Home သတင်း တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ

ဇွန်လ ၁၉ ရက်မှ ၂၅ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးသတင်းဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြပေးလိုက်ရပါတယ်။

  • ပန်းပန်တာကြောင့် အဖမ်းခံရတဲ့ သမာဓိရွှေဆိုင်ဝန်ထမ်းအမျိုးသမီးတွေပြန်လွတ်၊ ဆိုင်ပိတ်ထားရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းပန်တာကြောင့်ဖမ်းဆီးခံခဲ့ရတဲ့ သမာဓိရွှေဆိုင် နှစ်ဆိုင်က ဝန်ထမ်း(၁၃)ယောက်ဟာ (၁၉)ရက်နေ့ညပိုင်းမှာ ပြန်လွတ်လာတယ်လို့ သမာဓိရွှေဆိုင်တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရန်ကုန်မြို့၊ပန်းပဲတန်းမြို့နယ်၊သမာဓိရွှေဆိုင်နှစ်ဆိုင်က ဝန်ထမ်း(၁၃)ယောက်ဟာ ဇွန်(၁၉) ရက်နေ့မနက်ပိုင်းက ဖမ်းဆီးခံခဲ့ ရတာ ဖြစ်ပါတယ်။

ဝန်ထမ်းတွေကိုနောက်ဒါမျိုးမလုပ်ဖို့ သတိပေးလိုက်တဲ့အပြင်ဆိုင်ကို လောလောဆယ်ပိတ်ထားရမယ်လို့ လည်းဆိုပါတယ်။

Source – BBC

  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် နိုင်ငံတဝှမ်းပြုလုပ်

နိုင်ငံတဝန်းမြို့ပြနဲ့ တောတွင်းနေရာတွေ၊လက်နက်ကိုင်ဆန့်ကျင်မှု အားကောင်းတဲ့ဒေသတွေမှာ ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ပြည်သူ့ကာကွယ်ရေးနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ လူထု တွေက ဆုတောင်းပေးကြတာနဲ့ လွတ်မြောက်ရေးအတွက် မွေးနေ့သပိတ်ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်မှာလည်း အကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့ပြလှုပ်ရှားရေး – YRF အဖွဲ့ က ရန်ကုန်ကတံတားတစ်စင်းမှာ “မွေးနေ့ရှင်ကို ပြည်သူများက သတိရနေပါတယ်”ဆိုတဲ့ မွေးနေ့ဆုတောင်းစာတန်းတစ်ခုကို ချိတ်ဆွဲခဲ့ပါတယ်။

မန္တလေး၊စစ်ကိုင်း၊မကွေး၊တနင်္သာရီတိုင်းအပါအဝင် တခြားတိုင်းနဲ့ပြည်နယ်တွေထဲက သပိတ်ကော်မတီတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် အာဏာသိမ်းဆန့်ကျင်ရေး ပန်းသပိတ်လှုပ်ရှားမှုတွေကို လုပ်ဆောင်နေသလိုမြန်မာနိုင်ငံတောင်ပိုင်းတိုင်း စစ်ဒေသ ၃ ၊ ဂဠုန်စစ်ကြောင်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက လည်း မွေးနေ့ပွဲကျင်းပပေးခဲ့ပါတယ်။

Source – BBC

  • မော်ကျွန်းမှာ ပန်းသပိတ်စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူ အမျိုးသမီး ၅၀ ပြန်လွတ်လာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်လုပ်တယ်လိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဧရာဝတီတိုင်း၊မော်လမြိုင်ကျွန်းမြို့က အမျိုးသမီး(၅၀)နီးပါးပြန်လွတ်လာပြီလို့ ဒေသခံတွေကပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့လမ်းမကြီးပေါ်ကနေအိမ်တွေနဲ့ မြို့မဈေးထဲမှာဈေးရောင်းနေသူ အရပ်သား ၈၀ နီးပါးဇွန်လ ၁၉ ရက် မနက်မှာ ဖမ်းဆီးခံရပြီး ညဘက်မှာ ခံဝန်နဲ့ ပြန်လွတ်လာတာတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး (၅၀)ဦးနဲ့အမျိုးသား(၃၀)နီးပါးပါဝင်ပြီး အမျိုးသားတွေကိုတော့ သူတို့ရဲ့ လူမှုကွန်ရက်မှာ ပန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ရေးသားမျှဝေခဲ့တာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

