Home မေးမြန်းခန်း ဘာသာရေးမှ အမျိုးသမီးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးအပေါ်အမြင်များ

ဘာသာရေးမှ အမျိုးသမီးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးအပေါ်အမြင်များ

Honest Information (HI)

စက်တင်ဘာ ၂၁ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ကျရောက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံက ပြည်သူတွေကတော့ စစ်ဘေးဒုက္ခတွေကြားထဲမှာ အခုထိ မငြိမ်းချမ်းနိုင်ကြသေးပါဘူး။ ဒီလိုဖြစ်နေတဲ့ မြန်မာပြည်ရဲ့ အခြေအနေအပေါ် ငြိမ်းချမ်းရေးဆိုတဲ့ ဝေါဟာရကို သူတို့ဘယ်လိုလက်ခံထားကြသလဲဆိုတာ ဘာသာရေး ခေါင်းဆောင် များကို Hi က လက်လှမ်းမှီသလောက် မေးမြန်းကာကောက်နုတ် ဖော်ပြလိုက်ပါတယ်။

စစ်စတာ အန်းရိုဇားနူးတောင်

စစ်စတာ အန်းရိုဇားနူးတောင် (ခရစ်ယာန်)
“ နားလည်လက်ခံထားတဲ့ ငြိမ်းချမ်းရေးက နှစ်ဖက်စလုံး တရားမျှတမှု ရှိရမယ်။ တစ်ကိုယ်ကောင်းဆန်စိတ် မရှိရဘူး။ တန်းတူအခွင့်အရေးရှိရမယ်။ ခွဲခြားဆက်ဆံမှုမရှိရဘူး။ ပြီးရင် အမှန်တရားကိုလက်ခံရမယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်။ ဆွေးနွေးရမယ်။ ညှိနှိုင်းရမယ်။ လူသားတိုင်းကို တန်ဖိုးထားပြီးမှ လေးစားမှုရှိရမယ်။ ဘာသာလူမျိုးမခွဲခြားရဘူး။ လူသားချင်းချင်း စာနာရမယ်။ ရိုင်းပင်းကူညီမှု ရှိရမယ်။ အားလုံးစည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်မှ မိသားစုမှာပဲဖြစ်ဖြစ်၊ နိုင်ငံမှာ ပဲဖြစ်ဖြစ်၊ စစ်မှန်တဲ့ငြိမ်းချမ်းမှု ရရှိမယ်ဆိုတာမျိုး ငြိမ်းချမ်းရေးဆိုတာ နားလည်ထားပါတယ်။

အခုလို အခြေအနေမှာ ပြည်သူတွေဟာ လုံခြုံမှုမရှိဘူး။ ကြောက်ရွံ့နေရတယ်။ ကိုယ့်နိုင်ငံမှာ နေထိုင်ရပေမယ့် ပြေးလွှား နေရတယ်။ ငြိမ်းချမ်းမှုမရှိဘူး။ ဒုက္ခရောက်နေရတယ်။ ငိုကျွေးနေရတယ်။ ငြိမ်းချမ်းရေးဆိုတာ မြန်မာပြည်သူတွေနဲ့ အလှမ်းဝေးနေသေးတယ်။ ဒါကြောင့် ငြိမ်းချမ်းဖို့အတွက် တတ်နိုင်တဲ့ဖက်က နည်းမျိုးစုံနဲ့ အသက်နဲ့ရင်းပြီးတော့ ကြိုးစားနေကြတဲ့ ပြည်တွင်း၊ ပြည်ပ ကျေးဇူးရှင်တွေရော၊ ပြည်သူတွေရော၊ နိုင်ငံတကာတွေရောကို ဂုဏ်ယူတယ်။ လေးစားပါတယ်။ မြန်မာပြည် ငြိမ်းချမ်းဖို့နဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့ ပါဝင်ကူညီနေကြတဲ့သူတွေ အားလုံးကိုလည်း ဆက်လက်ပြီး တော့ ကူညီပေးကြပါ။ နိုင်ငံတကာကိုလည်း မြန်မာပြည်ကို ကူညီပေးကြပါလို့ တောင်းပန်ချင်ပါတယ်။

