Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

မေ ၁၄ ရက်နေ့က ၂၁ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်း ဖော်ပြပေးလိုက်ရပါတယ်။  

  • ဆင်ဖြူကျွန်းမှာ မိုခါမုန်တိုင်းကြောင့် သားအမိနှစ်ဦး ရေစီးနဲ့မျောပါပြီး မိခင်ဖြစ်သူအလောင်းပြန်တွေ့

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့နယ်မှာ မေလ ၁၄ရက်နေ့ နေ့လည်ပိုင်းက မိုခါဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် စလင်းချောင်းရေမြင့်တက်ခဲ့ပြီး  နွယ်တမယ်ကျေးရွာက သားအမိနှစ်ဦး ရေစီးနဲ့ မျောပါသွားကာ မိခင်ဖြစ်သူအလောင်းကို ပြန် တွေ့ခဲ့ပါတယ်။

ချောင်းရေမြင့်တက်လာချိန် နေအိမ်တွေထဲရေဝင်ရောက်လာတာကြောင့် ပစ္စည်းတချို့သိမ်းဆည်းနေချိန်မှာ အသက်၇၀ အရွယ်ဒေါ်အေးသန်းနဲ့ သမီးဖြစ်သူတို့ ရေစီးနဲ့အတူမျောပါခဲ့တာပါ။ မေလ၁၅ရက်နေ့ မနက်မှာတော့ ဒေါ်အေးသန်းရဲ့ အလောင်းကို ပြန်တွေ့ခဲ့ပြီး သမီးဖြစ်သူ ဒေါ်ယမင်းစိုးကိုတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။

ရေကြီးမှုကြောင့် ဆင်ဖြူကျွန်း၊ ပြန့်လွင်ရပ်ကွက်မှာ နေထိုင်တဲ့ အခြားအမျိုးသမီးနှစ်ဦးမှာလည်း ဆိုင်ကယ်နဲ့အပြင်သွားချိန် ရေစီးနဲ့မျောပါသွားခဲ့ပြီး ည၉နာရီမှာ အသက်ရှင်လျက် ပြန်တွေ့ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

Source- Delta News Agency  

  • မြစ်ငယ်မီးရထားစက်ရုံ ဆေးရုံအုပ်သေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ ၊ စျေးကွက်သစ်ရပ်ကွက်ရှိ ဆေးခန်းတစ်ခုမှာ ဆေးခန်းလာထိုင်တဲ့  မြစ်ငယ်မီးရ ထားစက်ရုံ ဆေးရုံအုပ်ကြီးကို မေလ၁၅ရက်နေ့ ညနေပိုင်းက အမည်မသိလူငယ်နှစ်ဦးက သေနတ်နဲ့ပစ်ခတ်သွားတာကြောင့် လည်ပင်း ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိကာ နေရာမှာပဲသေဆုံးသွားခဲ့ပါတယ်။

​သေဆုံးသူမှာ အသက်၅၄နှစ်အရွယ် ဒေါက်တာတင်ချိုချိုကိုဖြစ်ပြီး မန္တလေးတိုင်း မီးရထားဆရာဝန်ကြီးဖြစ်သလို မြစ်ငယ် မီးရထား စက်ရုံဆေးရုံအုပ်လည်းဖြစ်ကာ ဆေးရုံက CDMတွေကို အလုပ်ပြန်ဝင်ဖို့ ဖိအားပေးတာတွေရှိခဲ့တယ်လို့ ပလိပ်ဒေသ ခံတွေက ပြောပါတယ်။

Source- Irrawaddy

  • ရမ်းဗြဲမှာ အုန်းပင်ခုတ်လှဲရာက အမျိုးသမီးတစ်ဦး အုန်းပင်ပိသေဆုံး

ရခိုင်ပြည်နယ် ၊ရမ်းဗြဲမြို့နယ်၊ ပုန်းဆိုးပြိန်ကျေးရွာမှာ မေလ၁၃ရက်နေ့က မိုခါမုန်တိုင်းဒဏ်ကြောင့် အုန်းပင်လဲကျမှာကို စိုးရိမ်ပြီး ခုတ်လဲရာကနေ အသက် ၃၀ကျော်အရွယ် အမျိုးသမီးတစ်ဦး အုန်းပင်ပိ သေဆုံးခဲ့ပါတယ်။

