Home ဆောင်းပါး “အစဉ်အလာနဲ့ခွဲခြားဆက်ဆံမှုများကြားက ရုန်းထွက်နေသူများ”

“အစဉ်အလာနဲ့ခွဲခြားဆက်ဆံမှုများကြားက ရုန်းထွက်နေသူများ”

သျှန်ကီခမ်း။ ။

“ရှေ့ဘဝသူများ သားသမီးကို ပစ်မှာလာလို့ ဒီဘဝမှာ အခြောက်လာဖြစ်တာဆိုတဲ့ စကားလုံးတွေနဲ့ ခနခန ထိုးနှက်ခံရတော့ အိမ်တောင် မပြန်ချင်ဘူး”

ထိုစကားဆို သူကတော့ ဟိုပုံးမြို့နယ်မှာ နေထိုင်တဲ့ မြတ်မွန်ပဲ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် မြတ်မွန်ဟာ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲဝတ်ဆင် ခံယူ၊ နေထိုင်နေသော (Transgender Man) တစ်ယောက်ဖြစ်တာကြောင့် သူ့ကိုရွာကလူအချို့က တီးတိုးလှောင်ပြောင် ပြောဆိုတာတွေလည်း ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

မြတ်မွန်အတွက်တော့ တီးတိုးလှောင်ပြောင်မှုတွေကို အထက်တန်းကျောင်းသား ဘဝကတည်းက ကြိမ်ဖန်များစွာ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

တောင်ယာလုပ်ငန်းဖြစ်တဲ့ သနပ်ဖက်၊ ကြက်သွန်တို့ကို စိုက်ပျိုးပြီး အသက်မွေး ဝမ်းကျောင်းပြုကြတဲ့ မိဘနှစ်ပါးဆီက ဆင်းသက်လာတဲ့ မြတ်မွန်ဟာ ပညာရေးအတွက် မွေးရပ်မြေကို မူလတန်းအောင်ပြီးကတည်းက စွန့်ခွာခဲ့ရတာဖြစ်ပါတယ်။ မိဘတွေဟာ ပြီးပြည့်စုံတဲ့အသိုင်းအဝိုင်းက မဟုတ်တာကြောင့် မြတ်မွန်မူလတန်းအောင်တာနဲ့ ရန်ကုန်က ပရဟိတကျောင်းဆီ ပညာသင်ဖို့ ပို့ခံခဲ့ရပါတယ်။

သီလရှင် ပရဟိကျောင်းမှာ ပညာသင်ကြားရင် အထက်တန်းအရွယ်ရောက်လာတဲ့ အချိန်မှာတော့ သူဟာဆန့်ကျင်ဘက် လိင်ကဲ့သို့ ပြောင်းလဲဝတ်ဆင် ခံယူထားနေထိုင်နေသော အမျိုးသား (Transgender Man) တစ်ယောက်ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။

သီလရှင်ပရဟိကျောင်းမှာ ပညာသင်ကြားရတဲ့ Transgender Man တယောက်ရဲ့ဘဝက စိန်ခေါ်မှုတွေ ပြည့်နှက်နေခဲ့ပါတယ်။ ယောင်္ကျားလေးတစ်ယောက်လို ဝတ်စားဆင်ယင်နေထိုင်တာကြောင့် ယောင်္ကျားလေးတွေ လုပ်နိုင်သလို လုပ်နိုင်ရမယ်ဆိုပြီး ပြောဆိုတာတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ မြတ်မွန်က ပြောပါတယ်။

များစွားသော အဖြစ်အပျက်တွေထဲကတစ်ခုက ကိုယ်ခန္ဓာသန်စွမ်းတဲ့ ယောင်္ကျားတစ်ယောက်လိုမျိုး ဆန်အိတ်လို အလေးအပင်တွေ ထမ်းပိုးပြခိုင်းတာတွေ ဖြစ်ပါတယ်။

အကယ်၍ မသယ်နိုင်ခဲ့ရင် “ ဒါလေးတောင် မလုပ်နိုင်ပဲနဲ့ ယောင်္ကျားလေး ဖြစ်ချင်နေတယ်” ဆိုပြီး အပြောခံရတာကြောင့် မနိုင်လည်း နိုင်အောင် ကြိုးစားပြီး ဆန်အိတ်ကို မခဲ့ရပါတယ်။ တခါတရံမှာ မခံချင်စိတ်ကြောင့် စိတ်ကလုပ်နိုင်ခဲ့ပေမယ့် ခန္ဓာကိုယ်က မလိုက်နိုင်တဲ့အတွက် ခါးနာတဲ့ ဝေဒနာကို ခံစားရတဲ့ အချိန်တွေလည်း ရှိပါတယ်။

လုပ်လည်း အပြောခံရတယ် မလုပ်လည်း အပြောခံရ အမျိုးမျိုး လှောင်ပြောင် ပြောဆိုကြတာကြောင့် စိတ်ဓာတ်တွေကျ စောင်ထဲမှာ ခိုးခိုးငိုခဲ့ရတဲ့ အခိုက်အတန့်တွေဟာလည်း မနည်းလှ။