နိုင်ငံရေး မတည်မငြိမ်ဖြစ်တဲ့အတွက်ကြောင့် မငြိမ်းချမ်းမှုအောက်မှာပဲ အမျိုးသမီးတွေရော၊ မိခင်၊ ဖခင်တွေ၊ ကလေးတွေ ပြည်သူပြည်သားတွေ၊ တိုင်းရင်းသားတွေ အားလုံးနေ့စဉ်နဲအမျှ စိတ်မကောင်းစရာတွေပဲ မြင်တွေ့နေရတယ်။ သတ်ဖြတ် မီးရှို့မှုတွေ အများကြီးကြုံနေရတယ်။ အသက်ရင်းပြီး ကာကွယ်နေတဲ့သူတွေ အားလုံးကိုလည်း စစ်စတာအားပေးချင်ပါ တယ်။ အားလုံးအားတင်းထားကြပါလို့။ စစ်စတာလည်း ထပ်တူထပ်မျှ ခံစားရပါတယ်။ လူငယ်တွေကိုလည်း လေးစား ပါတယ်။ ဂုဏ်ယူပါတယ်။ အရာရာကို စွန့်ပြီးမှ တိုင်းပြည် ငြိမ်းချမ်းရေးအတွက် ပြည်သူ၊ ပြည်သားအားလုံးကို ဂုဏ်ယူ လေးစားပါတယ်။

စိတ်ဓာတ်မကျဘဲ စည်းစည်းလုံးလုံးနဲ့ ပန်းတိုင်ရောက်သည်အထိ အတူတူလက်တွဲပြီး ကြိုးစားကြမယ်။ ကြိုးစားရင် မ အောင်မြင်ဘူးဆိုတာ မရှိပါဘူး။ တန်ဖိုးရှိတဲ့အောင်မြင်မှုဟာ အခက်အခဲတွေရှိတယ်။ ဒုက္ခတွေတွေ့နိုင်တယ်။ ဒါကို သတ္တိရှိရှိ ကျော်ဖြတ်ရမယ်။ ဒါမှပဲ ပြည်သူတွေလိုလားနေတဲ့ ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ အမြန်ဆုံးရမှာ ဖြစ် ပါတယ်။ မြန်မာပြည်သူအားလုံးမှာတာဝန်ရှိတယ်။ လူတိုင်းမှာတာဝန်ရှိတယ်။ အားလုံး စည်းစည်းလုံးလုံးနဲ့ လက်တွဲညီညီနဲ့ ကျိုးစားပြီး ပူးပေါင်းဆောင်ရွက်မှပဲ အမှန်တကယ်အောင်မြင်မှုဆိုတာ ရရှိမှာပါ။ အားလုံးပါဝင်ကြပါ။ အသက်ဆုံးရှုံးရတာ တွေ၊ အခက်အခဲတွေ၊ စိတ်မကောင်းစရာတွေ အများကြီးရှိခဲ့တယ်။ နောက်ထပ်လည်းရှိနိုင်ပါတယ်။ ဒါပေမယ့် စိတ်ဓာတ် မကျဘဲ ၊ ဇွဲမလျော့ဘဲ လက်တွဲပြီး ကြိုးစားရအောင်ပါလို့ အားပေးချင်ပါတယ်။”

ဒေါ်ကေတုမာလာ – ဥက္ကဌ (ဥပ္ပလဝဏ် အင်စတီကျု)

ဒေါ်ကေတုမာလာ – ဥက္ကဌ၊ ဥပ္ပလဝဏ် အင်စတီကျု(ဗုဒ္ဓဘာသာ)
“ လုံခြုံစိတ်ချရမှုကို မပေးနိုင်တဲ့ဝန်းကျင်မှာ ငြိမ်းချမ်းရေးဆိုတာကို ရှာလို့မရနိုင်သလို မျှတမှုမရှိတဲ့ လူ့အဖွဲ့အစည်းထဲမှာ လည်း ငြိမ်းချမ်းရေးရဲ့ အနှစ်သာရကို တွေ့နိုင်မှာမဟုတ်ပါဘူး။ မျှတတဲ့၊ လုံခြုံစိတ်ချရတဲ့ဝန်းကျင်ကို မတည်ဆောက်နိုင် ဘဲနဲ့ ဒီနိုင်ငံကြီး ငြိမ်းချမ်းဖို့ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ မဖြစ်နိုင်သလို လူ့အဖွဲ့အစည်းတစ်ခုအတွက် အခြေခံအကျဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘဲနဲ့ ကိုယ်ကျင့်တရားတွေ ကောင်းဖို့ ဘာသာသနာတော်ကြီး ထွန်းကားဖို့ဆိုတာတွေ ကိုလည်း အဲဒီဒေသမှာ မျှော်လင့်လို့ မရနိုင်ပါဘူး။ ”