ရမ်းဗြဲမြို့နယ် ၊ ခေါင်းဆွဲတောင်ရွာမှာနေထိုင်တဲ့ အသက်၃၀ ကျော်အရွယ် ဒေါ်ရွှေမာတင်ဖြစ်ပြီး ပုန်းဆိုးပြိန် ကျေးရွာမှာ မုန်တိုင်းရှောင်နေစဉ် ယခုလို အုန်းပင်ပိသေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

Source- RFA

  • ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအမျိုးသမီးငယ်တစ်ဦး ခုနစ်လကြာ ပိတ်လှောင်အဓမ္မပြုကျင့်ခံရ 

ထိုင်းနိုင်ငံ၊မဲဆောက်မြို့ ဖုတ်ဖရဘက်ကကွေ့တီယိုဆိုင်တစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၁၆နှစ်အရွယ် မြန်မာအမျိုး သမီးငယ် လုပ်သားတစ်ဦးကို အလုပ်ရှင်ထိုင်းလူမျိုးက ခုနစ်လလုံးလုံး အဓမ္မပြုကျင့်သလို၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနဲ့ အကြမ်းဖက်ရိုက်နှက်တာတွေ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပါတယ်။

မြန်မာအမျိုးသမီးငယ်က လိင်အကြမ်းဖက်ခံရတာကနေ ရုန်းထွက်ဖို့ အကြိမ်ကြိမ်ကြိုးစားပြီး ထွက်ပြေးခဲ့ပေမယ့်လည်း ပြန်လည်အဖမ်းခံရပါက အခန်းထဲပိတ်လှောင်ခံထားရပြီး လင်မယားနှစ်ယောက်လုံးရဲ့ ညှင်းပန်းနှိပ်စက်တာကို ခံခဲ့ရတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေမှာ သက်ငယ်မုဒိမ်းအပါအဝင် လိင်ပိုင်းဆိုင်ရာ ကျူး လွန်မှု ၊ မုဒိန်းမှု ၊ လုပ်ငန်းခွင်အတွင်း လိင်အမြတ်ထုတ်မှု အစရှိတဲ့  အမှုများစွာရှိခဲ့ပြီး အဲဒီလိုအမှုတွေကို ထိုင်းနိုင်ငံက ပြစ်မှု ထင်ရှားပါက ထောင်ဒဏ်နှစ်၂၀ကျော်အထိ အမိန့်ချခဲ့တဲ့ သာဓကများစွာရှိခဲ့တယ်လို့ ထိုင်းရောက်မြန်မာရွှေ့ပြောင်း အလုပ် သမား ကူညီစောင့်ရှောက်ရေး အဖွဲ့မန်နေဂျင်းဒါရိုက်တာ ကိုသားကြီးကပြောပါတယ်။

Source- Irrawaddy

  • မုန်းမြို့နယ်မှာ စစ်ကောင်စီက အမျိုးသမီးသုံးဦးအပါအဝင် လူ‌ခုနစ်ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွား

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊တပ်မဟာ(၃)နယ်မြေ ၊ညောင်လေးပင်ခရိုင်၊မုန်းမြို့နယ် ရေအိုးစင်ကျေးရွာမှာ မေလ ၁၀ ရက် နေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့မှဖမ်းဆီးသွားတဲ့ အမျိုးသမီးသုံးဦးနဲ့ အမျိုးသားလေးဦးတို့ကို အဆက်အသွယ်မရ သေးကြောင်း KNU ဗဟိုကော်မတီဝင် ပဒိုစောကလယ်စေးက ပြောပါတယ်။

မေလ၁၀ရက်နေ့ ညပိုင်းမှာ မုန်းမြို့နယ် ညောင်ပင်သာကျေးရွာ အတွင်းဝင်ရောက်၍ ဒေသခံ ၂၀ဦးအား အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းက ရေအိုးစင်ကျေးရွာမှ ဒေသခံအမျိုးသားလေးဦးနဲ့ ယင်းကျေးရွာကို အလည်လာတဲ့ အမျိုးသမီးသုံးဦး စုစုပေါင်း ခုနစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

