ရိုက်ကူး – HI
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်ကြာလာတဲ့အခါမှာ ရန်ကုန်ဟာ ရုတ်တရက်ကြည့်လိုက်ရင်တော့ ရန်ကုန်ဆိုတဲ့အတိုင်း အနေအထိုင်အပျက် ရှိနေတယ်လို့ ထင်ရပေမယ့် တစ်ကယ်တော့ ပြည်သူတွေကို တိတ်တဆိတ်ခြောက်လှန့်နေတဲ့ အရာတွေများစွာ ရှိလာခဲ့ပါတယ်။
အရင်က ညသန်းခေါင်အချိန် တစ်ကိုယ်ရေ အေးအေးလူလူ လေချွန်ရင်း လမ်းလျှောက်လို့ရခဲ့တဲ့ ရန်ကုန်မြို့ရဲ့လမ်းမတွေဟာ အခုချိန်မှာတော့ ဘယ်ကလာမယ်မှန်းမသိတဲ့ သူခိုး၊ ဓားပြ၊ ခါးပိုက်နှိုက်၊ လူမိုက်၊ လူရမ်းကား စတဲ့ရန်တွေ၊ ဘယ်လိုပုဒ်မတပ် ဖမ်းမယ်မှန်းမသိရတဲ့ စစ်သား၊ ရဲသားတွေရဲ့ ရန်ကြောင့် တိတ်ဆိတ်ခြောက်ကပ်သွားခဲ့ပါတယ်။
ဒီလိုမလုံခြုံမူတွေကြောင့် ပြည်သူတွေဟာ သွက်သွက်လုပ် သွက်သွက်သွား သွက်သွက်စား ဘ၀နဲ့ နေထိုင်နေကြရပါတယ်။ အမျိုးသမီးတွေအတွက် ဆိုရင် ပိုလို့တောင် အန္တရာယ်များလာနေပါတယ်။
တစ်ကိုယ်တည်း အဖော်မပါရင် နေ့ခင်းကြောင်တောင် လူပြတ်တဲ့နေရာတောင် သွားလာလို့မရတော့တဲ့ ရန်ကုန်ဟာ ဆင်ခြေဖုန်း မြို့စွန်ရပ်ကွက်တွေမှာတော့ ည ၈ နာရီကျော်ဆိုတာနဲ့ လူတွေတစတစကြဲပါးလို့ တောရွာဓလေ့အတိုင်း အိပ်တန်းဝင်ချိန်စောခဲ့ပြီလို့ ဆိုရတော့မလိုပါပဲ။ အပြင်ထွက်မှ ကျီးလန့်စာစားဘ၀ရောက်တာလားဆိုတော့လည်းမဟုတ်ပြန်ပါဘူး။ နေ့ခင်းဘက် နေအိမ်မှာနေချိန်မှာလည်း ဘယ်ကလာမယ်မှန်းမသိတဲ့ အန္တရာယ်ပေါင်းသောင်းခြောက် ထောင်အတွက် ကြောက်လန့်စိုးထိတ်ရပြန်ပါတယ်။ နေ့ခင်းကြောင်တောင် ဘယ်ရွှေဆိုင်ကို ဓားပြဝင်တိုက်သွားတယ်၊ ဘယ်မြို့မှာတော့ နေ့ခင်းဘက် နေအိမ်ကိုဓားပြဝင်တိုက်ရင်း နေအိမ်ပိုင်ရှင် ကိုယ်ဝန်ဆောင်ကိုပါ သတ်သွားတယ်စတဲ့ အနိဌာရုံမှုခင်းသတင်းပေါင်း မြောက်များစွာက လူမှုကွန်ရက်ပေါ်မှာ နေရာယူထားပါတယ်။ ဒါကြောင့်လည်းနေအိမ်ခြံစည်းရိုးတံခါးတွေကို သော့ခလောက်ကြီးကြီးတွေ ခတ်လို့ထားနေရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ အပေါများဆုံးသတင်းဖြစ်ရပ်တွေကို ပြပါဆိုရင် နေရာအသီးသီးမှာ စစ်တပ်က ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ မြို့ကြီးပြကြီးတွေမှာ ဖြစ်ပွားနေတဲ့ ခိုးဆိုးလုယက် အကြမ်းဖက် ဓားပြတိုက် လူသတ်ပစ္စည်းလု သတင်းတွေပဲဖြစ်တာကို သတိချပ်မိကြမှာပါ။
အာဏာသိမ်းထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ဘက်က မြန်မာနိုင်ငံရဲ့ ဘယ်မြို့တွေ ဘယ်ဒေသတွေနဲ့ ဘယ်လောက် ဧရိယာဟာ တည်ငြိမ်ပါတယ်လို့ ဘယ်လိုပဲ ဗြောင်လိမ်နေစေဦးတော့ သူတို့မနှိမ်နင်းနိုင်တဲ့ နှိမ်နင်းဖို့သတိမရတဲ့ ခိုးဆိုးလုယက်အန္တရာယ်တွေကြောင့် မြို့ကြီးပြကြီးမှာ အလုပ်ချိန်တွေ ပြောင်းသွားတာကိုတော့ မျက်ဝါးထင်ထင်မြင်တွေ့နိုင်ပါတယ်။
