ခင်ဘုန်းမို့။ ။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ မသန်စွမ်းဦးရေ ၂ ဒသမ ၃ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၄.၆ ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။
လူတော်တော်များများအနေနဲ့ မသန်စွမ်းသူတွေရဲ့အခက်အခဲကို ဖေးကူချင်တဲ့ဆန္ဒရှိကြပေမယ့် ဘယ်လိုပုံစံနဲ့အကူအညီပေးရ မယ်ဆိုတာကို လူတိုင်းမသိနိုင်ပါဘူး။ တစ်ခါတစ်လေ သန်စွမ်းသူတွေရဲ့ စေတနာအမှားကြောင့် မသန်စွမ်းသူတွေမှာ ပိုပြီး အဆင်မပြေဖြစ်ကြရတာတွေလည်းရှိပါတယ်။
တချို့သန်စွမ်းသူတွေအနေနဲ့လည်း မသန်စွမ်းသူတွေအခက်အခဲတွေ့နေချိန်မှာ ဘယ်လိုကူညီရမလဲဆိုတာမသိတဲ့အတွက် ရှောင်ထွက်သွားတဲ့အခြေအနေတွေလည်း ရှိပါတယ်။
ဒါပေမယ့် မသန်စွမ်းသူတွေကိုတွေ့တာနဲ့ ကူညီဖို့လက်မတွန့်သူတွေလည်းရှိနေပါတယ်။ ဒီအထဲမှာ မသန်စွမ်းအရေးတွေကို ဆောင်ရွက်နေတဲ့ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။
အသက် ၂၉ နှစ်အရွယ်မချစ်စုထွေးဟာ မသန်စွမ်းအဖွဲ့အစည်းတစ်ခုမှာ ၂၀၁၃ ခုနှစ်ကစပြီး Volunteer (စေတနာ့ဝန်ထမ်း) အဖြစ်ဆောင်ရွက်ခဲ့ဖူးသူတစ်ဦးပါ။
မသန်စွမ်းအဖွဲ့အစည်းမှာ အလုပ်လုပ်ရင်း မသန်စွမ်းသူတွေအပေါ်ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံမှုတွေကိုမျက်မြင်သိရှိလာပြီး ကိုယ့်ပတ်ဝန်းကျင်ကလူအားလုံးကိုလည်း မသန်စွမ်းမှုနဲ့ပတ်သက်တဲ့ အသိပညာတွေကိုမျှဝေပေးချင်တဲ့ စိတ်ဆန္ဒပြင်းပြလာ ခဲ့တဲ့အတွက် မသန်စွမ်းသူတွေရဲ့ အသိုင်းအဝန်းထဲခြေချဖြစ်ခဲ့တယ်။
“ မသန်စွမ်းမှု အသိပညာဗဟုသုတတွေကို လေ့လာသင်ယူခွင့်ရရှိခဲ့ပြီး မသန်စွမ်းသူတွေလည်း တခြားသူတွေနည်းတူ အခွင့် အရေးတွေ ရပိုင်ခွင့်တွေကို ခံစားပိုင်ခွင့်ရှိတယ်လို့ တဖြည်းဖြည်းနားလည်သဘောပေါက်လာခဲ့တယ်။” လို့မချစ်စုထွေးက ပြော ပါတယ်။
မချစ်စုထွေးအနေနဲ့ အဖွဲ့ကဆောင်ရွက်တဲ့ မသန်စွမ်းသူတွေရဲ့အနုပညာပွဲတော်တွေ၊ရန်ပုံငွေ ဖျော်ဖြေပွဲတွေ၊ အသိပညာ ပေး ကမ်ပိန်းတွေမှာ မသန်စွမ်းသူတွေကို လိုအပ်တဲ့နေရာမှာ ကူညီပေးခဲ့တယ်။
အနုပညာပွဲတော်အတွက် သီချင်းတိုက်ရတဲ့အခါမှာ အမြင်အာရုံမသန်စွမ်းသူတွေပါဝင်တီးခတ်တဲ့တီးဝိုင်းအတွက် လိုအပ်တာ တွေကူညီတာ၊ နယ်လှည့်ဖျော်ဖြေရတဲ့ ရန်ပုံငွေဖျော်ဖြေပွဲတွေမှာ အမြင်အာရုံမသန်စွမ်းသူတွေကို စင်ပေါ်အတက်အဆင်းနဲ့ တခြားလိုအပ်တဲ့နေရာတွေမှာ ကူညီပေးခဲ့တယ်။
