Home သတင်း မုန်လိုင်ခက်မှာ ဗုံးကြဲတိုက်ခိုက်ခံရလို့ အမျိုးသမီး ၁၅ ဦးအပါအဝင် ၂၉ ဦးသေဆုံး

မုန်လိုင်ခက်မှာ ဗုံးကြဲတိုက်ခိုက်ခံရလို့ အမျိုးသမီး ၁၅ ဦးအပါအဝင် ၂၉ ဦးသေဆုံး

  • သေဆုံးသူများထဲတွင် လသားကလေးငယ်အပါအဝင် ကလေးငယ် ၁၃ ဦးပါဝင်
  • ပြည်သူ ၅၇ ဦးထိခိုက်ဒဏ်ရာရပြီး ၄၄ ဦး ပြင်းထန်ဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေရ

ရှင်ငြိမ်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့နဲ့ နှစ်မိုင်ခန့်သာဝေးတဲ့မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းထဲ ပြင်းထန်ဗုံးများကျရောက်ပေါက်ကွဲတာကြောင့် ကျား ၁၄ မ ၁၅ ဦး စုစုပေါင်း ၂၉ ဦးသေဆုံးခဲ့ပြီး အဆိုပါ သေဆုံးသူတွေထဲ လသားကလေးငယ်အပါအဝင် ကလေးငယ် ၁၀ ဦး ပါဝင်ခဲ့တယ်လို့ Kachin Gender Star Group က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၉ ရက်၊ ည ၁၁ နာရီဝန်းကျင်လောက်မှာ မုန်လိုင်ခက်ကျေးရွာထဲ အာဏာသိမ်းစစ်တပ်က စစ်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆိုသည်။

အွန်လိုင်းပေါ်မှာ ပျံနှံလာတဲ့ ဓါတ်ပုံတွေ၊ ရုပ်သံဖိုင်တွေအရ သေဆုံးသူတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ သားသည်မိခင်တွေနဲ့ လသားအရွယ်ကလေးငယ်တွေလည်း ပါဝင်ပြီး သူတို့တွေရဲ့ရုပ်အလောင်းတွေကို မြေကြီးတွေကြားမှ ခက်ခက်ခဲခဲသယ်ထုတ်နေရတာကိုလည်း တွေ့မြင်ရပါတယ်။

“အားလုံးအိပ်မောကျချိန်လည်းဖြစ်တယ်။ ပေါက်ကွဲအားကလည်းပြင်းဆိုတော့ လိုင်ဇာတစ်မြို့လုံးရမ်းခါသွားတာပဲ။ ကျမ ညီမအိမ်ဆိုဘာမှမရှိတော့ဘူး။ ပျက်စီးသွားတာ။ သူ့ကလေးအကြီးလေးလည်း သေသွားတယ်။”လို့ လိုင်ဇာဒေသခံ မအဲနန်းက HI ကို ပြောပါတယ်။

ဒီလိုတိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ ၅၇ ထိခိုက်ဒဏ်ရာရပြီး ဒီထဲက ၄၄ ဦးကတော့ ပြင်းထန်ဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။ ပြင်းထန်ဒဏ်ရာရသူ ၄၄ ဦးထဲမှာ သုံးနှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၂၀ ဦးဟာ စိုးရိမ်ရတယ်လို့ Kachin Gender Star Group ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo – Received
Photo – Received

ထိခိုက်ဒဏ်ရာရသူ ၅၇ ဦးထဲမှာ မိဘတွေသေဆုံးလို့ကျန်ရစ်တဲ့လသားကလေးငယ် သုံးဦးလည်းပါဝင်ပါတယ်။ ဒီထဲမှာ လသားကလေးငယ် နှစ်ဦးကတော့ ပြင်းထန်ဒဏ်ရာရထားပြီး သူတို့အတွက် နို့ဗူးတွေလိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။

ဒါ့အပြင် နေအိမ်အတွင်း ဗုံးများကျရောက်ပေါက်ကွဲတာကြောင့် အိမ်ထောင်စု ၁၃၃ စု ရဲ့နေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ လက်ရှိမှာစစ်ရှောင်တွေဟာ မုန်လိုင်ခက်မှာမနေရဲတော့ဘဲ နီးစပ်ရာဆွေမျိုးတွေနေအိမ်နဲ့ လိုင်ဇာမြို့ရှိ ဝေကြိုင် (Woi Chyai Camp)မှာ သွားရောက်ခိုလှုံနေကြရတာဖြစ်တယ်။

Kachin Gender Star Group ကလည်း စစ်ရှောင်တွေ အရေးပေါ်လိုအပ်နေတဲ့သောက်သုံးရေ၊ အမျိူးသမီးတစ်ကိုယ်ရေသုံးပစ္စည်းတွေနဲ့ ငွေကြေးတချိူ့သွားရောက်ကူညီခဲ့ပြီး စစ်ရှောင်တွေအား စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်မှုတွေပြုလုပ်ပေးခဲ့တာ ဖြစ်တယ်။

ဒါ့ကြောင့် စစ်ရှောင်လာတဲ့လူဦးရေ ၆၀၀ ခန့်အတွက် စားသောက်နေထိုင်မှုနဲ့အတူ စောင်၊ အနွေးထည်၊ အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေ ကူညီပေးကြဖို့ သူက မေတ္တာရပ်ခံထားပါတယ်။

မုန်လိုင်ခက် စစ်ရှောင်စခန်းမှာ ၂၀၁၁ ခုနှစ်၊ ကချင်တကျော့ပြန်စစ်ပွဲကတည်းက စစ်ရှောင်တွေနဲ့ အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာလာကြတဲ့စစ်ရှောင်တွေလည်း ခိုလှုံနေကြတာဖြစ်တယ်။ မုန်လိုင်ခက်ရွာမှာ အိမ်ထောင်စု ၁၆၀ ကျော်နဲ့ လူဦးရေ ၇၀၀ ဝန်းကျင်နေထိုင်နေတာပါ။

အာဏာသိမ်းပြီးနောက် စစ်တပ်က သူတို့ကိုဆန့်ကျင်တော်လှန်နေတဲ့ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ကို အခုလိုမကြာခဏဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်တယ်။

စစ်တပ်ကတော့ ပစ်ခတ်တိုက်ခိုက်မှုမရှိခဲ့ပါဘူးလို့ BBC ရဲ့အမေးကို ဖြေကြားထားပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ဒေသခံတွေကတော့ စစ်တပ်လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားတာပါ။

ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလမှာလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါဒေသကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၆၀ ထက်မနည်းသေဆုံးခဲ့ရတာဖြစ်တယ်။

ယခုမုန်လိုင်ခက်ကျေးရွာဖြစ်စဉ်လို အရပ်သားတွေအစုလိုက်အပုံလိုက်သေဆုံးရမှုဟာ လိုင်ဇာမှာ ဒုတိယအကြိမ်မြောက် ထပ်မံဖြစ်ပွားတာပဲဖြစ်ပါတယ်။
 

Author:

Related Articles