ခင်ဘုန်းမို့။ ။
တချိန်တုန်းက လူသန်းနှင့်ချီ ကြောင့်ကြမဲ့စွာနဲ့ ဥဒဟိုသွားလာလှုပ်ရှားခဲ့တဲ့ ရန်ကုန်မြို့ရဲ့ လမ်းမတွေဟာ အာဏာသိမ်းပြီးနောက် အန္တရာယ်အပြည့်နဲ့ လမ်းမတွေအဖြစ် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့ရပါတယ်။ ပြီးခဲ့သည့်နှစ်က ထုတ်ပြန်တဲ့ လန်ဒန်အခြေစိုက် The Economist မဂ္ဂဇင်းရဲ့ ဘေးကင်းလုံခြုံသော မြို့တော်များအညွှန်းကိန်း ၂၀၂၁ မှာတော့ ရန်ကုန်ကို “ ကမ္ဘာပေါ်က မလုံခြုံဆုံးမြို့” အဖြစ် ညွှန်းဆိုပါတယ်။
ထိုအချက်ကို သက်သေပြနေတဲ့ အရေးအသားများကို လူမှုကွန်ရက်တွေပေါ်မှာ ခပ်စိပ်စိပ် တွေ့မြင်နေရပါတယ်။
“ဖုန်းလေး ခါးပိုက်နိုက်ခံရလို့ပါ။ လာရောင်းခဲ့ရင် ဆက်သွယ်ပေးပါ” ဆိုတဲ့ အရေးအသားမျိုးက လူမှုကွန်ရက်တွေပေါ်မှာ မကြာခဏ ပေါ်ပေါ်လာနေပါတယ်။
ခါးပိုက်နှိုက်မှုတွေအပြင် လုယက်၊ ဓားပြတိုက်၊ အလစ်သုတ်၊လူသတ် စတဲ့ မှုခင်းသတင်းတွေကလည်း နေ့စဉ်နဲ့အမျှ ကြားနေရပြန်ပါတယ်။ ဒုစရိုက်မှုတွေဟာ ညဘက်လူပြတ်လပ်တဲ့ အချိန်တွေသာမက လူစည်ကားရာနေရာတွေ၊ နေ့ခင်းကြောင်တောင်အချိန်တွေမှာပါ ကျူးလွန်လာကြပါတယ်။
ကိန်းဂဏန်းအမှန်ကို ရဖို့ခက်ခဲတဲ့ မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင်နဲ့ သိမ်းပြီးနောက် မှုခင်ဘယ်လောက် ပိုဖြစ်လာတယ်ဆိုတာကို နှိုင်းယှဉ်မပြနိုင်ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယိုယွင်းသွားတဲ့ တရားဥပဒေ စိုးမိုးမှုရဲ့ နောက်ဆက်တွဲအဖြစ် လူတွေကျီးလန့်စာစားနေရတယ်ဆိုတာကိုတော့ လူမှုကွန်ရက်တွေပေါ်က အရေးအသားတွေက သက်သေပြနေပါတယ်။
တိုးလာတဲ့မှုခင်းတွေနဲ့အတူ အမျိုးသမီးတွေဟာလည်း ခိုးဆိုးလုနှိုက်တို့ရဲ့ သားကောင်ဖြစ်ဖို့ ပြစ်မှတ်ဖြစ်လာနေပါတယ်။ အာဏာသိမ်းပြီးနောက်မှာ ခါးပိုက်နှိုက်ခံရ၊ လုယက်ခံရတာတွေနဲ့ကြုံတွေ့ဖူး အမျိုးသမီး ရှစ်ဦးခန့်ကို Hi သတင်းဌာနက မေးမြန်းခွင့်ရခဲ့ပြီး သူတို့ရဲ့မလုံမခြုံဖြစ်နေတဲ့ ဘဝအကြောင်းကို သိခဲ့ရပါတယ်။
ဒီအထဲမှာ အသက်(၂၁)နှစ်အရွယ် မလမင်းလဲပါဝင်ပါတယ်။မလမင်းတစ်ယောက် အလုပ်ကအပြန်လမ်းမှာ ဖုန်းနဲ့ပိုက်ဆံအိတ်အလုခံခဲ့ရတာဖြစ်တယ်။ လျှပ်စစ်စက်ဘီး မောင်းနေတဲ့မလမင်းကို အမျိုးသားနှစ်ဦးက လမ်းမေးချင်ယောင်ဆောင်ကာ စက်ဘီးခြင်းထဲက ထမင်းချိုင့်အိတ်နဲ့ ပိုက်ဆံအိတ်ကို လုသွားခဲ့တာပါ။
“လမ်းမေးတော့ ဖြေမလို့လုပ်နေတဲ့အချိန်မှာ စက်ဘီးခြင်းထဲကအိတ်တွေ ဖြတ်ခနဲလုသွားတာ။ သတိဝင်ပြီး ပြန်ဆွဲထားသေးတယ်။ ပိုက်ဆံအိတ်ကြိုးပဲပြတ်ပြီး ကိုယ့်ဆီပါလာတယ်”လို့မလမင်းက လုယက်ခံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြောပြပါတယ်။
