိုင်ငံသို့ တစ်နှစ်ခွဲကြာ သွားရောက်အလုပ်လုပ်ကိုင်ရာမှ အဆင်မပြေသည့် မိန်းကလေး တစ်ဦးအား သံရုံးအစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သည့် သတင်းကို ဇူလိုင်လအလယ်က MRTV သတင်းမှာ ကြေညာခဲ့ပြီး မြန်မာသံရုံးအနေဖြင့် ဒုက္ခရောက်၍ လာရောက်တိုင်ကြားတာတွေ ရှိပါက စီစစ်တုံ့ပြန်မှုများကို ပြုလုပ်ကာ ပြန်ပို့ပေးတာတွေ ပြုလုပ်ကြောင်း အဆိုပါ သတင်းတွေ ထည့်သွင်း ကြေညာထားသည်။
“ပို့ပေးတဲ့ သူတွေကလည်း တာဝန်ယူမှု တာဝန်ခံမှုဆိုတာက နားလည်မှုတွေနဲ့ပဲ လုပ်ကြတာပဲ။ တချို့ တွေက ပို့ပေးပြီး ပြီးသွားတာ၊ ဟိုဘက်မှာ ဘာဖြစ်ဖြစ် တရားဝင် အေဂျင်စီတွေ မဟုတ်ကြတော့ တိုင်လို့လည်း အရေးယူလို့ မရကြဘူး။”လို့ပြည်တွင်း တရားဝင် အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ နိုင်ငံများသို့ ပို့ဆောင်နေသည့် အိမ်အကူ လုပ်ငန်းများသည် တရားဝင်သတ်မှတ်ထားသည့် အလုပ်များမဟုတ်ပဲ အစိုးရခြင်း နားလည်မှုဖြင့် ချိတ်ဆက် သွားရောက်လုပ်ကိုင်ရသည့် အလုပ်များဖြစ် သည့်အလျောက် တာဝန်ယူမှုပိုင်းဆိုင်ရာမှာလည်း အားနည်းကြောင်း ၎င်းက ထပ်မံပြောသည်။
စီးပွားရေး အခြေအနေမပြေလည်မှုများကြောင့် အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်ခဲ့ရာမှလက်ရှိ အခြေအနေမှာ စစ်မှုထမ်း ဥပဒေကြောင့်လည်း အမျိုးသမီးငယ်အများအပြား သွားရောက်လုပ်ကိုင်နေကြတာတွေရှိကြောင်း သိရသည်။
“ပင်ပန်းမယ်ဆိုတာလည်းသိတယ်။ ကံမကောင်းရင် ရောင်းစားတာတွေရှိတယ်ဆိုတာတွေလည်း သတင်းတွေမှာလည်းဖတ်ရပါတယ်၊ တစ်တော့တွေမှာလည်းတွေ့တယ်။ အပင်ပန်းမခံနိုင်ရင် မလာကြပါနဲ့ ဆိုပြီး တင်ထားကြတာလေ ဘယ်တက်နိုင်မလဲ ဝမ်းရေးလောက် အရေးကြီးတာ ရှိမလား”ဟု မချိုက ဝမ်းနည်းစွာဖြင့် ဆိုလေသည်။