Home အမျိုးသမီးများအသံ ရေရှားပါးမှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ စစ်ရှောင် အမျိုးသမီးများ

ရေရှားပါးမှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ စစ်ရှောင် အမျိုးသမီးများ

အခုဆို ရင် ပူပြင်းလွန်းလှတဲ့ နွေရာသီကို ရောက်ရှိလာပြီး ဖြစ်ပါတယ်။ နွေရာသီမှာ အပူပိုင်းဒေသနဲ့ အချို့သော ဒေသတွေမှာ နေထိုင်တဲ့‌ ဒေသခံများဟာ ရေရှားပါးမှု ဒဏ်ကို အလူးအလဲ ရင်ဆိုင်နေကြရပါတယ်။

ဒီလို ရေရှားပါးမှု ဒဏ်ကို ရင်ဆိုင်နေရတဲ့ထဲမှာ စစ်ပွဲတွေကြောင့် နေအိမ်ကို စွန့်ခွာကာ တောတောင်ထဲ နဲ့ စစ်ရှောင်စခန်းတွေမှာ  ထွက်ပြေး တိမ်းရှောင်နေရတဲ့  အမျိုးသမီးစစ်ရှောင်တွေ အတွက် ရေရှားပါးမှုကြောင့် တကိုယ်ရေ သန့်ရှင်းမှုကို ကောင်းမွန်စွာ မပြုလုပ်နိုင်ကြ တဲ့အတွက် ကျန်းမာရေး ပြဿနာတွေရင်ဆိုင်နေရပါတယ်။

စစ်ရှောင်စခန်း၊ တောတောင်ထဲမှာ နေထိုင်တဲ့ အမျိုးသမီးများ ရေရှားပါးမှုကြားထဲက ခက်ခဲစွာ ဖြတ်သန်းနေကြရတဲ့အခြေအနေတွေကို ကို စုစည်းကောက်နုတ် ဖော်ပြလိုက်ပါတယ်။

မဖြူ (ကရင်နီ)

ရေရတဲ့နေရာရှိတယ်။ ရေမရတဲ့နေရာရှိတယ်။ အဓိကက မိုးရာသီကို အားထားကြတယ်။ ရေတွင်းတူးနိုင်တဲ့ သူက တူးကြတယ်။  တတွင်းကို ၂၅ ကနေ သိန်း၃၀ကြားရှိတော့ ပိုက်ဆံရှိသူတွေက တွင်းတူးထားပြီးတော့  မိုးရာသီမှာ အပြည့်ခံထားပြီး တနှစ်လုံးသုံးတယ်ပေါ့။

ဒါပေမယ့် ညီမတို့ နေတဲ့ နေရာမှာတော့ ရေမရှိဘူး။ ဒီနားနီး စစ်ရှောင်တွေက ကန်ထဲမှာ ကျန်တဲ့မြောင်းရေကို သုံး ရတယ်။ ရေဝယ်သုံးလည်း တအားစျေးကြီးတယ်။ မြောင်းရေတွေ သုံးတော့ မသန့်တာမျိုးရှိတော့ ယားနာတွေ ဖြစ်တယ်။

အဓိကက ရေကို မဝယ်သုံးနိုင်ဘူး။ ရေရှားတော့  ပုံမှန်ရေချိုးရတာမျိုး မရှိဘူး။ ရေလည်းဝယ်မသောက်နိုင်ဘူး။ ဝယ်မသောက်တော့ ကန်ထဲက ရေကိုကျိုချက်ပြီး ရေကျက်အေးလုပ် သောက်ရတယ်။

ရေကို ချွေတာနေရတယ်။ တနေကုန်ရေမသောက်ရတဲ့ ရက်ရှိတယ်။ ရေကို ပုံမှန်မသောက်ရတော့ ဆီးအောင့်တာလည်း ဖြစ်တာပဲ။ ‌ရေရှားတော့အမျိုးသမီးတွေ အတွင်းခံအဝတ်တွေ အဝတ်ပုံမှန် မလျှော်နိုင်ဘူး။