Source – RFA

  • ရမည်းသင်းမှာ ထောင်ဝင်စာပို့သူအမျိုးသမီးတစ်ဦးနဲ့နိုင်ကျဉ်းဟောင်းတစ်ဦးပန်းပန်တယ်ဆိုပြီး ဖမ်းဆီးအမှုဖွင့်ခံရ

မန္တလေးတိုင်း၊ရမည်းသင်းအကျဉ်းထောင်ကနေ ထောင်ဝင်စာပို့ပြီးပြန်လာတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ဇနီးဖြစ်သူနဲ့ နိုင်ငံ ရေး အကျဉ်းသားဟောင်းတစ်ဦးတို့ကို ပန်းပန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဇွန်လ(၁၉)ရက်နေ့က ဖမ်းဆီးအမှုဖွင့်ခံထားရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။

ထောင်ဝင်စာပို့အပြီးအကျဉ်းထောင်အနီးက လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်နှစ်ဦးနဲ့ အကျဉ်းထောင်ကနေ မကြာသေးခင်ကမှပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး စုစုပေါင်းသုံးဦးကို ရဲတပ်ဖွဲ့ ဝင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီးတစ်ဦးကိုပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်နှစ်ဦးကို ရမည်းသင်းရဲစခန်းကနေ ပုဒ်မ -၅၀၅-ကနဲ့ အမှု ဖွင့်လိုက်တယ်လို့သိရပါတယ်။

အမှုဖွင့်ခံရသူတွေက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ရမည်းသင်းအကျဉ်းထောင်ကနေ လွမ်းငြိမ်းချမ်းသာနဲ့ ပြန် လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသူရမောင်မောင်နဲ့ ထောင်ဒဏ် ၁၂ နှစ်ကျနေတဲ့ နိုင်ငံရေး အကျဉ်း သား ခင်ပွန်းထံ ထောင်ဝင်စာလာပို့တဲ့ ဒေါ်စန္ဒာမြင့်တို့ ဖြစ်ပါတယ်။

Source – RFA

  • နှစ်နှစ်ကျော်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတိုင်ကြားချက် ၁၀၀ ကျော်ရရှိခဲ့ဟု NUG ထုတ်ပြန်

အာဏာသိမ်းကာလနှစ်နှစ်ကျော်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတိုင်ကြားချက် (၁၁၇)မှု လက်ခံရရှိခဲ့တယ်လို့ အမျိုး သား ညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန တို့က ဇွန်လ (၁၉)ရက်နေ့ကထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ကကျူးလွန်တဲ့အမှု(၁၀၈)မှုရှိပြီး အရပ်သားအချင်းချင်းကျူးလွန်တဲ့အမှု(၉)မှု၊ တော်လှန်ရေးအင်အားစုတွေက ကျူးလွန်တဲ့အမှု(၁၃)မှုရှိတယ်လို့ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့အထိ လက်ခံရရှိထားတဲ့ စာရင်းတွေကို ထုတ်ပြန်တာဖြစ်ပြီး အဲ့ဒီတိုင်ကြားချက်တွေမှာ အတည်ပြုနိုင်တဲ့ဖြစ်စဉ် ၅၁ ခုနဲ့ အတည်ပြုရန်ခက်ခဲတဲ့ဖြစ်စဉ် ၆၆ ခုရှိတယ်လို့ဆိုပါတယ်။

Source – Mizzima

  • သိမ်ဇရပ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်၍ အမျိုးသမီးတစ်ဦးသေ၊ လေးဦးဒဏ်ရာရ

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်သိမ်ဇရပ်ရဲစခန်းမှ  လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက် သိမ်ဇရပ်မြို့ ရွာလေးကွက်သစ်မှ အမျိုးသမီးတစ်ဦးထိမှန်သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန် ပါတယ်။

လက်နက်ကြီးကျ‌ရောက်မှုကြောင့် (၅)နှစ်အရွယ်ကလေးငယ်တစ်ဦး မျက်နှာနဲ့တင်ပါးဒဏ်ရာရရှိခဲ့ပြီး ကလေးငယ်၏မိခင် အသက် (၃၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး မျက်နှာနဲ့ဝမ်းဗိုက်ထိမှန်ကာ နေရာမှာပဲသေဆုံးခဲ့ကာ ကလေးငယ်ရဲ့ ဖခင်လည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင်ဇနီးမောင်နှံနှစ်ဦးလည်း လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရခဲ့ပါတယ်။

