Home ဆောင်းပါး ဆေးရောင်စုံတွေကြားက ပရဟိတကြယ်

ဆေးရောင်စုံတွေကြားက ပရဟိတကြယ်

ခင်ဘုန်းမို့။ ။

အခန်းတခုထဲကိုဝင်လိုက်တာနဲ့ အနုပညာအငွေ့အသက်တွေလွှမ်းခြုံထားတဲ့ ခံစားမှုကိုဦးစွာရတယ်။ နံရံအနှံ့မှာလည်း အရွယ်စုံ၊ဆိုဒ်စုံ၊အရောင်အသွေးစုံ၊အမျိုးအစားစုံလှတဲ့ ပန်းချီကားတွေချိတ်ဆွဲထားတယ်။

အခန်းရဲ့အလယ်မှာတော့ အမျိုးသမီးငယ်တစ်ဦးဟာ ပန်းချီကားချပ်တွေချိတ်လိုက်၊စီလိုက်နဲ့အလုပ်များနေပါတယ်။ အမျိုးသမီးငယ်ဟာ တန်ဖိုးရှိပြီးလှပလွန်းတဲ့ ပန်းချီကားတွေကို တရိုတသေကိုင်တွယ်နေသလို ပန်းချီကားတွေအပေါ်မှာလည်းစိတ်ဝင်စားမှုရှိလှပါတယ်။

သူကတော့အသက်၂၂နှစ်အရွယ် ပန်းချီပြခန်းပိုင်ရှင် မခွန်းဆင့်သွေးပါ။မခွန်းဆင့်သွေးကသူ့ရဲ့ ပန်းချီပြခန်းကို Khoon’s Art Gallery” လို့အမည်ပေးထားပြီး တခြားပန်းချီပြခန်းတွေနဲ့မတူထူးခြားပါတယ်။

ပြခန်းမှာပြသရောင်းချတဲ့ပန်းချီကားတွေဟာ စီးပွားရေးကျပ်တည်းနေကြတဲ့ သက်ကြီးပန်းချီဆရာကြီးတွေနဲ့ ဝါရင့်ပန်းချီဆရာကြီးတွေရဲ့ပန်းချီကားတွေပါဝင်ပါတယ်။

စီးပွားရေးကျပ်တည်းနေတဲ့ကာလကြီးမှာ လူတန်းစားအလွှာပေါင်းစုံဟာခက်ခဲနေကြပါတယ်။ဒီအထဲမှာမှတချို့သောအနုပညာရှင်တွေဟာအသက်အရွယ်ကြီးပြီးကျောထောက်နောက်ခံမရှိ၊ သူတို့တတ်ကျွမ်းတဲ့အနုပညာလုပ်ငန်းတွေလုပ်ကိုင်ရင်း ခက်ခက်ခဲခဲရုန်းကန်နေကြရတဲ့ ပန်းချီဆရာကြီးတွေလည်းရှိပါတယ်။

ဒီပန်းချီဆရာကြီးတွေရဲ့ ပန်းချီကားတွေကိုမခွန်းဆင့်သွေးက သူ့ရဲ့ပြခန်းနဲ့အွန်လိုင်းစာမျက်နှာကတစ်ဆင့် ကူညီရောင်းချပေးနေတာပါ။ ပန်းချီကားတွေကို ၂၀၂၂ခုနှစ်မတ်လလောက်ကစတင်ပြီး အွန်လိုင်းစာမျက်နှာကနေစတင်ရောင်းချပေးခဲ့ပါတယ်။ အစပိုင်းမှာတော့ ပြခန်းမဖွင့်ရသေးပါဘူး။

မခွန်းဆင့်သွေးတစ်ယောက် တစ်ရက်မှာမိသားစုနဲ့အတူတူအလည်သွားရင်းလမ်းမှာ သက်ကြီးပန်းချီဆရာကြီးတစ်ဦး ပန်းချီကားတွေရောင်းချနေတာကိုတွေ့ခဲ့ပါတယ်။ ပန်းချီကားဝယ်ဖို့ စကားစမြည်ပြောရင်း ပန်းချီဆရာကြီးရဲ့ ငွေကြေးအဆင်မပြေတဲ့အကြောင်းကြားသိခဲ့ရပါတယ်။