ပတ်ဝန်းကျင်ကို အကူအညီတောင်းဖို့ ကြည့်လိုက်တဲ့အခါမှာလည်း လမ်းသွားလမ်းလာသိပ်မရှိဘဲ ကားတွေလောက်သာ ရှိတာကြောင့် အကူအညီမရခဲ့ပါဘူး။ ဖြစ်ဖြစ်ချင်း အကူအညီမတောင်းမိခဲ့ပေမယ့် သုံးမိနစ်လောက်အကြာမှာတော့ သုံးဘီးဆိုင်ကယ်မောင်းသူတွေ ရောက်လာပြီး မလမင်းကို သတင်းမေးမြန်းကာ လိုက်ရှာပေးခဲ့ပေမယ့် နောက်ကျသွားခဲ့ပါပြီ။
လုယက်မှုကို ကိုယ်တိုင်မကြုံခင်ကတည်းက သတင်းတွေကြားပြီး သတိထားသွားလာခဲ့ပေမယ့် ကိုယ်တိုင်ကြုံရတဲ့အခါမှာ ထိတ်လန့်တုန်လှုပ်ခဲ့ရတယ်လို့ မလမင်းက ပြောပါတယ်။
“ဖုန်းလုခံရပြီး စိတ်ဒဏ်ရာရပါတယ်။ ဆိုင်ကယ်တစ်စီးစီး ကပ်လာရင်တောင် လုတဲ့သူတွေလားလို့ ကြည့်နေရတယ်” လို့ မလမင်းက ဖွင့်ဟပါတယ်။
ဒီလိုဖြစ်ရပ်ကြုံပြီးနောက်မှာလည်း အိမ်ကစိတ်မချတဲ့အတွက် အလုပ်ကထွက်လိုက်ရပါတော့တယ်။ နောက်ပိုင်းမှာ အပြင်သွားရင်တောင် ဖုန်းမယူသွားရဲတော့ဘဲ ယူသွားရင်လဲ ဝှက်ပြီးယူသွားနေရတယ်လို့ မလမင်းကဆိုပါတယ်။ကိုယ်တိုင်တင်မက မိတ်ဆွေအပေါင်းအသင်းတွေထဲမှာလဲ လုယက်ခံရတဲ့ သတင်းတွေကြောင့် စိတ်မကောင်းဖြစ်မိတယ်လို့ သူကဆက်ပြောပါတယ်။ ဒီလိုလုယက်သူတွေ အတင့်ရဲလာတာကလည်း တရားဥပဒေစိုးမိုးမှု အားနည်းတာကြောင့်လို့ မလမင်းကထောက်ပြပါတယ်။
“ဖမ်းပေးမယ့်ရဲလည်းမရှိ၊ ပြည်သူအချင်းချင်းကူညီရင်လည်း ပြန်ချကြမယ့် လူမိုက်သူခိုးတွေကြောင့် တော်တော်စိတ်မကောင်းဖြစ်ရပါတယ်” လို့ မလမင်းက ပြောတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ခိုးမှု၊လုယက်မှုတွေထဲက ခါးပိုက်နှိုက်မှုနဲ့ ကြုံတွေ့ရတာကတော့ အသက်(၂၃)နှစ်အရွယ် မလေးပါ။ ဘတ်စ်ကားစီးရင်း ဖုန်းနဲ့ပိုက်ဆံအိတ်ပါသွားခဲ့တာဖြစ်ပါတယ်။ ဖုန်းတန်ဖိုးက နှစ်သိန်းကျော်တန်ဖိုးရှိကာ ပိုက်ဆံက ငွေကျပ်ခြောက်သောင်းလောက် ပါသွားခဲ့တယ်။
“ကားပေါ်ကဆင်းမှ ကိုယ့်အိတ်ကိုပြန်ကြည်တာ အိတ်ကကွဲနေတယ်။ အောက်ရောက်မှသိတော့ ဘယ်လိုက်လို့ လိုက်ရမှန်း မသိဖြစ်ခဲ့ရတယ်”လို့မလေးက အဖြစ်အပျက်ကို ပြန်ပြောပါတယ်။
မလေးက ပစ္စည်းပို့တဲ့ အလုပ်လုပ်ကိုင်ပါတယ်။ ဖုန်းမရှိတော့တဲ့အတွက် အလုပ်လဲ နားထားရတယ်။ နောက်ထပ်အသစ်လဲမဝယ်နိုင် မရှိတဲ့ကြားထဲက ပါသွားတော့ ဒုက္ခရောက်ခဲ့ရကာ နှမြောမိတယ်လို့ မလေးကပြောပါတယ်။ လုယက်တဲ့ သတင်းတွေကြောင့် သတိထားနေရင်းကနေ ကိုယ်တိုင်ကြုံတွေ့ခဲ့ရပါတယ်။ သွားလာရတာ မလုံခြုံတော့သလို လုယက်သူတွေကို အရေးယူမယ့် ဥပဒေအားနည်းတာကြောင့် စိတ်သောကရောက်နေရပါတယ်။