ဖိအားတွေ၊ သရော်လှောင်ပြောင်မှုတွေကို ထပ်ခါထပ်ခါကြုံခဲ့ရချိန်၊ စောင်ထဲမှာ ခိုးခိုးငိုခဲ့ရတဲ့ညတွေကို ခက်ခဲစွာဖြတ်သန်းခဲ့ရချိန်မှာ ဆယ်ကျော်သက်အရွယ် မြတ်မွန်တယောက် အဝေးကမိဘအိမ်ကိုလွမ်းလာပါတယ်။ မိဘဆီမှာ ပြန်နေရင် လှောင်ပြောင်သရော်မှုတွေ၊ ဝေဖန်ပြစ်တင်မှုတွေကနေ ဝေးသွားလိမ့်မယ်လို့လည်း တွေးထင်ခဲ့ပါတယ်။ ဒီလိုတဲ့ ၁၀တန်းပြီးချိန်ထိ မစောင့်တော့ဘဲ (၉) တန်း ပညာသင်နှစ် အပြီးမှာပဲ မိဘတွေရှိရာရွာကို အပြီးတိုင်ပြန်လာခဲ့ပါတယ်။

တကယ်တန်းမှာတော့ Transgender Man တယောက်ရဲ့ အိမ်ပြန်ခရီးဟာ လက်တွေ့မှာ အထင်နဲ့အမြင် တက်တက်စင်အောင် လွဲခဲ့ရပါတယ်။ ရွာပြန်ရောက်တဲ့ အချိန်မှာ မိဘက “မိန်းခလေးဆိုရင် မိန်းခလေးလိုနေ” “ဆံပင်အရှည်ထား” စသဖြင့် မိဘက သတ်မှတ်ထားတဲ့ ပုံစံခွက်တွေ၊ စံသတ်မှတ်ချက်တွေနဲ့ အညီနေထိုင်ခိုင်းတာတွေနဲ့ ရင်ဆိုင်ရပြန်ပါတယ်။

“ထမိန်ဝတ်၊ ဆံပင်အရှည်ထားတာက ကျနော်တွက် ဘယ်လိုမှ အဆင်မပြေဘူး မလွတ်လပ်ဘူး”လို့ မြတ်မွန်က သူ့ခံစားချက်ကို ပြောပါတယ်။

ဒါ့အပြင် “အရင်ဘဝက သူများသားသမီးကို ပစ်မှားလို့ ဒီဘဝမှာ အခြောက်လာဖြစ်တာ”

“ နင်ကမိန်းမယူမှာလား။ ယောင်္ကျားယူမှာလား”

အစရှိတဲ့ ပတ်ဝန်းကျင်ရဲ့ စသလိုလို၊ နောက်သလိုလို စကားသံတွေကလည်း များစွာ ထိုးနှက်ခံခဲ့ရပါတယ်။

ဒီလိုပုံစံခွက်တွေကြားထဲက မြတ်မွန်တစ်ယောက် ရုန်းထွက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ကံကောင်းစွာနဲ့ အမျိုးသမီးရုံးတစ်ရုံးမှာ လူ့အခွင့်ရေး၊ Sex and Gender၊ စသည့် ခွင့်ရေးပိုင်းဆိုင်ရာ သင်တန်းတွေကို လိုက်လေ့လာ သင်ယူခွင့် ရရှိခဲ့ပါတယ်။ ထိုသင်တန်းတွေ လေ့လာပြီး နောက်ပိုင်းမှာ LGBTIQ ဆိုတာတွေလည်း ပိုမိုသိရှိလာခဲ့သလို မိမိမှာ LGBTIQ တယောက်အဖြစ် ရှင်သန်ပိုင်ခွင့် ရှိကြောင်းလည်း သိလာခဲ့ရပါတယ်။

ထိုနောက်မှာ သင်တန်းမှာ လေ့လာထားတဲ့ အခွင့်အ‌ရေးနဲ့ ပက်သက်တဲ့ ဘာသာရပ်တွေကို ပအိုဝ်းကျေးရွာအထိ ကွင်းဆင်း သင်တန်းပေးတာတွေလည်း နှစ်နှစ်လောက် ပြုလုပ်နိုင်ခဲ့ပြီး လက်ရှိမှာတော့ အမျိုးသမီးများ အကြမ်းဖက်မှု အပေါ်မှုများ လျော့နည်းလာအောင် တစ်ဖက်တစ်လှမ်းမှာ ကလောင်ကို အသုံးပြုပြီး ယနေ့အချိန်ထိ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

Transgender Man အဖြစ်ရှင်သန်တာဟာ ဘာပြစ်မှုမှကျူးလွန်တာမဟုတ်ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်၊ ကိုယ့်ဝင်ငွေနဲ့ကိုယ် ကောင်းမွန်စွာ ရှင်သန်နေထိုင်ပြခဲ့တာကြောင့် ပတ်ဝန်းကျင်နဲ့ မိသားစုဆီက ဖိအားတွေလည်း လျော့ကျသွားခဲ့ပါတယ်။ မိဘတွေကလည်း ဆံပင်အရှည်ထားခိုင်းတာမျိုးတွေ မလုပ်ခိုင်းတော့တာကြောင့် ဝမ်းသာမိတယ်လို့ မြတ်မွန်က သူ့ခံစားချက်ကို ဆိုပါတယ်။

