Home ဆောင်းပါး လှပခြင်းနဲ့အတူ ခွဲခြားမှုတွေကို ထောက်ပြမျှဝေချင်သူ

လှပခြင်းနဲ့အတူ ခွဲခြားမှုတွေကို ထောက်ပြမျှဝေချင်သူ

ခင်ဘုန်းမို့။ ။

“ဒီနေ့ပြောပြချင်တာတော့ မိန်းကလေးတွေအတွက်အသုံးဝင်တဲ့ Defense Stick (အန္တရာယ်ကာကွယ်ရန်ပစ္စည်း) လေး အကြောင်းကို ပြောပြချင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက်ပိုပြီးလိုအပ်မယ်လို့ထင်ပါတယ်။” လို့ အစချီထားတဲ့ အကြောင်းအရာတစ်ခုကို  အမျိုးသမီးတစ်ဦးက စိတ်ရှည်ရှည်ရှင်းပြနေပါတယ်။

အသားဖြူဖြူ၊ ဆံပင်ရှည်ရှည်၊ အရပ်အနိမ့်မမြင့်လွန်းဘဲ ရင့်ကျက်တည်ငြိမ်တဲ့ပုံပန်းရှိတဲ့ အမျိုးသမီးဟာ အမျိုးသမီးတွေ အတွက် အသုံးဝင်မယ့် အဲဒီပစ္စည်းအကြောင်းကို အသုံးပြုပုံ၊ ဈေးနှုန်းစတာတွေကို အသေးစိတ်ပြောပြနေတာပါ။

သူကတော့ အမျိုးသမီးတွေအတွက်အလှအပနဲ့ကျန်းမာရေးရာတွေကို အဓိကရေးသားနေတဲ့ Mei Uses This Page ရဲ့ ပဲ့ကိုင် ရှင်တစ်ဦးဖြစ်တဲ့ အသက် ၃၃ နှစ်အရွယ် မိန်မိန်းပါ။

လူမှုကွန်ရက်တွေ၊ နည်းပညာတွေ မထွန်းကားခင်ကာလတွေတုန်းက အမျိုးသမီးတွေအနေနဲ့ အလှအပရေးရာနဲ့ ပတ်သက်ရင် စာစောင်တွေ၊ လစဉ်ထုတ်မဂ္ဂဇင်းတွေကိုသာ အားကိုးခဲ့ကြရပါတယ်။ အခုခေတ်မှာတော့ ဘယ်အလှကုန်ပစ္စည်းအကြောင်း သိချင်ပြီဆိုတာနဲ့ အင်တာနက်စာမျက်နှာတွေမှာ အလွယ်တကူ ရှာဖွေ နိုင်နေပါပြီ။

ဒီလို များပြားလှတဲ့ အလှအပအကြောင်းရေးသားသူတွေထဲမှာမှ Mei Uses This Page ရဲ့ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ မိန်မိန်း ကတော့ ထူးခြားပါတယ်။ သူကအလှအပရေးရာ၊ ကျန်းမာရေးတွေအပြင် အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ ရှေးရိုးစွဲအယူအဆ တွေ၊ ကျား၊ မ ရေးရာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ထောက်ပြရေးသားနေတာကြောင့်ပဲဖြစ်ပါတယ်။

မိန်မိန်းဟာ ၂၀၁၈ ခုနှစ်လောက်ထဲက အတွေးအမြင်ခံစားချက်တွေကိုမျှဝေတဲ့ Page တစ်ခုမှာ စတင်စာရေးခဲ့ပါတယ်။

၂၀၂၁ခုနှစ်မှာတော့ နိုင်ငံခြားငွေဈေးတွေတက်လာပြီး စီးပွားရေးကျဆင်းလာတာကို သတိထားမိလာတဲ့အတွက်  ပြည်တွင်းမှာ ထုတ်လုပ်တဲ့ထုတ်ကုန်တွေကို အားပေးချင်စိတ်နဲ့ အလှအပရေးရာမျှဝေတဲ့ စာမျက်နှာလေးကို စတင်ခဲ့တယ်။