ဒါ့အပြင်မချစ်ထွေးဟာ Sign Language (လက်ဟန်ခြေဟန်ဘာသာစကား) သင်ယူတက်မြောက်ထားသူတစ်ဦးဖြစ်တဲ့အတွက် အစည်းအဝေးနဲ့အခမ်းအနားတွေမှာ အကြားအာရုံမသန်စွမ်းသူတွေအတွက် စကားပြန်ပေးတာတွေဆောင်ရွက်ခဲ့တယ်။
ဒီလိုမသန်စွမ်းအရေးကို ကူညီခဲ့သူတစ်ဦးဖြစ်တဲ့အတွက် နောက်ပိုင်းမှာလည်း ဘယ်ကိစ္စကိုမဆို မသန်စွမ်းသူများအကျုံးဝင် ခြင်းဆိုင်ရာ ရှု့ထောင့်ကနေကြည့်ပြီး အားလုံးအကျုံးဝင်မှုကို အလေးပေးတွေးခေါ်တတ်တဲ့ အလေ့ကျင့်ကောင်းတစ်ခုရလာ ခဲ့တယ်လို့ မချစ်စုထွေးကပြောပါတယ်။
“ ကျွန်မတို့သန်စွမ်းသူတွေက မသန်စွမ်းသူတစ်ယောက်ကိုတွေ့ရင် ဇွတ်ကူညီချင်ပြီးတော့ ဘာမှမမေးမမြန်းဘဲနဲ့ကို ကူညီချင် ကြတဲ့အခြေအနေရှိပါတယ်။” လို့ မချစ်စုထွေးက ပြောပါတယ်။
အခမ်းအနားတစ်ခုကို ချိုင်းထောက်နှစ်ဖက်အသုံးပြုတဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူတစ်ဦး ခန်းမရဲ့အဝင်လှေကားကိုတက်လာတာ တွေ့တာနဲ့ ဘာကူညီပေးရမလဲ အဆင်ပြေရဲ့လားဆိုတာ တစ်ခွန်းမမေးဘဲ ချိုင်းထောက်နှစ်ဖက်ကို တစ်ယောက်ကယူလိုက်ပြီး ကျန်သူတွေက အဲ့ဒီမသန်စွမ်းသူကို တပါတည်းချီပိုးမတတ် တွဲခေါ်ခဲ့တဲ့ဖြစ်စဉ်မျိုးကြုံတွေ့ခဲ့ဖူးတယ်လို့ မချစ်စုထွေးက ပြောပါ တယ်။
“ ဒီဖြစ်ရပ်ကို မသန်စွမ်းသူတစ်ယောက်ဘက်က စဉ်းစားကြည့်ရင် ဘယ်လိုမှစိတ်အဆင်မပြေ ပုံစံဖြစ်ခဲ့ရမှာကိုမတွေးမိပဲ ငါ ကူညီနိုင်ခဲ့ပြီလို့ သုံးသပ်မိကြပါလိမ့်မယ်။” လို့ မချစ်စုထွေးကပြောပါတယ်။
ဒါကြောင့် မသန်စွမ်းသူတစ်ယောက်နဲ့တွေပြီဆိုပါက အကူအညီပေးဖို့ လိုအပ်ခြင်းမရှိမရှိကို အရင်ဆုံးမေးမြန်းပြီးမှသာ ကူညီ သင့်တယ်လို့ မချစ်စုထွေးက ပြောပါတယ်။
မချစ်စုထွေးနည်းတူ မသန်စွမ်းသူတွေကို ကူညီတဲ့အဖွဲ့အစည်းတစ်ခုမှာဆောင်ရွက်နေသူကတော့ မသိမ့်သိမ့်ဖူးပါ။
မသိမ့်သိမ့်ဖူးဟာ ၂၀၁၃ ခုနှစ်လောက်ကစတင်ပြီးအနာကြီးရောဂါကြောင့် မသန်စွမ်းဖြစ်သွားသူတွေအတွက် အလုပ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ မသန်စွမ်းသူတွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊ အလုပ်အကိုင်၊ လူ့အခွင့်အရေး၊ ပညာရေးစတဲ့ အသိပညာ ပေးလုပ်ငန်းတွေမှာပါဝင်ခဲ့တယ်။