ဒေါက်တာ စပယ် (အစ္စလာမ်ဘာသာ)
“ ငြိမ်းချမ်းရေးဆိုတာ လူတိုင်းအတွက် ရပိုင်ခွင့်ရှိတဲ့ မွေးရာပါ အခွင့်အရေးတစ်ခုဖြစ်သလို ဂုဏ်သိက္ခာရှိရှိနဲ့ လက်ဆင့် ကမ်းနိုင်တဲ့အမွေတစ်ခုလည်းဖြစ်တယ်။ မနာလိုမှုနဲ့ကိလေသာကင်းတဲ့အခြေအနေတခုလို့လည်းမှတ်ယူပါတယ်။

အခုအချိန် တစ်ကမ္ဘာလုံး ဆာလောင်မွတ်သိပ်နေတာငြိမ်းချမ်းရေးပါ။ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုတွေလည်းခံစားရသလို နိုင်ငံရေး အမြတ်ထုတ် မတရားမှုတွေကို ခင်တွယ်နေတဲ့လူတွေကြောင့် နေ့စဉ်ဘဝတွေမှာ လူအများစု ကျီးလန့်စာစားနေ ရပါတယ်။ မိသားစုတွေ ဝေးကွာကြရတယ်။ ဘဝ အဓိပ္ပါယ်တွေ ပျက်စီးကြရတယ်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်မရတဲ့ ပြည်သူကို မတရားမှုလုပ်နေသူတွေဆီလည်း ဒုက္ခနဲ့ မငြိမ်းချမ်းမှုတွေ အချိန်မရွေးကျ ရောက်လာနိုင်တာ မမေ့သင့်ပါဘူး။ ဒါကြောင့် ဒီနေ့ကိုအမှူးပြုပြီး ငြိမ်းချမ်းတဲ့နိုင်ငံအတွက် အတ္တတွေကို ခဝါချဖို့ စဉ်းစား ကြဖို့တိုက်တွန်းချင်ပါတယ်။”

မစန္ဒီ ( ဟိန္ဒူဘာသာ)
“ အခုဖက်စစ် စစ်တပ်အောက်မှာ ရောက်နေချိန်မှာ ငြိမ်းချမ်းရေး ဆုတောင်းပွဲမပြောပါနဲ့ ကိုယ့်အိမ်မှာတောင်မှ ဆုတောင်း ပွဲတွေ လုပ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။ စစ်ကိုင်းတို့ မကွေးတို့မှာ အိမ်ယာတွေကို မီးရှို့ ဖျက်ဆီး ခံရတာ၊ ဖက်စစ်စနစ်အုပ်ချုပ်ထားတဲ့ ရက်ပေါင်း ၂၃၃ ရက်ထဲမှာပဲ လူသားပေါင်း ၇,၀၀၀ ကျော်ကို မတရား ဖမ်းဆီး နှိပ်စက်နေပြီး ၁,၀၀၀ ကျော်ကို သတ်ဖြတ်နေတာ။ စစ်ပြေးတွေ အများကြီး ဖြစ်နေချိန်မှာ ငြိမ်းချမ်းမှုဆိုတာ မြန်မာနိုင်ငံမှာ လုံးဝမရှိဘူးလို့ပဲ မြင်ပါတယ်။

အဲ့လို မငြိမ်းမှုအောက်မှာ မိခင်တွေ၊ အမျိုးသမီးတွေ၊ ကလေးတွေဟာ အလွှားပေါင်းစုံက တိုင်းရင်းသားပေါင်းစုံက မငြိမ်း ချမ်းနေဘူးဆိုတာကို ဆရာမတစ်ယောက် အနေနဲ့ရော၊ အမျိုးသမီးတစ်ယောက်အနေနဲ့ရော အမျိုးသမီးတွေ၊ ကလေး တွေကို စိတ်ဓာတ်မကျသွားပါနဲ့ ဖြစ်တဲ့နည်းလမ်းနဲ့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ရော၊ ဖွံ့ဖြိုးတိုးတက်ဖို့ပါ ကြိုးစားဖို့လိုပါတယ်။ ဖက်ဆစ်စနစ်ကိုတိုက်ထုတ်ဖို့ ကျမတို့ရဲ့ နိုင်ငံကြီးငြိမ်းချမ်းဖို့၊ ဒီမတရားမှု အုပ်ချုပ်မှုအောက်ကနေ လွတ်မြောက်ဖို့ အတွက် ကိုလည်း ညီညီညွှတ်ညွှတ်နဲ့ တိုက်ထုတ်ဖို့အတွက်ကိုလည်း ဆက်ပြီး ကြိုးစားပေးကြပါလို့ ပြောချင်ပါတယ်။”

Related Articles