Source – People’s Spring

  • ကနီမြို့ပေါ်မှာ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီကလက်နက်ကြီးပစ်လို့ အမျိုးသမီးတစ်ဦးသေဆုံး  

စစ်ကိုင်းတိုင်း၊ကနီမြို့ပေါ်မှာဇွန်လ(၁၉)ရက်မနက်ပိုင်းက စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်လို့ အသက်(၄၀)အရွယ်ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ကနီမြို့ ရပ်ကွက် (၃)၊ သုံးဒေါင့်ကျွန်း၊ ကြို့ပင်လှရပ်ကွက်တွေထဲ အင်အား (၁၇)ဦးလောက်နဲ့  ကင်းလှည်လာတဲ့ စစ်အုပ်စုကို ယင်းမာပင်ခရိုင် PDF တပ်ရင်း အမှတ် (၃၀) – DRPA တပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ရာက တနာရီကျော်ကြာ တိုက်ပွဲ ဖြစ်ခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးတစ်ဦးကလက်နက်ကြီးတိုက်ရိုက်ထိလို့လက်ပြတ်ခဲ့တဲ့အတွက် ဆေးရုံပို့ခဲ့ပေမယ့် သွေးထွက်လွန်ပြီး ဆုံးသွားတာ ဖြစ်ပြီး တစ်ဦးကတော့ဆေးကုသမှုခံယူနေပါတယ်။

Source – Delta News Agency

  • ဖမ်းဆီးခံထားရတဲ့ အလုပ်သမားခေါင်းဆောင်အမျိုးသမီးအပါအဝင် အလုပ်သမားတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ EU တောင်းဆို

ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်၊သာဓုကန်စက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် ဟိုစိမ့် မြန်မာ (Hosheng Myanmar) အထည် ချုပ်စက်ရုံမှာ လုပ်ခလစာတိုးတောင်းလို့ ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေနဲ့ အလုပ်သမားခေါင်းဆောင်တစ်ချို့ကို အမြန် ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံး (EU)က ဇွန်လ(၂၀)ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

အဲဒီစက်ရုံက အလုပ်သမားတွေဟာ တစ်ရက်လုပ်ခ ၄,၈၀၀ ကျပ်အစား ၅,၆၀၀ ကျပ်တိုးပေးဖို့ ဇွန်လ ၈ ရက်နေ့က စပြီး တောင်းဆိုခဲ့တာပါ။ ဇွန်လ ၁၀ ရက်နေ့မှာတော့ အလုပ်သမားခေါင်းဆောင် ခုနစ်ဦးကို စက်ရုံဆူပူအောင် သွေးထိုးလှုံ့ဆော် တယ်ဆိုပြီး စက်ရုံဘက်က အလုပ်ထုတ်လိုက်ပါတယ်။

အဲဒီလို အလုပ်ထုတ်လိုက်တာကြောင့် အလုပ်သမား ၆၀၀ ကျော်ဟာ ဇွန် ၁၄ ရက်နေ့က လုပ်ငန်းခွင်မဝင်ဘဲ သပိတ်မှောက် ဆန္ဒပြခဲ့ပါတယ်။ အဲဒီနေ့ကပဲ အလုပ်သမားသမဂ္ဂခေါင်းဆောင် မသူသူစံ ဖမ်းဆီးခံခဲ့ရကာ အလုပ်ထုတ်ခံရတဲ့ထဲက မအေး သန္တာဌေး၊ မသန္တာအေး၊ မမေသူမင်း၊ ကိုအောင်အောင်နဲ့ ကိုရဲနိုင်တို့ ငါးဦးကိုလည်း စစ်ကောင်စီက ထပ်မံဖမ်းဆီးခဲ့ပါတယ်။

အဲဒီလိုအလုပ်သမားခေါင်းဆောင်တွေကို ဖမ်းဆီးနေတာကြောင့် ကျန်တဲ့ အလုပ်သမားခေါင်းဆောင်နှစ်ဦးလည်း ထွက်ပြေး နေရကာ  ဖမ်းဆီးခံထားရတဲ့ သူတွေနဲ့လည်း အဆက်အသွယ်ပြတ်နေဆဲဖြစ်ပါတယ်။

Source – RFA  

  • ပန်းကိုင်ထားတဲ့ ပြည်သူတွေကိုစစ်တပ်ဖမ်းတဲ့ ဗီဒီယိုရိုက်ကူးသူ အမျိုးသမီးတစ်ဦးနဲ့အမျိုးသားတစ်ဦးဖမ်းဆီးခံရ