နဂိုကတည်းက ပရဟိတစိတ်ထက်သန်တဲ့မခွန်းဆင့်သွေးဟာ ပန်းချီဆရာကြီးကိုကူညီနိုင်ဖို့နည်းလမ်းရှာခဲ့တယ်။ မခွန်းဆင့်သွေးရဲ့လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ပန်းချီကားတွေကိုတင်ရောင်းပေးဖို့စိတ်ကူးရခဲ့ပါတယ်။

ဆရာကြီးတွေက အွန်လိုင်းမသုံးတတ်ဘူး။ ဖုန်းတွေဘာတွေလည်းမရှိဘူး။ ရောင်းတတ်မှာလည်းမဟုတ်ဘူး။ ကူရောင်းပေးလိုက်မယ်ဆိုပြီးတော့ ကူရောင်းပေးဖြစ်သွားတာလို့မခွန်းဆင့်သွေးက ပန်းချီကားတွေကူရောင်းပေးဖြစ်ခဲ့ပုံကိုပြောပါတယ်။

အွန်လိုင်းကနေပထမဦးဆုံးကူညီရောင်ချပေးတုန်းက မထင်ထားလောက်အောင်ရောင်းကောင်းခဲ့တယ်။  ပန်းချီကား အချပ်၃၀လောက်ကို နာရီပိုင်းအတွင်းရောင်းကုန်သွားခဲ့တယ်။

တော်တော်လေးပီတိဖြစ်ရတယ်။ဒုတိယအခေါက်တွေ၊တတိယအခေါက်တွေ ပန်းချီကားသွားယူတဲ့အချိန်မှာ သူတို့တွေကခွန်းဆင့်လေးလာပြီဆိုပြီးပျော်ကြတာပေါ့လို့မခွန်းဆင့်သွေးက တက်ကြွစွာပြောပါတယ်။

ပန်းချီဆရာကြီးတွေဆီသွားကာ ပန်းချီကားသွားယူ၊အွန်လိုင်းကတဆင့်တင်ရောင်း၊ ဝယ်သူတွေဆီထုတ်ပိုးပို့၊ နောက်တပတ်အကြာမှာတော့ ရောင်းရငွေတွေကို ပန်းချီဆရာကြီးတွေထံသွားရောက်အပ်နှံစတဲ့ပုံစံနဲ့လုပ်ကိုင်နေတာဖြစ်တယ်။ရောင်းရငွေနဲ့ ရောင်းမထွက်တဲ့ပန်းချီကားတွေကိုလည်း ပန်းချီဆရာကြီးတွေထံပြန်လည်အပ်နှံတယ်လို့ မခွန်းဆင့်သွေးကဆိုပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ပန်းချီဆရာကြီးတွေရဲ့ပန်းချီကားတွေကို အားပေးသူတွေလည်းများလာသလို မခွန်းဆင့်သွေးကိုအကူအညီတောင်းလာတဲ့ ပန်းချီဆရာကြီးတွေလည်းရှိလာပါတယ်။ အကူအညီတောင်းလာသူတွေကို လိုအပ်တာတွေစစ်ဆေးလေ့လာပြီးကူညီပေးဖြစ်ပါတယ်။

တချို့တွေကျတော့ လိမ်တာ ဟုတ်မဟုတ်စစ်ဆေးရသေးတာပေါ့။ အခုနောက်ပိုင်းမှာ ပန်းချီကားအတုပြဿနာတွေလည်းရှိတော့စစ်ဆေးရတယ်လို့မခွန်းဆင့်သွေးကပြောပါတယ်။

မခွန်းဆင့်သွေးကူညီရောင်းချပေးတဲ့ ပန်းချီဆရာကြီးတွေအနေနဲ့ တချို့စားဝတ်နေရေးပြေလည်သွားကြတာ၊ ကျူးကျော်အိမ်ကနေ အိမ်ငှားဘဝအဖြစ်ပြောင်းလဲသွားကြတာ၊အကြွေးတွေ‌ကျေသွားတာ စသဖြင့်အဆင်ပြေသွားကြပါတယ်။

ဖြစ်နိုင်ရင်တော့သူတို့ကိုလုံးဝသေချာကူညီပေးချင်တာ။ တသက်တာအဆင်ပြေသွားအောင်ပေါ့။ဒါပေမယ့်အဲ့လောက်ကြီးလုပ်နိုင်တဲ့အားကလည်းမရှိသေးဘူး။ တတ်နိုင်သလောက်တော့ ကူညီနေပါတယ်လို့မခွန်းဆင့်သွေးကပြောပါတယ်။