မသိမ့်သိမ့်ဖူးအနေနဲ့ ကိုယ်တိုင်က အမျိုးသမီးတစ်ဦးဖြစ်တဲ့အတွက် အမျိုးသမီးဖြစ်ရခြင်းနဲ့ ရှေးရိုးစွဲနေတဲ့အယူအဆ သဘော ထားတွေကိုကိုယ်တိုင်ကြုံတွေ့ရတယ်။
ဒါကြောင့် ထိခိုက်လွယ်အုပ်စုတွေဖြစ်တဲ့ အမျိုးသမီး၊LGBT၊ မသန်စွမ်းသူတွေဘေးဖယ်ခံရတာတွေ ခွဲခြားဆက်ဆံခံရ တာတွေ ကို ကိုယ်ချင်းစာပြီးသူတို့ကိုလည်း အခွင့်အရေးတွေရစေချင်သလို အခွင့််အရေးတွေကို တောင်းဆိုလာနိုင်စေချင်တယ်လို့ မသိမ့်သိမ့်ဖူးကဆိုပါတယ်။
“ တဖြည်းဖြည်းမသန်စွမ်းလောကထဲမှာ လုပ်ကိုင်ရင်းနဲ့ မသန်စွမ်းသူတွေကြုံတွေ့နေရတဲ့ အခက်အခဲအတားအဆီးတွေကို ပိုသိလာပြီးတော့ အတူတူဒီအခက်အခဲတွေကိုရင်ဆိုင်ပြီး အားလုံးနေပျော်တဲ့အသိုက်အဝိုင်းတစ်ခုကိုအတူတူသွားချင်တယ်။” လို့ မသိမ့်သိမ့်ဖူးက သူ့ဆန္ဒကိုပြောပါတယ်။
မသန်စွမ်းသူအမျိုးသမီးတွေနဲ့ အတူတူအလုပ်လုပ်ရတဲ့အခါ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအတားအဆီးတွေကို ကိုယ်တွေ့မြင်လာပြီး ကိုယ်ချင်းစာလာကာ သူတို့အတွက်ကူပြီးအလုပ်လုပ်ပေးချင်စိတ်တွေဖြစ်လာပါတယ်။
မသန်စွမ်းသူတွေကို ကူညီပေးတဲ့နေရာမှာလည်း သူတို့ရဲ့လိုအပ်ချက်ကို ခန့်မှန်းပြောဆိုလုပ်ကိုင်တာမဟုတ်ဘဲ တကယ်သူတို့ ဘာလိုအပ်လဲဆိုတာ သိအောင်လုပ်ဖို့လိုအပ်တယ်လို့ မသိမ့်သိမ့်ဖူးကဆိုပါတယ်။
“ ဝှီးချဲတက်လမ်းတွေ လမ်းမမှာလုပ်ထားရင် ဒါတွေကို မသန်စွမ်းသူတွေသုံးဖို့ဆိုတာ ပြည်သူလူထုကမသိတဲ့အခါ အဲ့နေရာ တွေကို လွဲမှားစွာအသုံးချနေတာမျိုးရှိတယ်။ ပိတ်ထားတာမျိုး၊ ပစ္စည်းတွေချထားတာမျိုး မသန်စွမ်းသူကိုယ်တိုင်ကလည်း သူတို့အတွက် လုပ်ပေးဖို့လိုအပ်တယ်။ မလုပ်ထားရင် တောင်းဆိုခွင့်ရှိတယ်ဆိုတာ အသိပညာမြှင့်တင်ပေးဖို့လိုတယ်။” လို့ မသိမ့်သိမ့်ဖူးကဆိုပါတယ်။
မချစ်စုထွေးနဲ့ မသိမ့်သိမ့်ဖူးနည်းတူ မသန်စွမ်းသူတွေကိုကူညီတဲ့အဖွဲ့အစည်းမှာ လုပ်ကိုင်နေသူကတော့ မဖြိုးဖြိုးငြိမ်းပါ။
မဖြိုးဖြိုးငြိမ်းဟာလည်း မသန်စွမ်းသူတွေအတွက်လိုအပ်တဲ့သင်တန်းတွေ၊သတင်းအချက်အလက်တွေကို လမ်းညွှန်ပေးတာ ရင်းနှီးတဲ့ မသန်စွမ်းသူတွေရင်ဖွင့်တဲ့အခါ နားထောင်ပေးတာမျိုးတွေဆောင်ရွက်နေပြီး မသန်စွမ်းအဖွဲ့အစည်းတွေမှာ Volunteer အနေနဲ့ စာရင်းကိုင်ပေးတာမျိုးတွေလည်းဆောင်ရွက်နေပါတယ်။