ရန်ကုန်မြို့မှာပန်းကိုင်လာတဲ့လမ်းသွားလမ်းလာတွေကို စစ်ကောင်စီတပ်သားတွေ လိုက်လံဖမ်းဆီးနေချိန် ဗီဒီယိုရိုက်ကူးခဲ့တဲ့ အလှပြင်ဆိုင်ဝန်ထမ်းသုံးဦးကိုရာဇသတ်ကြီးဥပဒေ ပုဒ်မ၅၀၅(က)နဲ့ အမှုဖွင့်ဖမ်းဆီးခံလိုက်ရတယ်လို့ ဖမ်းခံရသူတွေက ပြော ပါတယ်။ 

ရန်ကုန်မြို့၊ကမာရွတ်မြို့နယ် Time City အနီးမှာ ပန်းကိုင်လာတဲ့လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ကောင်စီ တပ်က ဖမ်းဆီးတဲ့ဗီဒီယိုရိုက်ကူးခဲ့တာကြောင့် Yes Beauty & Salon ဝန်ထမ်း၁၉ ယောက်ကို ဇွန်လ ၂၀ ရက်နေ့က စစ်တပ်က ဖမ်းဆီး ပြီး (၁၆) ယောက်ကို ပြန်လွှတ်ခဲ့ပေမဲ့သုံးဦးကိုတော့ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သူက ပြောပါတယ်။ 

အမျိုးသားနှစ်ဦး၊အမျိုးသမီးတစ်ဦးဖမ်းဆီးခံထားရတာဖြစ်ပြီး ပြန်လွတ်လာသူတွေရဲ့ပြောပြချက်အရ ဖမ်းဆီးခံထားရသူတွေ ကို ရိုက်နှက်တာတွေ ရှိတယ်လို့ ပြောပါတယ်။

Source – RFA

  • NUG လှုံ့ဆော်မှုများကို လိုက်ပါဆောင်ရွက်သည်ဟုဆိုကာအမျိုးသမီးတစ်ဦးအပါအဝင်လူ ၃၀ ဦးအမှုဖွင့်ခံရ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့ရဲ့ လှုံ့ဆော်မှုတွေကို လိုက်ပါ ဆောင်ရွက်တယ်လို့ စွပ်စွဲကာနေပြည်တော်က အမျိုးသမီးတစ်ဦးအပါအဝင် လူ ၃၀ ဦးကို တစ်ရက်တည်းဖမ်းဆီးအမှုဖွင့် ထားတယ်လို့ စစ်ကောင်စီရဲ့ဇွန်လ(၂၁)ရက်နေ့ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ Facebook အကောင့်၊ TikTok အကောင့်တို့ကနေနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းတွေ လုပ်ဆောင်ခဲ့သည့်အတွက် ဖမ်းဆီးအမှုဖွင့်ခြင်းဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

အဲ့ဒီလူ၃၀အနက်နေပြည်တော်၊ပျဉ်းမနားမြို့နယ်မှ မကေစင်မိုးဝေ၊ရန်ကုန်တိုင်းမှမမြကေခိုင်၊မပန်းအိနွယ်၊ မွန်ပြည်နယ်မှ မသီတာတို့ဟာဇွန်လ၁၉ရက်နေ့က ကျရောက်ခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ Facebook နဲ့ TikTok မှာပန်းသပိတ်ဆင်နွှဲခဲ့တယ်လို့ဆိုကာ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်အချို့မှာ ဖမ်းဆီးဖို့ လှုံ့ဆော်ခံထားရသူတွေထဲမှာ ပါဝင်တယ်လို့သိရပါတယ်။

Source – Mizzima

  • ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးသောကြောင့် သရုပ်ဆောင်ပိုးကြာဖြူခင် ဖမ်းဆီးစစ်ကြောခံရ

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းကို လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ သရုပ်ဆောင်ပိုးကြာြဖူခင်ကို စစ်ကောင်စီကဇွန်လ (၁၉)ရက်နေ့က ဖမ်းဆီးထားတယ်လို့သိရပါတယ်။