ပြီးခဲ့တဲ ဧပြီလ ၁၃ရက်နေ့ကလည်း စားဝတ်နေရေးအတွက် သွားလာနေတဲ့ ကျောက်ကြီးမြို့နယ် ၊ ကျောက်မော်ဘုရားကြီး ကျေးရွာမှ ဒေသခံငါးဦး၊ ကော်သာစေးကျေးရွာမှဒေသခံတစ်ဦး စုစုပေါင်း ၆ ဦးကို ပန်းအင်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး တစ်ဦးကို နေ့ချင်းပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်ငါးဦးကို ဧပြီ ၂၂ရက်မှ ပြန်လွှတ်ပေးခဲ့ပါတယ်။

Source – Mizzima    

  • စစ်ပွဲဖြစ်ပွားရာဒေသများမှ အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းမျှဝေနိုင်ရန် ရာသီသွေးနဲ့ တော်လှန်ရေး ပရော ဂျက် ပြုလုပ်

မေလ၂၈ရက်နေ့မှာကျရောက်တဲ့ Menstrual Hygiene Day( အမျိုးသမီးများရာသီလာခြင်းနဲ့ တကိုယ်ရည်သန့်ရှင်းရေးနေ့ ) အထိမ်းအမှတ်အဖြစ် ပြည်တွင်းမှာ စစ်ပွဲဖြစ်ပွားနေတဲ့ဒေသတွေက အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းများ မျှဝေနိုင်ရန် ရန်ပုံငွေရှာဖွေရေး အဖွဲ့အစည်းနှစ်ခုပူးပေါင်း၍ “ရာသီသွေးနဲ့ တော်လှန်ရေး” ပရောဂျက်ပြုလုပ်လျက်ရှိပါတယ်။

“ရာသီသွေးနဲ့ တော်လှန်ရေး” ပရောဂျက်မှာ ရန်ပုံငွေရှာဖွေရေးအဖွဲ့တွေဖြစ်တဲ့ “ပန်းဆိုင်”နဲ့ “အာမန်ချယ်လီ ရှုံးတိုင်းလှူ မည်” တို့က အဓိကပါဝင်ထားပြီး အခြားသောတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းအချို့ကလည်း ပါဝင်ကူညီ ထားပါတယ်။

စစ်ပွဲဒေသရှိ အမျိုးသမီးရဲဘော်များ ၊စစ်ဘေးရှောင်အမျိုးသမီးများ၊ မီးဘေးရှောင်အမျိုးသမီးများမှာ စစ်ရေးပဋိပက္ခများ အကြား ရာသီလာခြင်းအခက်အခဲများ ကြုံတွေ့နေရတာကြောင့် လစဉ်သုံးပစ္စည်းတွေကို လှူဒါန်းရင်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများကို အွန်လိုင်းမှတဆင့် ဆောင်းပါးပုံစံနဲ့သော်လည်းကောင်း မြေပြင်တွင်လည်းကောင်း မျှဝေပေးနိုင်ရန် တော်လှန်ရေးတပ်ဖွဲ့များ၊အရပ်ဘက်အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ဆွေးနွေးနေဆဲဖြစ်ပါတယ်။

Source – Mizzima

  • တန့်ယန်းမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်သုံးဦးကို လိမ်လည်ခေါ်ဆောင်သွား

ရှမ်းပြည်နယ်၊ တန့်ယန်းမြို့မှာ နေထိုင်တဲ့ အသက်မပြည့်သေးသူ အမျိုးသမီးငယ်သုံးဦးမှာ လိမ်လည်ခေါ်ဆောင်ခံရပြီး ယနေ့ အချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

တန့်ယန်းမြို့ရပ်ကွက်၁မှာ နေထိုင်တဲ့ အသက်၁၃နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ မက်မန်းသီးသွားဝယ်မည်ဆိုပြီး နေ အိမ်မှ ထွက်သွားခဲ့ပြီး ယင်းနှင့်အတူ အခြားမိန်းကလေးငယ်နှစ်ဦးလည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

