Home ဆောင်းပါး စစ်ကျွန်ပညာရေးကို တော်လှန်နေတဲ့ Homeschooling

စစ်ကျွန်ပညာရေးကို တော်လှန်နေတဲ့ Homeschooling

မြတ်စုမွန်။ ။

မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်စနစ် အလိုမရှိကြောင်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော် ကြတဲ့ ကျောင်းသားပြည်သူတွေ၊ ဆရာ၊ဆရာမတွေကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့တာ၊ စာသင်ကျောင်းတွေ ကို စစ်စခန်းသဖွယ် အသုံးချတာ၊ ပစ်ခတ်ဖျက်ဆီးတာတွေ အဆက်မပြတ် လုပ်ခဲ့ကြတယ်။

အာဏာသိမ်းပြီး တောရောမြို့ပါမကျန် ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ဆက်တိုက်လုပ်နေသလို တဖက်ကလည်း စာသင်ကျောင်းတွေကို ဖွင့်ဖို့ကြိုးစားခဲ့တယ်။ မေလလောက်မှာ လက်နက်ကိုင် စစ်သားနဲ့ရဲတွေ လုံခြုံရေးအင်အားသုံးပြီး ကျောင်းအပ်လက်ခံတာတွေကို ပြုလုပ်ခဲ့တယ်။

အာဏာရှင်စနစ်ကို မလိုလားတဲ့ ပညာရေးဝန်ထမ်းတွေဟာ စစ်တပ်ရဲ့အမိန့်နဲ့ ခိုင်းစေမှုအောက်မှာ အလုပ်မလုပ်လိုတာ တွေကြောင့် Civil Disobedience Movement (CDM) လို့ခေါ်တဲ့ ပြည်သူလူထုရဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတယ်။ အာဏာရှင်စနစ်ကို တွန်းလှန်ဖီဆန်တဲ့ ပညာရေးဝန်ထမ်း လူတော်တွေနေရာမှာ နေ့စားဝန်ထမ်းတွေ၊ ယူရမယ့်တာဝန်နဲ့ သင့်တော်တဲ့ ပညာရေးအဆင့်အတန်း မရှိသူတွေကို အစားထိုးခဲ့တယ်။

အိမ်နီးချင်းနိုင်ငံတွေမှာ ကိုဗစ်တတိယလှိုင်း ရိုက်ခတ်မှုဒဏ်ကို အလူးအလဲ ခံနေရတဲ့ အခြေအနေမျိုးမှာ စာသင်ကျောင်း တွေကို လက်နက်ကိုင်ရဲနဲ့ စစ်သားတွေ စောင့်ကြပ်ပြီး ဖွင့်လှစ်ခဲ့တယ်။ အာဏာသိမ်းလိုက်လို့ ပြည်သူတရပ်လုံးက တခဲနက်ဆန့်ကျင်ဆန္ဒပြခံရတဲ့ စစ်ကောင်စီဟာ မြန်မာနိုင်ငံကို သူတို့ထိန်းချုပ်နိုင်ပြီဆိုတာကို ပြဖို့ကြိုးစားတဲ့၊ တခါမှ မမြင် တွေ့ဖူးတဲ့ ကျောင်းဖွင့်ချိန် မြင်ကွင်းပါပဲ။

ဒါပေမယ့် အာဏာရှင်စနစ်အောက်မှာ ပညာသင်ကြားရမယ့်ရေးကို အလိုမရှိတဲ့ ကျောင်းသားတွေနဲ့ မိဘတွေဟာ “ကျောင်းမတက်နဲ့၊ ကျောင်းထွက်”ဆိုတဲ့ လှုပ်ရှားမှုကိုလုပ်ခဲ့တယ်။ ပြည်သူရွေးချယ်တဲ့ အရပ်သားအစိုးရတက်မှ ကျောင်းပြန် တက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ကြပါတယ်။

သမီးလေးတယောက်မိခင် ဒေါ်သဲသဲမေက အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ပညာရေးစနစ်ကို မကြိုက်ရခြင်း အကြောင်းရင်းကို အခုလိုပြောပြပါတယ်။

“ အဓိကတော့ ကလေးတွေအတွက် မှန်ကန်တဲ့ အတွေးအခေါ်နဲ့ စစ်မှန်တဲ့ပညာရေးကို မပေးနိုင်ဘူးလို့ ယုံကြည်တယ်၊ ဘာလို့လဲဆိုတော့ သင်ပေးမယ့် ဆရာ၊ဆရာမတွေရဲ့ စိတ်ဓာတ်နဲ့အတွေးခေါ်တွေကြောင့်ပါ၊ မတရားလုပ်နေတဲ့ လူတွေရဲ့ လက်အောက်မှာ အလုပ်လုပ်နေတယ် ဆိုကတည်းက အဲလူတွေဟာ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်ရှိနေလို့ပဲ”

ဒါကြောင့် သူဟာ သူ့ကလေးကို စစ်အစိုးရရဲ့ စာသင်ကျောင်းကို မပို့တော့ဘဲ အိမ်မှာ စာသင်ကြားပေးတဲ့
Home schooling ပညာရေးစနစ်အတိုင်းသင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။