မိန်မိန်းအနေနဲ့အလှကုန်ပစ္စည်းတွေအကြောင်းမျှဝေတဲ့အခါမှာလည်း အခကြေးငွေမယူဘဲ review ရေးသားပေးတာဖြစ်တယ်။ ထုတ်ကုန်တွေက ပစ္စည်းတွေလက်ဆောင်ရတဲ့အခါမှာလည်း သုံးစရာရှိတာသုံးပြီး စာဖတ်ပရိတ်သတ်တွေကို လက်ဆောင် မဲပြန် ဖောက်ပေးလေ့ရှိပါတယ်။

သူဟာ ငယ်ငယ်ကတည်းက အလှအပရေးရာနဲ့ပတ်သက်တာတွေကို စိတ်ဝင်တစားရှိခဲ့သူလည်းဖြစ်တယ်။ မိတ်ကပ်တွေ လိမ်းပြီးလှတာထက် အသားအရေလှတာကိုပိုစိတ်အားထက်သန်ခဲ့သူဖြစ်တယ်။ ငယ်ငယ်ကတည်းက အိမ်မှာ သခွားသီးတွေ၊ ပျားရည်တွေနဲ့မျက်နှာပေါင်းတင်တယ်။ မဂ္ဂဇင်းထဲကနည်းတွေနဲ့စမ်းခဲ့ဖူးတယ်။

“အစုံလုပ်ရင်းနဲ့အဘွားရဲ့ ပျားရည်တွေခိုးလိမ်းလို့ ဆော်ပလော်တီးခံရတာအမှတ်တရပါပဲ။”လို့မိန်မိန်းကပြောတယ်။

မိန်မိန်းအနေနဲ့ အကြောင်းအရာတွေ ပြန်လည်မျှဝေနိုင်ဖို့ You tube ကနေလေ့လာတာ၊ ဆောင်းပါးတွေဖတ်တာ စတဲ့လေ့လာ မှုတွေ ပြုလုပ်ပါတယ်။ အကြောင်းအရာတစ်ခုကိုရေးသားမယ်ဆိုရင် တိကျမှန်ကန်တဲ့ အချက်အလက်တွေကိုသာ မျှဝေချင်တဲ့ အတွက် စာတွေသေချာဖတ်တာ၊ အချက်အလက်စီစစ်တာတွေပြုလုပ်ပါတယ်။

အလှအပရေးရာတွေကိုရေးသားနေရင်းနဲ့ တစ်ဆက်ထဲမှာပဲ အမျိုးသမီးတွေအပေါ်မှာ လူမှုပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ လွဲမှားနေတဲ့စံနှုန်းတွေ၊ အမျိုးသမီးတွေပြုလုပ်နေကြတဲ့ အန္တရာယ်များတဲ့ခန္တာကိုယ်ပြုပြင်မှုတွေ ၊ပိန်ဆေး၊ ဝဆေး၊ အဆီကျ ဆေး၊ အသားဖြူဆေးစတာတွေကို လွဲမှားစွာအသုံးပြုနေကြတာတွေနဲ့ ပတ်သက်ပြီး မျှဝေဖြစ်လာပါတယ်။

“ အမျိုးသမီးတွေမှာ တလွဲတွေသိနေလို့ တလွဲတွေဖြစ်နေကြတာ။ ကိုယ့်မျိုးပွားအင်္ဂါမှာတောင် ဘယ်နှစ်ပေါက်ပါလဲ အခုထိ မသိသေးတဲ့ အမျိုးသမီးတွေအများကြီးတွေတပုံကြီး။ ဒါမျိုးတွေကိုသိပ်မရေးကြလို့ ပိုရေးချင်တယ်။” လို့မိန်မိန်းက သူ့ရည်ရွယ် ချက်ကိုပြောတယ်။

မိန်မိန်းရေးသားတဲ့အကြောင်းအရာတွေထဲမှာ အမျိုးသမီးလိင်အင်္ဂါကိုခွဲစိတ်ပြုပြင်တဲ့ အကြောင်းအရာတွေ၊ မိန်းမကိုယ်လေ ထွက်တာနဲ့ပတ်သက်ပြီး ရှင်းပြပေးထားတာတွေ၊ sexual Harassment နဲ့ပတ်သက်ပြီးသတိထားသင့်တာတွေ၊ မျိုးဆက် ပွားကျန်းမာရေးနဲ့ပတ်သက်တာ၊ အမျိုးသမီးတွေအနေနဲ့အချင်းချင်း ညီအမစိတ်လေးထားတတ်အောင်တိုက်တွန်းတာ၊ အမျိုး သမီးတွေသတိထားသင့်တဲ့ Romance Scam လို့ခေါ်တဲ့အွန်လိုင်းပေါ်ကတစ်ဆင့်အမျိုးသမီးတွေကို ချစ်ကြိုက်ချင်ယောင် ဆောင်ပြီး ပိုက်ဆံချေးငှားတာ၊လိမ်တာ၊ အမျိုးသမီးတွေလွဲမှားစွာနားလည်နေတဲ့ လိင်ပိုင်းဆိုင်ရာစံနှုန်းသတ်မှတ်ချက်တွေ စတဲ့အကြောင်းအရာတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