ယခင်က ညနေ ၆ နာရီအလုပ်ဆင်းခဲ့တဲ့ ပုဂ္ဂလိက အလုပ်တွေဟာ ဒီကနေ့မှာတော့ ညနေ ၅ နာရီ အလုပ်ဆင်းလို့ အလုပ်ချိန်တွေ ပြောင်းလဲခဲ့ပါတယ်။ ဒီလိုအလုပ်ချိန်စောဆင်းရမယ့် အရင်ကလို အေးအေးဆေးဆေး ထိုင်စရာရမှစီးတော့မယ်၊ လူချောင်မှစီးတော့မယ်၊ မုန့်အရင်ဝင်စားပြီးမှ အိမ်ပြန်တော့မယ်လို့ စိတ်ကူးလို့မရတော့ပါဘူး။ အလုပ်ဆင်းတာနဲ့ ကားမှတ်တိုင်တန်းပြေး၊ ရရာကားကို တန်းတက်၊ ကြပ်လည်းတက် ညပ်လည်းတက်နဲ့ အမှောင်ထုကြီးစိုးလာရင် ကပ်ပါလာတော့မယ့် အန္တရာယ်ကို ကြိုရှောင်ရပြန်ပါတယ်။ဒါပေမယ့် ကားကြပ်ကြပ်ပေါ်မှာလည်း အန္တရာယ်ဟာ မလွတ်ကင်းပြန်ပါဘူး။ဒီလို သူခိုးဓားပြ လုယက်မယ့်ရန်တွေကို ကြောက်ရတဲ့အထဲကနေမှ ပိန်းမလောက်မျောက်ထပ်ဆိုသလိုပဲ နေရာအများစုမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားရဲသားတွေရဲ့ ပါးစပ်အရသာခံ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကိုလည်း အမျိုးသမီးထုဟာ ခံစားရပါသေးတယ်။
ဒီလိုပါးစပ်သရမ်းတဲ့ဖြစ်စဉ်တွေကတော့ ရန်ကုန်မြို့ပြမှာ များပြားပြီးကိုယ်ထိလက်ရောက် ခန္ဒာကိုယ်ကို ရှာဖွေစစ်ဆေးသလိုနဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တာတွေကတော့ အခြားတိုင်းဒေသကြီး ပြည်နယ်တွေမှာ များပြားတာကို တွေ့ရပါတယ်။ ဒါ့အပြင် လုံခြုံရေးခေါင်းစဉ်တပ်ပြီး အချိန်မရွေး တယ်လီဖုန်းတောင်း စစ်ဆေးတာတွေကြောင့် ကိုယ့်ဖုန်းကိုကိုယ် ရဲရဲဝံ့ဝံ့ထုတ်ကြည့်နိုင်တဲ့ အရင်လိုဘ၀မျိုး မရှိတော့ပြန်ပါဘူး။ သူတို့ကို ဆန့်ကျင်တာ တစ်စုံတစ်ရာမလုပ်လည်း အပြစ်မျိုးစုံရှာ ခေါင်းစဉ်မျိုးစုံတပ်ပြီး ဖမ်းဆီးရိုက်နှက် နှိပ်စက်ငွေညစ်ခဲ့ဖူးတဲ့ ဖြစ်စဉ်တွေ အများအပြားရှိခဲ့ဖူးပါတယ်။
ဒီလိုအမှုအခင်းတွေ များစွာနဲ့ ရန်ကုန်ဟာ အနာစိမ်းလို အထဲမှာ လှိုက်စားနေပေမယ့် ဖြေရှင်းနိုင်မယ့် အဖြေကတော့ အခုထိ မရှိသေးပါဘူး။ မှုခင်းတွေကို ကိုင်တွယ်ထိန်းချုပ်တဲ့ ရဲစခန်းတွေကိုယ်တိုင်က သဲအိတ်တွေအထပ်ထပ်ကာလို့ အထဲကအပြင်မထွက်တဲ့အခြေအနေမှာ ရဲစခန်းထဲ အမှုသွားဖွင့်ဖို့ကိုက ကြောက်လန့်စရာတစ်ခုအဖြစ် လူထုကမြင်လာခဲ့ပါတယ်။ရာဇဝတ်မှုခင်းတွေနဲ့ပတ်သက်ရင် တရားခံရှာဖွေဖမ်းဆီးပြီး ပုံမှန်သတင်းထုတ်ပြန်ပေးနေကြဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေဟာ အာဏာသိမ်းပြီးကတည်းက အသက်မဲ့သွားခဲ့ပါပြီ။ မထင်ရင်မထင်သလို ဖမ်းဆီး စစ်ဆေးခံရမှုတွေကြောင့် အခုတော့ ရဲတွေ့ရင် ဝေးဝေးရှောင်တဲ့ဘ၀ကို နေ့ချင်းညချင်း ကူးပြောင်းသွားခဲ့ပါတယ်။
ဒီလိုအခြေအနေတွေမှာ လူထုဟာ ဘယ်နေရာကိုသွားသွား ဘယ်သူ့ကိုမှ မယုံကြည်တော့တဲ့ စိတ်ဝေဒနာမျိုးတွေအထိ ရလာခဲ့ကြပါတယ်။ အငှားယာဉ် စီးရင်လည်း ယာဉ်မောင်းဟာခရီးသည်ကို မယုံတော့သလို ခရီးသည်ကလည်း ယာဉ်မောင်းကို မယုံတော့ပါဘူး။
ဒါကြောင့် အာဏာသိမ်းပြီးနောက် အဖက်ဖက်က ယိုယွင်းလာတဲ့အထဲ တရားဥပဒေစိုးမိုးရေးဟာလည်း မရှိသလောက်ဖြစ်နေရပါပြီ။ ဒီလို အခြေအနေတွေထဲ မလုံခြုံတော့တဲ့ ရန်ကုန်မြို့မှာ နေ့စဉ်သွားလာ လူပ်ရှားနေရတဲ့ ပြည်သူတွေအဖို့ စိုးရိမ်ထိတ်လန့်စွာ သွားလာနေရဆဲပါပဲ။