ပန်းချီဆရာကြီးတွေကို ပရဟိတအနေနဲ့ကူညီပေးရတာလွယ်ကူလှတာတော့မဟုတ်ပါဘူး။ စွပ်စွဲမှုတွေ၊တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်။

နင်ကအဘိုးတွေကိုဗန်းပြပြီးလုပ်စားနေတာတွေ အဘိုးတွေကိုတကယ်ရောပိုက်ဆံသွားပေးလားနဲ့ စွပ်စွဲကြတယ်လို့မခွန်းဆင့်သွေးကပြောပါတယ်။

မခွန်းဆင့်သွေးနေထိုင်ရာနေရာနဲ့ အလှမ်းဝေးတဲ့နေရာက ပန်းချီဆရာကြီးရဲ့ပန်းချီကားကိုသွားရောက် ကူညီရောင်းချပေးခဲ့ရာမှာ ရောင်းရငွေကိုပြန်ပေးမယ့်အချိန်မှာတော့ မခွန်းဆင့်သွေးတစ်ယောက်ဖျားနေခဲ့တယ်။

ရောင်းရငွေပြန်ပေးဖို့အချိန်နောက်ကျရာကနေ ဘေးလူတစ်ချို့ကမခွန်းဆင့်သွေးကို လိမ်လည်သူလို့စွပ်စွဲခဲ့တာပါ။ မခွန်းဆင့်သွေးကိုယ်တိုင်လည်းရောင်းရငွေတွေကို သွားရောက်အပ်နှံတဲ့အခါမှာ ဓာတ်ပုံ၊ဗီဒီယိုရိုက်ယူထားတာမျိုးမရှိတဲ့အတွက် စွပ်စွဲမှုတွေကိုသက်သေပြဖို့ အခက်တွေ့ခဲ့ရတယ်။

အဲ့ဒီနောက်မှာတော့ ပန်းချီဆရာကြီးတွေဆီကိုယ်တိုင်သွားတာ ကာယကံရှင်တွေရဲ့ထောက်ခံချက်တွေ၊ပြောစကားတွေကို ဗီဒီယိုရိုက်ကူးပြီးဖြေရှင်းတော့မှ စွပ်စွဲမှုတွေပြေလည်သွားခဲ့တယ်။

အမျိူးသမီးငယ်တစ်ဦးဖြစ်တဲ့အတွက် ပရဟိတလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ အခက်အခဲတချို့နဲ့လည်းရင်ဆိုင်ရသလို ခေတ်ကာလမလုံခြုံတဲ့အတွက် သွားရေးလာရေးမှာအခက်အခဲတွေရှိပါတယ်။ တချို့နေရာတွေကိုမိန်းကလေးအဖော်ပါမှသွားရသလို ညဘက်တွေဆိုသွားလို့အဆင်မပြေတာတွေရှိတယ်။

လူပြတ်တာတို့၊ရိုက်လုတာတို့ ညနေပိုင်းတွေသွားလို့အဆင်မပြေတာ နေ့ခင်းနေ့လည်ပိုင်းတွေသွားလို့ရတယ်။ကိုယ့်မှာ အလုပ်တွေရှိရင်လည်း ဒီနေ့ခင်းနေ့လည်ကြီးသွားမှဖြစ်မှာ။ညနေအားတဲ့အချိန်သွားလို့ကမရ အဲ့လိုမျိုးတွေတော့ စိတ်ကသိကအောက်ဖြစ်တယ်လို့မခွန်းဆင့်သွေးကဖွင့်ဟပါတယ်။

ဒါ့အပြင် လုပ်ငန်းကိစ္စစကားပြောရာမှာလည်း အမျိုးသမီးဖြစ်တဲ့အတွက် သာမန်နဲ့မတူရိသဲ့သဲ့စကားပြောတာမျိုးတွေကြုံတွေ့ရတယ်လို့ သူကဆိုပါတယ်။မိသားစုကလည်း မခွန်းဆင့်သွေးကိုမိန်းကလေးမို့စိတ်မချတာ၊စိုးရိမ်တာတွေရှိပါတယ်။

လူတိုင်းကတန်းတူညီမျှအခွင့်အရေးရှိပြီး ဒီလူကမိန်းကလေးဖြစ်နေလို့ကိုယ်ပိုင်လုပ်ငန်း၊ စွန့်ဦးတီထွင်မလုပ်ရဘူးဆိုတာမရှိဘဲ  လူတိုင်းမှာ တန်းတူညီမျှအခွင့်အရေးရှိတယ်လို့မခွန်းဆင့်ကခံယူထားပါတယ်။