“ပစ္စည်းပဲယူသွားတယ်ဆိုရင်တော်ပါသေးတယ်။လူပါသတ်တာဆိုရင်တော့ စိတ်ပျက်ဖို့ကောင်းတယ်” လို့ မလေးက ဆိုပါတယ်။
မလမင်းနဲ့ မလေးတို့နည်းတူ စစ်အာဏာသိမ်းပြီးနောက်မှာ လုယက်မှုနဲ့ကြုံတွေ့ရတာကတော့ အသက်(၃၂)နှစ်အရွယ် မမြတ်သက်ဟန်ပါ။ ၂၀၂၂ခုနှစ် အောက်တိုဘာလဆန်းလောက်က အိမ်အနီးမှာ ပိုက်ဆံအိတ် အလုခံခဲ့ရတာပါ။
“ကိုယ့်အနောက်က ဆိုင်ကယ်လာသံကြားလို့ အလုခံရမှာစိုးလို့ လမ်းဘေးကပ် ရှောင်လိုက်သေးတယ်။ အဲ့ဒါကိုမှ ဆိုင်ကယ်နဲ့ အနားကပ်ပြီး လက်စွဲအိတ်ကို ယူသွားတယ်”လို့မမြတ်သက်ဟန်က အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။
ပိုက်ဆံသောင်းဂဏန်းနဲ့ ဖုန်းတန်ဖိုးကတော့ လက်ရှိကာလပေါက်ဈေးနဲ့ခုနှစ်သိန်းနီးပါးရှိပါတယ်။လုယက်မှုသတင်းတွေ နေ့တိုင်းကြားနေရတဲ့အတွက် အပြင်ထွက်တိုင်း သတိထားနေတဲ့ကြားက ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာပါ။
“လူကမလွတ်လပ်တော့ဘူး။ စိတ်အေးလက်အေး သွားလာလို့မရတော့ဘူး။ ကိုယ်ဘယ်တော့ဖြစ်မလဲ ကိုယ့်အလှည့် ဘယ်တော့ရောက်မလဲနဲ့ တကယ်လည်း ရောက်လာတာပဲ”လို့ မမြတ်သက်ဟန်က ဆိုပါတယ်။
ပိုက်ဆံအိတ် အလုခံရတာကြောင့် ဖုန်းအသစ်၊ ဘဏ်ကတ်အသစ်၊ မှတ်ပုံတင်အသစ် ပြန်လုပ်ခဲ့ရတယ်။ လက်လည်းထိခိုက်သွားပြီး တစ်လကျော်တဲ့အထိ လက်ဆစ်ရောင်ဝေဒနာကို ခံစားခဲ့ရပါတယ်။ ပတ်ဝန်းကျင်ကို အကူအညီတောင်းခဲ့ပေမယ့်လည်း ထူးထူးခြားခြား အကူအညီမရခဲ့ဘူးလို့ ဆိုပါတယ်။
ဒီလိုဖြစ်ရပ်ကြုံတွေ့ပြီးနောက်ပိုင်းမှာ ဆိုင်ကယ်သံကြားတိုင်းနောက်လှည့်ကြည့်နေမိတယ်လို့ဆိုပါတယ်။
နေ့စဉ်နဲ့အမျှ ခါးပိုက်နှိုက်မှု လုယက်မှုတွေကြားမှာ အမျိုးသမီးတွေဟာ စိုးရိမ်သောကတွေနဲ့ရင်ဆိုင်နေကြရပါတယ်။ ကိုယ်တိုင်လုယက်မှုတွေ ကြုံတွေ့ခဲ့ကြရတဲ့အမျိုးသမီးတွေက တခြားသူတွေကိုအခုလိုသတိပေးစကားပါးပါတယ်။
“လမ်းမပေါ်ဖုန်းမထုတ်တာ အကောင်းဆုံးပါ။ လူနည်းတဲ့နေရာ တစ်ယောက်ထဲမသွားပါနဲ့ အိတ်တွေကို သေချာသတိနဲ့ကိုင်ပါ။ ဆိုင်ကယ်တို့ လူအုပ်စုတို့ ကပ်လာရင် သတိထားပါ။ တစ်ခုခုဆို လူရှိတဲ့စတိုးဆိုင်ထဲ ပြေးဝင်ပါ။ ဂရုစိုက်ကြပါ”လို့မလမင်းကအကြံပြုပါတယ်။
“အပြင်သွားရင် ပိုက်ဆံကို လိုသလောက်ပဲယူတာ ဖြစ်နိုင်ရင် ကိုယ့်အကျီအိတ်၊ ဘောင်းဘီအိတ်ထဲထည့်တာ ကောင်းတယ်။ အိတ်အသစ်တွေ မသုံးဖို့၊ လက်ဝတ်ရတနာတွေ မဝတ်ဖို့နဲ့ အမှုမဲ့အမှတ်မဲ့တောင်လမ်းမှာ ဖုန်းမပြောဖို့ အရေးကြီးပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင်ကာကွယ်နည်းတွေ ရှိကြပါတယ်။ အဲ့ဒါကို သတိထားဖို့ပါပဲ” လို့ မမြတ်သက်ဟန်က ဆိုပါတော့တယ်။