Home ဆောင်းပါး ခေတ်စနစ်ဆိုးထဲမှာ ရုန်းကန်နေရတဲ့ တစ်ကိုယ်ရေမိခင်တွေ

ခေတ်စနစ်ဆိုးထဲမှာ ရုန်းကန်နေရတဲ့ တစ်ကိုယ်ရေမိခင်တွေ

ခင်ဘုန်းမို့။ ။

အသက်နှစ်နှစ်အရွယ်ကလေးငယ်လေးကို ကစားစရာတွေနဲ့ ဆော့ကစားနေစေပြီး ကလေးထိန်းပေးမယ့်သူနဲ့အတူ ထားခဲ့ ကာ မဖူးဖူး (အမည်လွှဲ)တစ်ယောက် အိမ်အပြင်ကိုထွက်လာခဲ့တယ်။

အိမ်အပြင်ကိုရောက်ပြီး နှစ်လှမ်းသုံးလှမ်းလောက်လှမ်းအပြီးမှာပဲ သားငယ်လေးရဲ့ ငိုသံကို စကြားရပါတယ်။

ကလေးငိုသံကြောင့် အိမ်ထဲပြန်ဝင်ပြီးကလေးဆီပြန်သွားချင်ပေမယ့်လည်း မဖူးဖူးတစ်ယောက် အားတင်းကာ ခြေလှမ်း တွေကို လမ်းမပေါ်သို့သာ ဆက်လှမ်းလိုက်ပါတော့တယ်။

အသက် ၂၃ နှစ်အရွယ်မဖူးဖူးဟာ Single Mother (မိခင်တစ်ဦးတည်းရပ်တည်နေသူ) တစ်ဦးဖြစ်ပြီး အသင့်စား စား သောက်ကုန်တွေကို တစ်ဆင့်ယူရောင်းကာ ကိုယ်တိုင်ပို့ဆောင်ပေးတဲ့အလုပ်ကို လုပ်ကိုင်နေတာပါ။

“ လက်ရှိအခြေအနေကလည်းမငြိမ်မသက်ဖြစ်တယ်။ ရောဂါတွေနဲ့ဆိုတော့လူတွေကအရင်ကလောက် မှာမစားကြတော့ ဘူး။ အရင်ကလောက်မရောင်းရတော့ဘူး။ စားဝတ်နေရေးကတော့ခက်ခဲလာတယ်။ ”လို့မဖူးဖူးကငြီးတွားပါတယ်။

ကိုဗစ်ရောဂါ မြန်မာနိုင်ငံကိုစတင်ဝင်ရောက်လာတဲ့အချိန်ကစကာ စီးပွားရေးအကျပ်အတည်းကို ပြည်သူအများစုရင်ဆိုင် ကြရပြီး နယ်ပယ်ပေါင်းစုံက လုပ်ငန်းအချို့ဟာ ပုံမှန်မလည်ပတ်နိုင်တော့ပါဘူး။ ကိုဗစ်ပထမလှိုင်းမှာတုန်းကတော့ ရောဂါ ကို အတန်အသင့်ထိန်းချုပ်နိုင်ခဲ့သလို လုပ်ငန်းတွေလည်း အနည်းငယ်သာ ရပ်ဆိုင်းခဲ့ပါတယ်။ ဒုတိယလှိုင်း အရောက်မှာ တော့ အလုပ်အများစုက ဝန်ထမ်းလျော့ချတာတွေလည်း ရှိလာတဲ့အတွက် စားဝတ်နေရေးကျပ်တည်းလာကြပါတယ်။

ဒုတိယလှိုင်းကို ထိန်းချုပ်ဖို့ကြိုးစားနေတုန်းမှာပဲ စစ်အာဏာသိမ်းမှုကြောင့် မတည်မငြိမ်အခြေအနေတွေကြားမှာ ကိုဗစ် တတိယလိူင်းဟာ မဖိတ်ခေါ်ဘဲ ရောက်လာပြန်ပါတယ်။ နိုင်ငံရေးအခြေအနေနဲ့ ရောဂါတွေအကြားမှာ ပြည်သူတွေဟာ စားဝတ်နေရေးအတွက် ပိုခက်ခဲသွားပါတော့တယ်။