အသက်မပြည့်သေးတဲ့ ကလေးငယ်သုံးဦးကိုခေါ်ဆောင်သွားတဲ့ အမျိုးသမီးမှာ အသက်၂၀ ဝန်းကျင် အေးဝမ်း(ခ) အေးဟွမ် ဖြစ်ပြီး ယင်းကလေးသုံးပျောက်ဆုံးမှုကို လူမှုကွန်ယက်မှာ ကြော်ငြာခဲ့ပြီးနောက် မေလ၁၇ ညပိုင်းက အမည်မသိ အမျိုးသား တစ်ဦးက ကလေးငယ်တစ်ဦးကို ကျပ်သိန်း၂၀၀ နဲ့ ပြန်ရွေးရန် ဖုန်းဆက်ချိန်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

Source- SHAN News

  • ဘောလခဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ကရင်နီပြည်နယ် ဘောလခဲမြို့နယ် ၊စောလုံကျေးရွာမှာ မေလ ၁၇ရက်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်တပ်က တိုက်လေ ယာဉ် နဲ့ ဗုံးကြဲချတိုက်ခိုက်တဲ့အတွက် အသက် ၁၇နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ ပါတယ်။

စောလုံကျေးရွာကို ဗုံး၂လုံးကြဲချ တိုက်ခိုက်တာကြောင့် ရွာခံ အမျိုးသမီးတစ်ဦးသေဆုံးခဲ့သလို အသက်၄၀ ဝန်းကျင်အရွယ် အမျိုးသားလေးဦး ဒဏ်ရာရခဲ့ပါတယ်။

Source – RFA

  • မြို့ပတ်ရထားပေါ်ကရဲတွေကို ပစ်ခတ်မှုမှာပါဝင်တယ်လို့ စွပ်စွဲခံရတဲ့ အမျိုးသမီးတစ်ဦးအပါအဝင်လူငါးဦးကို သေဒဏ်နဲ့ တစ်သက်တစ်ကျွန်းထောင်ဒဏ်ချမှတ်

ရန်ကုန်မြို့ပတ်ရထားပေါ်တွင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ရဲများပစ်ခတ်ခံရတဲ့ ဖြစ်စဉ်မှာ ပါဝင်တယ်လို့စွပ်စွဲခံရတဲ့ အမျိုးသမီး တစ်ဦး အပါအဝင်လူငယ်ငါးဦးကို မေလ ၁၈ရက်နေ့ကအင်းစိန်ထောင်အတွင်း အလုံခရိုင်တရားရုံးမှာ  သေဒဏ်နဲ့တစ်သက် တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

အမှုမှာ စွပ်စွဲခံရသူတွေဖြစ်တဲ့ မမြတ်ဖြိုးပွင့်၊ ကိုဇေယျာဖြိုး ၊ ကိုကျော်စိုးလင်းနဲ့ကိုဆန်းလင်းမောင်တို့ကို  လက်နက်နဲ့ အရေး ပေါ် စီမံမှုဥပဒေ ပုဒ်မ၂/၂(က) အရ တစ်သက်တစ်ကျွန်းထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ကိုကောင်းပြည့်စုံဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ၅၄၊ ၅၀ (က)တို့နဲ့ သေဒဏ်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။      

၂၀၂၁ သြဂုတ် ၁၄ရက်နေ့က ရန်ကုန်ဘူတာကြီးမှ ကြည့်မြင်တိုင်ဘူတာသို့ထွက်ခွာတဲ့ ရန်ကုန်မြို့ပတ်ရထား ပေါ်မှာ လိုက်ပါ လာတဲ့ ရဲတွေပစ်ခတ်ခံခဲ့ရပြီး ရဲ ၄ ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ထားပါတယ်။