ပိုးကြာဖြူခင်ဟာ”ငြိမ်းချမ်းသောမွေးနေ့ဖြစ်ပါစေ” လို့သူ့လူမှုကွန်ရက်မှာရေးသားခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အကြောင်းအရာတွေကို လူမှုကွန်ရက်မှာ မျှဝေ‌ရေးသားတဲ့သူတွေကို စစ်တပ်လော်ဘီ  တယ် လီ ဂရမ်ချန်နယ်တွေက နေရပ်၊လိပ်စာဖော်ပြကာ ဖမ်းဆီးဖို့လှုံဆော်တိုက်တွန်းနေတာဖြစ်ပါတယ်။ အဲ့ဒီအထဲမှာသရုပ်ဆောင် ပိုးကြာဖြူခင်နဲ့မိခင်ကိုဖမ်းဆီးဖို့ ဖော်ပြမှုတွေလည်းရှိခဲ့ပါတယ်။

Source – Mizzima

  • လမိုင်းမြို့က လဝကဦးစီးမှူးဟောင်းတစ်ဦးရဲ့ဇနီး ပစ်ခတ်ခံရလို့သေဆုံး

မွန်ပြည်နယ်၊ လမိုင်းမြိုနယ်ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လဝက)ဦးစီးမှူးဟောင်းတဦးရဲ့  ဇနီးဖြစ်သူကို ရေးဘီးလူး တော်လှန်ရေးအဖွဲ့က ဇွန်လ ၂၂ ရက်  ဒီနေ့မှာ ပစ်ခတ်ခဲ့လို့ နေရာမှာပင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရသူဟာ ရေးမြို့ဇာတိ အသက်(၅၅)နှစ်အရွယ် ဒေါ်စန်းမြင့်ကြွယ်ဖြစ်ပြီး သူရဲ့အမျိုးသားဟာ ကွယ်လွန် သွားပြီဖြစ်တဲ့ ရေးမြို့နယ် လဝက ဦးစီးမှူးဟောင်းတစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ပြုလုပ်ပေးရာမှာ ပွဲစားတဦးအဖြစ် လူသိများတဲ့ ဒေါ်စန်းမြင့်ကြွယ်ကို ရေးဘီလူးတော်လှန် ရေး အဖွဲ့က ဒီကနေ့ မနက်မှာ လမိုင်းမြို့ နာရီစင်အနီးမှာ ပစ်ခတ်ခဲ့လို့ သေဆုံးသွားတာပါ။

Source- Delta News Agency   

  • ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်အမျိုးသမီးတစ်ဦး ထားဝယ်ထောင်ကနေ လွတ်မြောက်လာ

ထောင်ဒဏ်သုံးနှစ်နဲ့ခြောက်လ ချမှတ်ခံထားရတဲ့ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ မညိုမာဦးဟာ ဇွန်လ(၂၂) ရက်နေ့က ထားဝယ်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ သူနဲ့နီးစပ်တဲ့ နိုင်၊ကျဥ်းဟောင်းတွေက ပြောပါ တယ်။

မညိုမာဦးဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)၊ ၅၀၅(ဂ)၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)တို့နဲ့ တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ် သုံးနှစ်နဲ့ ခြောက်လ ချမှတ်ခံခဲ့ရပြီးနောက် လွတ်ရက်စေ့လို့ အခုလိုပြန်လွတ်လာခဲ့တာလို့ သိရပါတယ်။

ထောင်ဒဏ် သုံးနှစ်နဲ့ ခြောက်လ ချမှတ်ခံခဲ့ရပေမယ့် ပုဒ်မ ၅၀၅(က)အတွက် လွတ်ငြိမ်းချမ်းသာခွင့်ရလို့ ထောင်ထဲမှာ နှစ်နှစ်နဲ့ တစ်လလောက်သာ နေခဲ့ရတယ်လိုလည်းသိရပါတယ်။

Source- Delta News Agency

  • ကျိုက်မရောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရဲ့ နေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်ရဲ့ နေအိမ်ကို စစ်ကောင်စီ တပ်ဖွဲ့တွေက ဇွန်လ(၂၀)ရက်နေ့က လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့  ဒေါ်ခင်မျိုးမြင့်ဟာ  မွန်ပြည်နယ်လွှတ် တော်၊ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)နေရာကနေ ၂၀၁၅နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှစ်ကြိမ် ဆက်အနိုင် ရရှိ ထားသူ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒေါ်ခင်မျိုးမြင့်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ အမှုဖွင့်ထား ပြီး ဖမ်းဝရမ်း ထုတ်ခံထားရတာကြောင့် နေအိမ်မှာ မနေတာ ကြာပြီးလို့ ဒေသခံတွေက ပြောပါတယ်။

Source – Delta News Agency

Author:

Related Articles