လှုမှုကွန်ရက်မှာလည်း အလုပ်နားထားရတဲ့အတွက် အလုပ်ရှိရင်ဆက်သွယ်ပါဆိုတဲ့ အကြောင်းအကြားစာတွေ၊ ကလေး တွေနဲ့ဒုက္ခရောက်နေလို့ တတ်နိုင်သလောက်ကူညီပေးပါဆိုတဲ့ အလှူခံစာတွေ၊ ယောက်ျားဖြစ်သူအလုပ်မရှိတဲ့အတွက် ကလေးမီးဖွားစရိတ်၊ ကလေးနို့မှုန့်ဖိုး ကူညီပေးပါဆိုတဲ့ အကူအညီတောင်းစာတွေကို ဒီကာလတွေအတွင်း တွေ့နေကြရပါ တယ်။

ဒီထဲမှာ ကလေးကို တစ်ယောက်ထဲပြုစု ပျိုးထောင်ပြီးရပ်တည်နေရတဲ့ အချို့သော Single mother တွေအနေနဲ့ ပိုခက်ခဲသွားစေတာတွေလည်းရှိပါတယ်။ စားဝတ်နေရေးအတွက် တစ်ဦးတည်းရုန်းကန်နေရသလို တဖက်မှာလည်း မိမိရင်သွေးကို စောင့်ရှောက်နိုင်ဖို့ကြား အခက်အခဲတွေနဲ့ တွေ့ကြုံနေရတယ်လို့ Single mother တွေကဆိုပါတယ်။

ကလေးငယ်လေးရှိတဲ့အတွက် အလုပ်ရှာတဲ့အခါမှာလည်း အခက်အခဲတချို့ရှိတယ်လို့ မဖူးဖူးက ဆိုပါတယ်။ သူလက်ရှိ လုပ်နေတဲ့အစားအသောက်ပို့တဲ့ လုပ်ငန်းကို အလုပ်လျှောက်တုန်းက အတွေ့အကြုံကိုလည်း သူက ယခုလိုပြောပြပါ တယ်။

“ အဲ့အလုပ်လျှောက်တုန်းကလည်း ကလေးရှိတယ်ပေါ့ အမှန်အတိုင်းပဲပြော လျှောက်တဲ့အခါကျတော့ သူတို့ကိုယ်တိုင်ကို ကတော်တော်စဉ်းစားယူကြတယ်။ ကလေးဖျားတာနဲ့ဆိုအလုပ်တွေခွင့်ယူမှာလား အဲ့လိုတွေမေးမြန်းခံရတယ်။ နောက် တော့ သူတို့ လိုအပ်နေတော့ခန့်လိုက်တယ်။ ကလေးအငယ်ရှိတယ်ဆိုရင် တော်တော်များများက မခန့်ချင်ကြဘူး” လို့ မဖူး ဖူးကဆိုပါတယ်။

သူက ယခင် ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှာ စာစီစာရိုက်အလုပ်ကို လုပ်ကိုင်ခဲ့ပေမယ့် ကိုဗစ်ဒုတိယလှိုင်းမှာ တော့ ကလေးနေမကောင်းတဲ့အတွက် အလုပ်ကထွက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အသင့်စား ရှမ်းအစားအစာ တချို့ ကို အွန်လိုင်းကတစ်ဆင့်ရောင်းချကာ ကိုယ်တိုင်လိုက်ပို့ကာ စားဝတ်နေရေးကိုဖြေရှင်းနေပါတယ်။

မိသားစုမှာလည်း ကလေးကြည့်ပေးမယ့်လူခွဲမရှိတဲ့အတွက် ဆွေမျိုးနီးစပ်သူကို အခကြေးငွေပေးကာ ကလေးထိန်းစေပြီး အစားအသောက်တွေကို ကိုယ်တိုင်လိုက်ပို့ပါတယ်။

အစားအသောက်ရောင်းရငွေအပြင် ပို့ခဝင်ငွေပါအပိုရအောင် နီးစပ်ရာရပ်ကွက်တွေကို မော်တာစက်ဘီးနဲ့ တစ်ယောက်ထဲ ပို့သလို ဝေးတဲ့နေရာတွေဆိုရင်တော့ အသိဖြစ်သူရဲ့အငှားကားကိုငှားကာ လိုက်ပို့ပေးတယ်လို့ မဖူးဖူးကပြောပါတယ်။