မြတ်မွန်လိုမျိုးပဲ ဓလေ့ထုံးတမ်းတွေကြားထဲက ခွဲခြားဆက်ဆံခြင်း၊ ကဲရဲ့ခြင်းမှ ရုန်းထွက်ကာ ကိုယ်ပိုင် လမ်းခရီး ဖောက်နိုင်ခဲ့ပြီး LGBTIQ အရေးကို ထဲထဲဝင်ဝင် ပြန်လည်လုပ်နိုင်ခဲ့တဲ့ထဲမှာ ခွမ်ဆိုင်းနောင် ပါဝင်ပါတယ်။ သူဟာ ကချင်လူမျိုးဖြစ်ပြီး စံသတ်မှတ်ချက်တွေ ပုံစံခွက်တွေထဲကနေ တက္ကသိုလ်ကျောင်းတက်ပြီး နောက်ပိုင်းမှာ ရုန်းထွက်နိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

သူဟာ အလယ်တန်းကျောင်း အရွယ်မှာကိုယ့်ကိုယ်ကို (Transgender Man) ဖြစ်ကြောင်း သိလာခဲ့ပါတယ်။

ခွမ်ဆိုင်းနောင်ဟာလည်း သူ့မိခင်ရဲ့ အမေကလည်း ဆံပင်အရှည်ထား၊ ဂါဝန်ဝတ်ပြီး မိန်းခလေး ဆန်ဆန်လေးနေခိုင်းတာတွေကို မကြိုက်ပေမယ့် ငယ်စဉ်ကလက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ကျောင်းမပြီးခင်မှာ မိဘနေခိုင်းသလို မနေချင်ပေမယ့် ထိုဘောင်ထဲကနေ မထွက်နိုင်သေးတာကြောင့် နေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ ကျနော်တို့ကို ဆုံးမရင် ဘာသာတရားနဲ့ ရိုးရာပေါင်းပြီး ဆုံးမတတ်လေ့ရှိတယ်” လို့ ဆိုပါတယ်။

ခွမ်ဆိုင်းနောင်ဟာ အမေကို သူ့ရဲ့ဖြစ်တည်မှုကို ဖွင့်ပြောထားပြီး အမေက ချက်ချင်းမဟုတ်ရင်တောင် တဖြည်းဖြည်းနဲ့ လက်ခံလာပေးတယ်လို့ဆိုပါတယ်။ ဒါပေမယ့် သင်းအုပ်ဆရာဖြစ်တဲ့ ဖခင်ကတော့ သူ့ရဲ့ဖြစ်တည်မှုကို လက်ခံဖို့ခဲယဥ်းနေသေးတယ်လို့ ခွမ်ဆိုင်းနောင်က ဆိုပါတယ်။

ခွမ်ဆိုင်းနောင်ဟာ ၂၀၁၇ ခုနှစ်ကတည်းက ပုံစံခွက်ထဲကနေ ရုန်းထွက်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်လောက်ကနေ လက်ရှိအချိန်ထိ ကိုယ်ပိုင် ဝင်ငွေ၊ ကိုယ်ပိုင် အလုပ်ဖြင့် အမျိုးသမီး အရေး၊ LGBTIQ အ‌ရေးထဲမှာလည်း ထဲဝင်ဝင် တက်ကြွစွာ ပါဝင်နေပါတယ်။ ကိုယ်ပိုင်ဝင်ငွေ၊ ကိုယ်ပိုင် အလုပ်နဲ့ မိသားစုကို ပြန်လည်ထောက်ပံ့ပေးနိုင်တဲ့ အနေအထားရှိနေတာကြောင့် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ အရင်ကလိုမဟုတ်ဘဲ ပိုမိုကောင်းမွန်လာတယ်လို့ ခံစားရတယ်လို့ ပြောပါတယ်။

နှစ်နဲ့ချီကြာ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ၊ ဖိအားတွေကြားထဲက ထိုးဖောက်ပြီး ဘဝကို အကောင်းဆုံးဖြစ်အောင် နေထိုင်နေတဲ့ Transgender Man မြတ်မွန်ကတော့ ယနေ့ခေတ်လိုအချိန်မှာ လိင်စိတ်ခံယူမှုတစ်ခုထဲကြောင့် ခွဲခြားဆက်ဆံခံရတာတွေ အဆုံးသတ်သင့်ပြီလို့ ဆိုပါတယ်။

“ LGBTIQ ဖြစ်လို့ ဆိုပြီး ခွဲခြားတာမျိုးတွေ အကြမ်းဖက်တာမျိုးတွေ မဖြစ်စေချင်ဘူး လူထဲက လူပဲမို့” လို့ သူကဆိုပါတယ်။

Author:

Related Articles