“ မသိသေးတဲ့လူတွေကိုပြောပြလိုက်ရရင် တာဝန်ကျေသလိုခံစားရတယ်။ ကိုယ်ပြောလိုက်လို့ တစ်ယောက်ပဲသိ သိပြောကို ပြောချင်တာ။” လို့ မိန်မိန်းကဆိုတယ်။

မိန်မိန်းအနေနဲ့ ကျားမရေးရာနဲ့ပတ်သက်ပြီး စိတ်ဝင်စားသူဖြစ်တဲ့အတွက် လက်ရှိမှာ Gender နဲ့ပတ်သက်ပြီး စနစ်တကျ လေ့ လာနေတယ်။

“ ဖိုဝါဒီကြောင့် ဒုက္ခရောက်သလိုမတရားတဲ့ဖိနှိပ်ခံရတဲ့ social system(လူမှုစနစ်) ကြီးမှာအမျိုးသမီးတွေ ဒုက္ခရောက်တာ မြင်ရင်ခံပြင်းတယ်။ ဒါကြောင့် gender stereotype (ကျား၊မရေးရာနဲ့ပတ်သက်တဲ့တရားသေသတ်မှတ်ချက်)တွေ၊ norms (စံနှုန်း) တွေကို ဖယ်ရှားချင်တယ်။ အမျိုးသမီးတွေကိုယ်တိုင်က internalized misogynist (ဖိုဝါဒီလွှမ်းမိုးမှု) ဖြစ်နေတာမျိုးကို တိုက်ဖျက်ချင်တယ်။” လို့ မိန်မိန်းက သူ့စိတ်ကူးကိုဖွင့်ဟပါတယ်။

ကုမ္မဏီတစ်ခုမှာ management level (စီမံခန့်ခွဲမှုအဆင့်) တစ်ခုနဲ့ တာဝန်ယူလုပ်ကိုင်နေတဲ့ မိန်မိန်းအနေနဲ့ တစ်ဖက် blog ရေးတဲ့ အလုပ်ကို စဉ်ဆက်မပြတ်လုပ်နိုင်ဖို့ အားထုတ်ရတဲ့အပိုင်းတွေလည်းရှိပါတယ်။

အလုပ်ဆင်းတဲ့အခါ၊ အချိန်အားတဲ့အခါ၊ ခရီးသွားတဲ့အခါတွေအပြင် နောက်ဆုံးအိမ်သာထဲဝင်ရင်တောင် စာရေးဖို့ကို မပျက် ကွက်ခဲ့ပါဘူး။ စာရေးဝါသနာပါသူဖြစ်တဲ့အတွက် အကြောင်းအရာတစ်ခုထွက်ဖို့မခက်ပေမယ့် အချက်အလက်တွေမှန်အောင် သေချာပြန်စစ်ရတာမျိုးကတော့ အချိန်ပေးရပါတယ်။

မိန်မိန်းရဲ့စာမျက်နှာကိုစောင့်ဖတ်နေတဲ့ ပရိသတ်တွေထဲမှာလည်း အမှန်တကယ်သိချင်လို့ လာရောက်ရင်ဖွင့်တာ၊ အကြံ တောင်းတာ၊ အကူအညီတောင်းတာမျိုးတွေရှိတယ်။

တချို့အမျိုးသားတွေကတော့ အကောင့်တုသုံးပြီး အမျိုးသမီးယောင်ဆောင်ကာ အမျိုးသမီးတွေရဲ့ private parts (လျှို့ဝှက် အင်္ဂါ)တွေအကြောင်း အရသာခံလာရောက်ပြောဆိုသူတွေလည်းရှိတယ်လို့ မိန်မိန်းကပြောပါတယ်။ အခက်အခဲ အနေနဲ့က တော့ ရှေးရိုးစွဲအယူအဆတွေကို ရေးသားတဲ့အခါမှာ တချို့ဖိုဝါဒအစွဲကြီးသူတွေရဲ့ ဝေဖန်မှုတွေကိုခံရပါတယ်။