“ သွားပို့ရင်သားသားကိုတစ်ခါတစ်လေတော့ခေါ်သွားတယ်။ အပြင်သွားတော့မယ်ဆိုသားသားကသိတယ်။ Mask တပ်တာ နဲ့လက်ကမလွှတ်တော့ဘူး။ အနောက်ကကောက်ကောက်လိုက်နေတာ။ ဆော့ခိုင်းပြီး ကာတွန်းကားပြပြီး ထားခဲ့ ရတယ်။ သူ့ကိုထားခဲ့တာသိရင်ငိုတယ်” လို့မဖူးဖူးက ပြောပါတယ်။

အာဏာမသိမ်းခင်ကာလတုန်းကတော့ အတန်အသင့်ရောင်းရငွေနဲ့ အဆင်ပြေခဲ့ပေမယ့် အခုကာလမှာတော့ နိုင်ငံရေး အခြေအနေနဲ့ရောဂါအခြေအနေတွေကြောင့် အရင်ကလောက် မရောင်းရတော့ဘူးလို့ မဖူးဖူးက ဖွင့်ဟပါတယ်။ ရောဂါနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် တခြားအလုပ်လုပ်ဖို့ကိုလည်းလက်လျော့ထားရပါတယ်။

“ ကိုယ်တစ်ယောက်ထဲဆိုရင်တော့ ဘာဖြစ်ဖြစ်လုပ်လို့ရတယ်။ ကိုယ်ထွက်လုပ်လို့ ရောဂါတွေပါလာရင်ကလေး အတွက် လည်းစိုးရိမ်ရတယ်”လို့မဖူးဖူးက စိုးရိမ်စွာပြောပါတယ်။

Single Mother တစ်ဦးဖြစ်တဲ့အတွက် ကလေးရဲ့စားဝတ်နေရေးကို တစ်ယောက်တည်းတာဝန်ယူ ဖြေရှင်းနေရတာ ကြောင့် ရောဂါနဲ့နိုင်ငံရေးအခြေအနေကြားမှာ ပိုရုန်းကန်နေရတယ်လို့ဆိုပါတယ်။

“ ရောဂါတွေဖြစ်နေတော့ ကလေးအတွက်ပိုပြီးစိုးရိမ်ပူပန်ရတယ်။ဘာလို့လဲဆိုတော့ ကိုယ့်မှာစုထားဆောင်းထားတာက လည်းမရှိဘူးလေ။ ကိုယ်အတွက်လည်း ကိုယ်ဂရုစိုက်ရတယ်။ မတော်လို့ကိုယ်တခုခုဖြစ်သွားရင် ဒီကလေးလေးမှာ အားကိုးစရာကလည်းမရှိဘူးဆိုပြီးစိုးရိမ်ပူပန်ရတယ်”လို့ မဖူးဖူးကဆိုပါတယ်။

မဖူးဖူးလိုပဲ တစ်ယောက်ထဲရုန်းကန်နေတဲ့ မိခင်တစ်ဦးကတော့ အသက် ၂၂ အရွယ် မခွန်းချို(အမည်လွဲ)ပဲ ဖြစ်ပါတယ်။ မခွန်းချိုဟာစစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှာ နေထိုင်ကာ အသက် ၁၁ လအရွယ်သမီးလေးနဲ့အတူ ဘဝကို ရုန်းကန်နေ သူတစ်ဦးဖြစ်ပါတယ်။

ကလေးမီးဖွားတုန်းကကူညီပေးခဲ့တဲ့သူတွေ ပေးတဲ့အရင်းအနှီးနဲ့ ယခုနှစ်ဇန်နဝါရီလကစတင်ကာ အိမ်မှာပဲ အထည်ဆိုင် လေးဖွင့်ခဲ့ကာ စားဝတ်နေရေးအတွက်ဖြေရှင်းပါတယ်။

ဆိုင်စဖွင့်စဉ်ကအရောင်းအဝယ်ကောင်းခဲ့ပေမယ့် နိုင်ငံရေးအခြေအနေတွေနဲ့ရောဂါတွေကြောင့် အခုနောက်ပိုင်းမှာတော့ အရင်ကလောက်အရောင်းမသွက်တော့ပါဘူး။