ညီမတို့လို cup သုံးတဲ့သမားတောင် အတွင်းခံအဝတ်တွေ ပုံမှန်မလျှော်နိုင်ဘူး။  စွန်းထင်းတဲ့အခါလည်း  အဝတ်လျှော်ဖို့ဆို ရေတဗုံးနဲ့ လောက်အောင်လျှော်ရတယ်  မလောက်ဘူးဆို မလျှော်နဲ့ပေါ့။ နောက်ပြီး ကန်တကန်တော့ရှိတယ် တအားညစ်ပတ်တယ်။ ကျွဲနွား ရေချိုးကြတော့ ရေက ကော်ဖီရောင် လိုပဲ။ ကလေးတွေကတော့ ရေသွားချိုးကြတယ်။

ဒေါ်စိန် (စစ်ကိုင်းတိုင်းဒေသကြီး)

ရေရှားတာကတော့ နွေဆိုရှားပြီ။ သောက်ရေဆို လှည်းတွေနဲ့ သွားသယ်ရတယ်။ ရွာကနေ တစ်မိုင်ခွဲ နှစ်မိုင်ဝေးတယ်။ လှည်းနဲ့ဆို (၁၀) ပုံး၊ (၁၅) ပုံးလောက် သယ်တယ်။ ဆိုင်ကယ်နဲ့ဆို (၂)ပုံး၊ (၃)ပုံးပဲ သယ်နိုင်တယ်။

နွေရာသီဆိုတော့ ပူတော့ ယားဖုတွေ အပူဖုတွေ ဖြစ်တယ်။ တခါတလေတော့ ရေမသန့်တာတွေကြောင့် ထင်တယ် ကလေးတွေဝမ်းဖော ဝမ်းယောင် တာရှိကြတယ်။

ဓမ္မတာချိန်လည်း ‌ရေပေါတဲ့ အချိန်မှာ ပုံမှန်အတိုင်း သန့်ရှင်းရေး လုပ်နိုင်ပေမယ့် ရေမရှိတော့တဲ့  နွေရာသီ အချိန်မှာဆိုရင်တော့ လျော်ရဖွတ်ရတဲ့ နေရာမှာ ခက်ခဲတာပေါ့။

သောက်ရေ သန့်မရတာတော့ဆိုးတယ်။ ချောင်းရေထဲကနေ ခပ်လာတဲ့ရေကို ဒီတိုင်းပဲသောက် ရတော့  သောက်ရေသန့်လေး တော့လိုချင်တယ်။

ဒေါ်မူ (မကွေးတိုင်းဒေသကြီး)

ရေကပြီးခဲ့တဲ့ ဆောင်းအကုန်ကတည်းက ရှားတာ။ ရွာထဲက ကန်တွေခန်းပြီး ရေမရတာ၊ မနှစ်ကဆို စစ်ကြောင်းထိုးလို့ ပြေးရတာ ရေတောင်မသောက်ရဘူး။

ဒီနွေလည်း မီးကမရှိ ရေကမရနဲ့ ရေချိုးစရာ တောင်မရှိဘူး။ ရေရှားတဲ့အချိန် စက်ရေတွင်းရှိတဲ့ ရွာတွေက ရေတွင်းမရှိတဲ့ ရွာတွေကိုတော့ အချင်းချင်းမျှ ဝေကြပါတယ်။ ရေခပ်ရတာ အမျိုးသမီးတွေပဲဆိုတော့ စက် ရေတွင်းကပဲဖြစ်ဖြစ် တခြားတွင်းမှာပဲဖြစ်ဖြစ် သွားခပ်ကြတာပေါ့။ နေ့တိုင်းပင်ပင်ပန်းပန်းခပ်ရတော့ရှိတဲ့ ရေကို ချွေတာရတယ်။

 အဓိက သောက်ဖို့နဲ့ချက်ပြုတ်ဖို့က အရေးကြီးတာဆိုတော့။ နေ့စဉ်တော့ ရေမချိုးနိုင်ဘူး။

 ရေရှားပေမယ့် အိမ်မှာနေရတဲ့ အချိန်ဆို‌တော့ ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေတယ် အရမ်းဒုက္ခမရောက်ဘူး။ စစ်ကြောင်းထိုးလို့ ပြေးရတဲ့အချိန်ဆိုရင်တော့ အရမ်းခက်ခဲတာ။