မသန်စွမ်းအဖွဲ့အစည်းတွေမှာ အလုပ်လုပ်ရင်း မသန်စွမ်းသူတွေအကြောင်းကိုပိုသိလာကာ မသန်စွမ်းသူတွေကို အမှီအခိုကင်း ကင်းနဲ့ ဘဝရပ်တည်လာနိုင်စေချင်လို မသန်စွမ်းသူတွေအနေနဲ့ကိုယ်ပိုင်ဝင်ငွေရှာလာနိုင်ပြီး သူတို့ကိုယ်တိုင်က ရှေ့ဆောင် လမ်းပြတွေဖြစ်လာကာ တခြားမသန်စွမ်းသူတွေကို ဘဝရပ်တည်ဖို့တွဲခေါ်နိုင်တဲ့သူတွေ ဖြစ်လာစေချင်ခဲ့တယ်။
ဒီလိုစိတ်နဲ့ မသန်စွမ်းသူတွေအရေးကူညီပေးသူတစ်ဦးဖြစ်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။
မသန်စွမ်းသူတွေကိုကူညီတဲ့နေရာမှာလည်း အခက်အခဲအနည်းငယ်တော့ရှိပါသေးတယ်။
အမြင်အာရုံမသန်စွမ်းသူတွေကို ဘေးကတွဲခေါ်တဲ့အခါ ချိုင့်ရှိတာ၊အကွေ့တို့ ကျော်ရမှာတို့ကို သေချာနားလည် အောင်ပြောပြ ပေးဖို့လိုသလို ကိုယ်ပြောတာနောက်ကျတဲ့အခါမျိုး၊မေ့ပြီး မပြောပြမိတာမျိုးဆိုရင် တစ်ဖက်မှာအဆင်မပြေတဲ့ အခြေအနေမျိုး ကြုံတွေ့ရတတ်တယ်လို့ မဖြိုးဖြိုးငြိမ်းကဆိုပါတယ်။
အကြားအာရုံမသန်စွမ်းသူတွေနဲ့ ပြောဆိုဆက်သွယ်တဲ့အခါမှာလည်း တခါတည်းစကားအများကြီးမပြောသင့်တာ၊ ဉာဏ်ရည် မသန်စွမ်းမှုအမျိုးအစားပေါ်မူတည်ပြီး သူတို့ရဲ့အမူအကျင့်အလေ့အထိတွေကို ရင်းနှီးသူတွေဆီကမေးမြန်း သင်ယူသင့်တယ် လို့ ဆိုပါတယ်။
“ ကိုယ်တိုင်က မကျွမ်းကျင်တဲ့အခါရယ်၊ ပထမဆုံးအကြိမ်ဆိုတော့ စိတ်လှုပ်ရှားတာရယ်ပေါင်းပြီးသိပ်တော့ အဆင်မပြေဘူး။ ဥပမာ ဝှီးချဲတွန်းပေးတာ၊ ဝှီးချဲပေါ်ကလူအလေးချိန်ကိုထိန်းနိုင်ဖို့နဲ့ ဂုံးဆင်းတွေဆိုရင် အရှိန်ထိန်းနိုင်ဖို့၊ ဝှီးချဲအတင်အချ စသ ဖြင့်မျိုးစုံကို မကျွမ်းကျင်တော့ တွန်းနေရင်း နေကပူတော့လက်တစ်ဖက် ချွေးသုတ်တော့ကျန်တဲ့လက်တစ်ဖက်နဲ့ ဝှီးချဲကိုထိန်း လိုက်တဲ့အခါမျိုးမှာ ပလက်ဖောင်းကို ခဏခဏဝင်တိုက်တာမျိုးတွေဖြစ်ခဲ့တယ်။” လို့မဖြိုးဖြိုးငြိမ်းကသူ့အတွေ့အကြုံကို ပြော ပါတယ်။
ဒီလိုအခက်အခဲတချို့ရှိပေမယ့်လည်း မသန်စွမ်းသူတွေအရေးကိုတက်ကြွနေတဲ့ အမျိုးသမီးတွေကတော့ရှေ့ဆက်ပြီးလည်း မသန်စွမ်းသူတွေအရေးကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
“ကိုယ်နဲ့ဆက်စပ်နေတဲ့ ကိုယ်လက်လှမ်းမှီတဲ့ မသန်စွမ်းသူတိုင်းကို အဆင်ပြေစေချင်တဲ့ စိတ်ကိုအရင်းခံပြီးနိုင်သလောက်လုပ် သွားမယ်။” လို့ မဖြိုးဖြိုးငြိမ်းကဆိုပါတယ်။
မချစ်စုထွေးကတော့“မသန်စွမ်းသူနဲ့ပတ်သက်ပြီးတော့ ကိုယ်တတ်နိုင်သလောက် ကူညီပေးရမယ့်ကိစ္စတွေရှိလာရင် ကူညီ ဆောင်ရွက်ပေးသွားမယ်။” လို့ ဆိုပါတော့တယ်။