ဒါ့အပြင် မခွန်းချိုရဲ့ဖခင်ဖြစ်သူဟာလည်း မကျန်းမာတဲ့အတွက် ရသမျှဝင်ငွေတွေဟာ ဖခင်ကျန်းမာရေးအတွက် ဆေးကု နေရပါတယ်။ မခွန်းချိုတို့မိသားစုဟာ အထည်ဆိုင်ဝင်ငွေတစ်ခုထဲနဲ့သာ ရပ်တည်နေတာဖြစ်ပါတယ်။

“ ဆိုင်အတွက်က ထပ်ပြီးတော့ အိပ်မစိုက်နိုင်ဘူး။ ဆိုင်ကအထည်တွေကနည်းနေတော့ ပိုအရောင်းကျတယ်။ အထည်ဖိုး တွေကအကုန်ဆေးဖိုးထဲရောက်သွားတယ်”လို့ မခွန်းချိုကသူ့အခက်အခဲကိုပြောပါတယ်။

ဖခင်ဖြစ်သူကျန်းမာရေးကောင်းစဉ်က အထည်ဆိုင်ကရတဲ့ဝင်ငွေကအဆင်ပြေတဲ့အတွက် မိသားစုစားဝတ်နေရေးအတွက် လောက်ငတဲ့အပြင် ရတဲ့ဝင်ငွေတစ်ချို့ကို ရွှေဘိုဈေးမှာဆိုင်ဖွင့်ထားတဲ့ သူငယ်ချင်းဖြစ်သူထံ အရင်းအနှီးထည့်ခဲ့ပေမယ့် ဈေးမီးလောင်သွားတဲ့အတွက် ငွေတွေလည်းဆုံးရှုံးသွားပါတယ်။

နိုင်ငံရေးအခြေအနေတွေနဲ့ ရောဂါအခြေအနေတွေကြား စားဝတ်နေရေးအတွက် ဆိုင်ကိုလည်း မဖွင့်မဖြစ်ဖွင့်နေရပါတယ်။

“ အရင်ကဆို တစ်ယောက်ထဲဆိုတော့ဘယ်လိုဖြတ်သန်းဖြတ်သန်းရတယ်။ အခုကျတော့ မိသားစုကလည်း အဆင်မပြေ ဘူး။ ကလေးတစ်ယောက်ကလည်းရှိနေတော့ တခုခုဆိုသမီးလေးအတွက်ပဲကြည့်ရတယ်။ ညဆိုလည်း အိပ်မပျော်တာ တွေ အများကြီးပဲ” လို့ မခွန်းချိုက တိုးညှင်းစွာဆိုပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့မှာနေထိုင်တဲ့ အသက် ၂၇ အရွယ် မမိုးဦးတစ်ယောက်လည်း လေးလအရွယ် သမီးလေးကို တစ် ယောက်ထဲပြုစုရင်း ရုန်းကန်နေပါတယ်။

အရင်ကတော့ စပါးရိတ်တာ၊ကောက်စိုက်တာတွေ၊အရောင်းဝန်ထမ်းအလုပ်တွေ စတဲ့အလုပ်တွေလုပ်ကိုင်ခဲ့ပေမယ့် ကိုယ် ဝန်ရပြီးနောက်မှာတော့ အလုပ်တွေနားထားပါတယ်။ မိဘတွေက တောင်ယာလုပ်ကိုင်ပြီးတော့ လက်ရှိမှာတော့ မိဘအိမ် မှာနေကာ ကလေးကိုပြုစုနေပါတော့တယ်။

အပြင်အလုပ်ထွက်လုပ်ဖို့လည်း နိုင်ငံရေးအခြေအနေတွေနဲ့ရောဂါအခြေအနေတွေကြောင့် လုပ်ကိုင်ဖို့မဖြစ်နိုင်သေးပါဘူး။ မိဘတွေရဲ့ဝင်ငွေနဲ့ မိသားစုရပ်တည်နေရတဲ့အပြင် ကိုယ်တိုင်အလုပ်မရှိဝင်ငွေမရှိတဲ့အတွက် အခက်အခဲတွေရှိတယ်လို့ မမိုးဦးကဖွင့်ဟပါတယ်။