“အောက်ပိုင်းပဲရေးတယ်ဆိုပြီး တချို့ကဲ့ရဲ့တာ၊ စောင်းမြောင်းတာခံရဖူးတယ်။ Sex Education (လိင်ပညာပေး) ကိုလေနဲ့ဝမ်း မကွဲတာပေါ့။” လို့ မိန်မိန်းကပြောပါတယ်။

ဝေဖန်ကဲ့ရဲ့ခံရချိန်တွေဆို စာတွေဆက်မရေးချင်တော့ပေမယ့် ကိုယ်စာတွေကိုဖတ်နေသူတွေရှိသေးတယ်ဆိုတဲ့ စိတ်နဲ့ အား တင်းကာ ကိုယ်လုပ်စရာရှိတာကိုဆက်လုပ်နေပါတယ်။

“ Sexism (လိင်အရအခွင့်အရေးခွဲခြားခြင်း)ကိုလုံးဝလက်မခံဘူး။ ကျား၊ မအပြင် LGBTQIA ခွဲခြားတာမျိုးလည်း လက်မခံဘူး။ Sexist (မိမိနဲ့လိင်မတူသူများကိုချိုးနှိမ်လိုသော) တွေနဲ့ခဏခဏရန်ဖြစ်ရတယ်။ နင်တို့မိန်းမတွေကဘယ်လိုနေရမယ်၊ ထိုင်ရ မယ်လာပြောတာမျိုးဆို စိတ်ကတိုလာပြီ။ Society (လူ့အဖွဲ့အစည်း)က မျှော်လင့်ထားတဲ့ Gender Role(ကျား၊မရေးရာအခန်း ကဏ္ဍ)တွေမှာ မဝင်ရင် ကဲ့ရဲ့ရှုတ်ချတာမျိုးတွေကိုလက်မခံချင်ဘူး။” လို့ မိန်မိန်းကဆိုပါတယ်။

ငယ်စဉ်က ရူပဗေဒပညာရှင်ဖြစ်ချင်ခဲ့တဲ့ မိန်မိန်းတစ်ယောက်လက်ရှိမှာတော့ အမျိုးသမီးတွေအတွက် အသိပညာတွေကို မျှဝေ ရင်း blogger ဘဝကိုပျော်မွေ့နေပါပြီ။

ရှေ့ဆက်ပြီးပိုမိုကောင်းမွန်တဲ့အကြောင်းအရာတွေ ရေးသားသွားမယ်လို့ဆုံးဖြတ်ထားပါတယ်။

“ ကိုယ့်ကိုကိုယ် feminist activist (အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ) တစ်ယောက်လို့တော့မခံယူထားပါဘူး။ ကိုယ်တိုင် လည်း တစ်ခါတစ်လေ စိတ်ခံစားချက်ကိုလိုက်ပြီး သတိမထားမိပဲ sexist (မိမိနဲ့လိင်မတူသူများကိုချိုးနှိမ်လိုသော) ဖြစ်တဲ့ စကားမျိုးပြောထွက်သွားတာမျိုးရှိပါတယ်။ အတတ်နိုင်ဆုံးပြန်ထိန်းရပါတယ်။ ဒါပေမယ့် Page မှာရေးတဲ့အခါ public အမြင် နဲ့မို့ သူများအပြောမခံရအောင် အသေးအဖွဲ လေးတွေအစ ပိုဂရုစိုက်ဖြစ်တယ်” လို့ ဆိုပါတယ်။

လက်ရှိမှာလည်း မိန်မိန်းက သူကိုယ်တိုင်ရေးသားမျှဝေနေတဲ့အကြောင်းအရာတွေကို ဖတ်မိတဲ့သူတွေအနေနဲ့ အကျိုးကျေးဇူး ရမယ်လို့ ယုံကြည်ထားပါတယ်။ “ သူတို့ခံယူထားတဲ့ mindset (စိတ်ထား)တွေ အနည်းငယ်ပြောင်းလဲလာနိုင်မယ်လို့ထင်တယ်”လို့ မိန်မိန်းကဆိုပါတော့တယ်။

Author:

Related Articles