Source – Mizzima

  • မန္တလေးမှာ ရာအိမ်မှုးနေအိမ် ဗုံးပစ်ခံရမှုကြောင့် မိခင်ဖြစ်သူသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၊ အောင်ပင်လယ်ရပ်ကွက်မှာရှိတဲ့ ရာအိမ်မှူးရဲ့နေအိမ်ကို မေလ၁၉ရက်နေ့ နံနက်ပိုင်းက ဗုံးပစ်ခံရတာကြောင့် ပေါက်ကွဲမှုဖြစ်ကာ အသက် ၆၇နှစ်အရွယ် မိခင်ဖြစ်သူသေဆုံးခဲ့ပြီး  နှစ်ဦးထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ရာအိမ်မှူးဦးသန်းနိုင်ရဲ့ နေအိမ်ကိုနံနက် ၇ နာရီကျော်က ဆိုင်ကယ်စီးအမျိုးသားနှစ်ဦး ဗုံးပစ်သွားတာဖြစ်ပြီး အိမ်‌ရှေ့မှာ ထိုင် နေတဲ့ ရာအိမ်မှူးရဲ့ မိခင်ဖြစ်သူ အသက်၆၇နှစ်အရွယ် အမျိုးသမီးကြီးနဲ့ လူလတ်ပိုင်းအမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ထိမှန်ခဲ့ပါတယ်။

ဒဏ်ရာရသူတွေကို မန္တလေးဆေးရုံပို့ချိန်မှာ ရာအိမ်မှူးရဲ့မိခင် သေဆုံးခဲ့ပြီး ကျန်နှစ်ဦးကတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

Source – People Spring

  • တောင်ငူထောင်က ထွက်​​ပြေးသူ အမျိုးသမီးတစ်ဦးအပါအဝင် ကိုးဦး လွတ်မြောက်နယ်မြေ​ရောက်

နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတဲ့ အကျဉ်းသား ၁၀ ဦး တောင်ငူအကျဉ်းထောင်ကနေ ထွက်ပြေးခဲ့ရာမှာ အမျိုးသမီး တစ်ဦးအပါအဝင် ကိုးဦးလွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီဖြစ်တယ်လို့ ပဲခူးတိုင်း PDF ထံမှ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူအကျဉ်းထောင် အထူးတရားရုံးမှာ ​မေလ၁၈ရက်​နေ့ ညနေ သုံးနာရီခန့်က  နိုင်ငံရေးအကြမ်းဖက် ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံထားရတဲ့ အကျဉ်းသား ၁၀ ဦးကို ရုံးထုတ်လာချိန်အကျဉ်းသားတွေက လုံခြုံရေးတပ်ဖွဲ့တွေကို ပြန်လည်ခုခံတိုက်ခိုက်ပြီး လက်နက်လုယူ ထွက်ပြေးသွားတာပါ။

ပစ်ခတ်မှုဖြစ်စဉ်အတွင်းမှာ အကျဉ်းသားကိုးဦး၊ လက်နက်နှစ်လက်နဲ့အတူ ထွက်ပြေးလွတ်မြောက်သွားပေမယ့် အကျဉ်းသား တစ်ဦးက ခြေထောက်မှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တာကြောင့် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါ တယ်။

တောင်ငူအကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်လာသူ​တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားတွေ ဖြစ်ကြပြီး အဲဒီအထဲမှာ အမျိုးသမီးတဦးပါဝင်ကာ အားလုံးကိုတော့ စစ်ကောင်စီက နိုင်ငံတော်အကြမ်းဖက် ဥပ ဒေ ပုဒ်မမျိုးစုံနဲ့ တရားဆွဲထားပြီး သေဒဏ်ချမှတ်ခံထားရသူအချို့လည်း ပါဝင်​နေပါတယ်။

Source- Delta News Agency

  • ဗန်း​မောက်မှာ ဟင်းသီးဟင်းရွက်ခူးတဲ့အမျိုးသမီးကြီးနှစ်ဦး မိုင်းထိမှန်​သေဆုံး

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ မေ ၁၇ ရက် မနက်က ဟင်းသီးဟင်းရွက်ခူးတဲ့ အသက်၆၀ဝန်းကျင် အမျိုးသမီးနှစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ပါတယ်။

Author:

Related Articles