အဲ့ဒီအချိန်က မသေဖို့ကအရေးကြီးတော့ လုံခြုံတဲ့ နေရာရောက်ဖို့ပဲ။ ခိုလှုံမယ့်နေရာရောက်တော့မှ တခြားဟာတွေလုပ်ရတယ် စားဖို့သောက်ဖို့တို့ ရေခပ်ဖို့တို့၊ အဲ့ဒီအချိန်ကြရင်လည်း အမျိုးသမီးတွေပဲသွားကြတာပဲ။ ကာကွယ်ရေးအဖွဲ့တွေက ကြည့်ပေးထားတော့ အဲ့ဒီမှာ သွားခပ်ကြတယ်။

ရေရှားတော့ ရှိတဲ့ရေကို သုံးတော့ ကလေးတွေရော လူကြီးတွေရောက အရေပြား ယားနာတွေဖြစ်တယ်။ ကိုယ့်မှာလည်းဖြစ်တယ် အရေပြားတွေ ခြောက်ပြီးယားနာလေးတွေဖြစ်တာ ကလေးတွေဆိုလည်း ရေကျောက်လိုအဖုလေးတွေ တချို့ကလေးတွေဆို ဝမ်းလျှောတာတွေ‌ တောင်ကြုံရတယ်။ ဓမ္မတာချိန် ဆိုလည်း သန့်ရှင်းရေးသေချာမလုပ်နိုင်ပါဘူး။

 မအေးနွယ်(ဆီဆိုင်)

ရေက ရှားတယ်။ ရေဝယ်ပြီး သုံးရတော့ လုံလုံလောက်လောက်တော့ မသုံးရဘူး။ ချောင်းရေတော့ ရှိတယ်။ အဲကို သွားဖို့ ၁ နာရီကျော်လောက် သွားရတော့ ဝေးတယ်။

ကျမတို့ စစ်ရှောင်စခန်းမှာ လူများတော့ တစ်နေ့ကို  ရေးဖိုး ငါးသောင်းလောက် ကုန်တော့ ရေရှည်ဆို အဆင်မပြေဘူး။

အမျိုးသားတွေအတွက်က ရေမရှိရင် သိပ်ပြီး ပြသာနာမရှိပေမယ့် အမျိုးသမီးတွေအတွက်က ရေမရှိရင် ဘယ်လိုမှ မဆင်မပြေဘူး။ ဥပမာ- အမျိုးသမီးတွေ ရာသီလာရင် ရေမရှိရင် ဒုက္ခတအားရောက်တယ်။ တအားခက်ခဲတယ်။

ရာသီလာတို့က အမျိုးသမီးသုံး ပစ္စည်းသုံးတော့ နည်းနည်းအဆင်ပြေတယ်။ အမျိုးသမီးသုံး သုံးတော့ ဘောင်းဘီ မပေရင် မလျော်ပဲ ဆက်ဝတ်တယ်။ ပေသွားရင်တော့ ချောင်းမှာ သွားလျော်တယ်။

ရေသောက်ရင် အနည်ထိုင်အောင်လုပ်ပြီးမှ သောက်ရတယ်။ အိမ်သာသွားရင်လည်း ရေမသုံးနိုင်တော့ တကိုယ်ရေသန့်ရှင်းရေး ပြသာနာတွေတော့ရှိပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်လားဆိုရင်တော့ မညီဘူးပေါ့။ ဒါပေမယ့် ဒီချိန်က အသက်ကို လုပြီး ပြေးနေရတော့ ကျန်းမာရေး ကောင်းဖို့လည်း အရမ်းဂရုစိုက်လို့ မရပါဘူး။

ရေရှားတာ၊ ရေကောင်းရေသန့် မရတော့ ပွေးပေါက်တာ ဝဲပေါက်တာ  အရေပြားရောဂါတွေတော့ ဖြစ်ကြတယ်။ ကျွန်မအပါအဝင် အမျိုးသမီးတွေမှာ ဆီးပူတာဆီးအောင့် တာမျိုးတွေ တော့ဖြစ်ကြတယ်။

Author:

Related Articles