“ ကလေးအတွက်ဝယ်စရာတွေရှိလည်း ကျွန်မအလုပ်မရှိတော့ ဘာမှမဝယ်နိုင်ဘူး။ ကလေးအတွက်ဘာမှမဝယ်နိုင် လောက်အောင်ခက်ခဲနေတယ်။ ကလေးကိုသူများပေးတဲ့ဟာတွေ ရှိတာလေးတွေနဲ့ဆင်ပေးရတယ်”လို့သူကဆိုပါတယ်။

ကလေးနို့တိုက်နေရတဲ့အတွက် ကိုယ်တိုင်အာဟာရရှိတဲ့အစားအစာတွေ ဟင်းကောင်းကောင်းတွေစားချင်ပေမယ့်လည်း ဝင်ငွေမရှိတဲ့အတွက် ရှိတဲ့အစားအသောက်တွေသာ စားနေရတယ်လို့ မမိုးဦးကဖွင့်ဟပါတယ်။

မမိုးဦးတစ်ယောက် ကလေးနို့ပြတ်ချိန်ကျရင် အလုပ်ထွက်လုပ်ဖို့စဉ်းစားထားပြီး လတ်တလော ကလေးကိုဘာမှ မဆင်ပေး နိုင်တဲ့အတွက် စိတ်ထိခိုက်နေပါတယ်။

“ ကျွန်မဆို မိဘစုံစုံလင်လင်နဲ့မွေးဖွားကြီးပြင်းခဲ့ရတာ။ ကျွန်မသမီးလေးကျအဲ့လိုမဟုတ်တော့ သမီးလေးကိုတခါ ကြည့်ပြီး တခါငိုရတယ်။ ဒါပေမယ့်သမီးမျက်နှာကြည့်ပြီးအားတင်းထားတယ်။ ကလေးကြီးလာတဲ့ အခါကျရင် သူများတွေလို သွား လာနိုင် စားနိုင်သောက်နိုင်ရမယ် ခေါင်းမော့ရင်ကော့နိုင်ရဖို့ ကျွန်မအလုပ်လုပ်မယ်လို့ အားတင်းထားတယ်” လို့ မမိုးဦးက ဆိုပါတယ်။

နိုင်ငံရေးနဲ့ ရောဂါအခြေအနေတွေမရှိခင်ကာလကတည်းက single mother အချို့ဟာရုန်းကန်ကြရပါတယ်။ ကလေး ကြည့်ပေးမယ့်သူရှိရင် အလုပ်ထွက်လုပ်နိုင်တဲ့သူတွေရှိသလို အလုပ်ထွက်လုပ်တဲ့အခါမှာလည်း အိမ်စရိတ်နဲ့ ကလေးစ ရိတ်နဲ့ မလောက်ငှသူတွေလည်းရှိတယ်လို့ single mother တချို့ကပြောပြပါတယ်။

လက်ရှိ တိုင်းပြည်မှာ စစ်ဘေး ရောဂါဘေးတွေ ကြုံနေရတဲ့အချိန်မှာတော့ မိဘစုံလင်တဲ့ မိသားစုတွေမှာတောင် အခက် အခဲတွေကြုံနေကြရပြီး Single Mother မှာဆို ပိုလို့တောင် ခက်ခဲနေရပါတယ်။ ဒီလိုအခက်အခဲတွေကြားမှာ ရုန်းကန်နေ ရပေမယ့်လည်း Single Mother တွေဟာ အားမလျော့သွားကြပါဘူး။

မဖူးဖူးကတော့ “ စိတ်ဓာတ်ကျတဲ့အချိန်ကျရင် ကလေးမျက်နှာပဲပြေးမြင်လိုက်တယ်။ အခုအခြေအနေ အချိန်အခါ အရ အဆင်မပြေဘူးပေါ့နော်။ဒါပေမယ့် နောက်တစ်ချိန်ချိန်မှာအဆင်ပြေမှာပေါ့။ မုန်တိုင်းတိုက်ပြီးရင်တော့ လေပြေလေညှင်း တွေပဲလာမယ်ဆိုပြီး ကလေးမျက်နှာကြည့်ပြီး အားတင်းထားတယ်”လို့ ဆိုပါတော့တယ်။

Related Articles