ပရဟတိလုပ်ငန်းဖြစ်တဲ့အတွက် ကိုယ်ပိုင်ဝင်ငွေစိုက်ထုတ်ကူညီရတာတွေလည်းရှိတယ်။ ပန်းချီးကားသွားယူတဲ့လမ်းစရိတ်၊ ရောင်းရတဲ့ပန်းချီကားတွေကို ထုတ်ပိုးမှုစရိတ်စတာတွေကို ကိုယ်ပိုင်ငွေကြေးနဲ့ဆောင်ရွက်ရတာဖြစ်တယ်။

ဒီလိုဆောင်ရွက်ရတဲ့အတွက်တခါတရံ ငွေကြေးအခက်အခဲကြုံရတာ၊လူပင်ပန်းလို့ဖျားနာတာ စတာတွေကြုံတွေ့ရတယ်။အခက်အခဲတွေကို ကူညီလို့ရတဲ့ကျေနပ်ပီတိနဲ့ကျော်ဖြတ်ခဲ့တယ်။

မခွန်းဆင့်သွေးဟာ ငယ်ဘဝရဲ့အချိန်တော်တော်များများကို ပန်းချီဆွဲတာ၊တူရိယာတီးခတ်တာ၊လက်မှုပညာနဲ့ပတ်သက်တဲ့အလုပ်တွေကုန်ဆုံးခဲ့တယ်။

ဒါ့အပြင် ပရဟိတထက်သန်စိတ်တွေကလည်း ငယ်ဘဝကတည်းကကိန်းအောင်းနေခဲ့တာဖြစ်တယ်။

ငယ်ငယ်လေးလည်းက မီးဘေးလှူဖို့ကလေးအဝတ်တွေလိုတယ်ဆိုရင် အိမ်မှာရှိသမျှကိုယ့်အဝတ်တွေအကုန်ထည့်ပေးလိုက်တာ။အရုပ်တွေပါထည့်ပေးလိုက်တာ။မုန့်ဖိုးတွေစုပြီး မိဘမဲ့ကျောင်းမှာလှူတာတွေ ခဏခဏလုပ်ဖြစ်တယ်။ငယ်ငယ်လေးကတည်းက လှူရတန်းရဝါသနာပါတာ။ သူများကိုကူညီရတာဝါသနာပါခဲ့တယ်လို့မခွန်းဆင့်သွေးကပြောပါတယ်။

အဲ့ဒီနောက် အရွယ်ရောက်တဲ့အခါမှာတော့ အသင်းအဖွဲ့တချို့မှာ Volunteer အဖြစ်ဆောင်ရွက်ရင်းလူငယ်ဘဝကိုဖြတ်သန်းခဲ့တယ်။

အဲ့ဒီကနေတစ်ဆင့် ကိုယ်တိုင်ပန်းချီဆွဲတာ၊ပညာဒါနအနေနဲ့ ပန်းချီသင်တန်းဖွင့်တာ၊ပညာဒါန လက်မှုပညာသင်တန်းတွေဖွင့်ခဲ့တယ်။လက်ရှိမှာတော့ ပန်းချီပြခန်းကိုဦးစီးကာ သက်ကြီးပန်းချီဆရာကြီးတွေကိုကူညီပေးနေတာပဲဖြစ်တယ်။

ငယ်ဘဝအိပ်မက်က ပန်းချီဆရာမနဲ့ စားသောက်ဆိုင်ဖွင့်ချင်ခဲ့တဲ့ မခွန်းဆင့်တစ်ယောက် လက်ရှိအချိန်မှာလည်း အိပ်မက်တွေကပြည့်မြောက်ဖို့တစ်လှမ်းချင်းကြိုးစားနေပါတယ်။

မခွန်းဆင့်သွေးကရှေ့ဆက်ပြီးတော့ပန်းချီပြခန်းကိုတိုးတက်အောင်လုပ်မယ်၊ သင်တန်းဆက်ဖွင့်မယ်။ပရဟိတတွေဒီထက်တိုးပြီးလုပ်မယ်။ ကိုယ်ဝါသနာပါတဲ့ မုန့်လုပ်ငန်း စားသောက်ကုန်လုပ်ငန်းကိုတိုးချဲ့မယ်လို့ဆိုလိုက်ပါတယ်။။

Author:

Related Articles