အဲဒီလို Homeschooling ပညာရေးစနစ်နဲ့ ကလေးတွေကို စာသင်ကြားပေးသွားမယ့် မိဘတွေထဲမှာ ဒေါ်သဲသဲမေ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ကလေးတွေကို စစ်အစိုးရစာသင်ကျောင်း မပို့ဘဲ စစ်အာဏာရှင်ကို ဆန့်ကျင် ကြတဲ့ မိဘတွေအများစုက ပါဝင်ကြပါတယ်။ သူတို့ကလေးတွေကို စစ်အာဏာရှင်ရဲ့ စာသင်ကျောင်းတွေဆီ ပို့မယ့်အစား Homeschooling လို့ခေါ်တဲ့ ပညာရေးကို အိမ်မှာ သင်ပေးမယ်ဆိုတဲ့အစီအစဉ်ကို ရွေးချယ်ခဲ့ကြတာပါ။

Homeschooling ဆိုတာ ကျောင်းစာသာမက ကလေးတစ်ယောက်သိသင့်သိအပ်တဲ့ ဘဝနေနည်းအတတ်ပညာတွေ၊ လူမှုရေး၊ သဘာဝတရား စတာတွေကို မိဘ သို့မဟုတ် ကလေးအတွက် သီးခြားအချိန်ပေးကာ စနစ်တကျ လေ့ကျင့် သင်ကြားပေးတဲ့ ပညာရေးနည်းစနစ်တခုဖြစ်ပါတယ်။ အနီးကပ်လေ့ကျင့်သင်ကြားပေးမယ့် မိဘကိုယ်တိုင် ပြင်ဆင်မှု၊ လေ့လာမှုအချိန် ရင်းနှီးမြုပ်နှံနိုင်မှုတွေ လိုအပ်တဲ့ သင်ကြားမှုပုံစံဖြစ်ပါတယ်။

အမေရိကန်နဲ့ ဥရောပလို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ Homeschooling ပညာရေးစနစ်ကို အစိုးရက တရားဝင်ကျင့်သုံးခွင့်ပြုထားပါ တယ်။ အခုလို ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလမှာ Homeschooling ပညာရေးကို ကျင့်သုံးတဲ့ ယခင်ကထက် ပိုမို များပြားလာတယ်လို့ ယင်းနိုင်ငံတွေရဲ့ ပညာရေးစစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဖွင့်လှစ်တဲ့ စာသင်ခန်းတွေဆီပို့မယ့်အစား အိမ်မှာပဲ သင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တဲ့ မိခင်တွေထဲမှာ Pre KG နဲ့ KG တက်မယ့် ကျောင်းသားငယ်နှစ်ဦးရဲ့ မိခင် မနီလာလည်းပါဝင်ပါတယ်။

သူက “ကိုယ်တိုင်ကြုံခဲ့ရတဲ့ ကြက်တူရွေးလို နှုတ်တိုက်ကျက်ရတဲ့ အလေ့အထကို သားနှစ်ယောက်မှာ မရှိစေချင်ဘူး” လို့ သူက ပြောပြတယ်။

မြန်မာပြည်က အစိုးရပညာရေးစနစ်ကို မနှစ်သက်ပေမယ့် နိုင်ငံတကာစာသင်ကျောင်းတွေမှာ ထားဖို့အတွက်လည်း ရေရှည်အင်အားမရှိတဲ့အခါ ကလေးတစ်ယောက်ရဲ့ပညာရေးဟာ စာသင်ကျောင်းတစ်ခုတည်းအပေါ်မှာ မမူတည်ဘဲ မိဘ အပေါ်မှာ လုံးလုံးလျားလျား မူတည်နေတဲ့ ပညာရေးစနစ်တခုဖြစ်တဲ့ Homeschooling ကိုရွေးချယ်ခဲ့တယ်လို့ သူကပြောပါ တယ်။

သူ့လိုပဲ သား နှစ်ယောက်မိခင် မနွယ်ကလည်း “ကျမကတော့သားတွေကို အတန်းရပိုင်ခွင့်ထက် သူတို့အသက် အရွယ်မှာ သူတို့သိသင့်သိထိုက် ကျွမ်းသင့်တဲ့ ပညာလေးတွေကို လက်လှမ်းမီရာ ရှာဖွေပံ့ပိုးပေးတာပဲ လုပ်မှာပါ”လို့ ဆိုပါတယ်။
ဒါကတော့ Homeschooling ကို ရွေးချယ်လိုက်တဲ့ မိခင်တွေရဲ့ တူညီတဲ့ အယူအဆတခုဖြစ်ပါတယ်။

ဒီလိုဆုံးဖြတ်လိုက်လို့ ကလေးတွေရဲ့ပညာရေး နှောင့်နှေးရပြီလား၊ ကိုဗစ်ကြောင့် ကျောင်း တစ်နှစ်နားခဲ့ရပြီးပြီ၊ အခု ဘယ် လောက်ကြာအောင် ထပ်နားရဦးမှာလဲ။ ကလေးက အသက်တွေကြီးလာပြီး အတန်းမတက်ရဘဲ နေမယ်။ ဒီလို အတွေး အခေါ်တွေကို သူတို့တုန့်ပြန်ပုံကတော့ ရှင်းလင်းပါတယ်။

“ အတန်းတက်ဖို့အရေးကြီးသလား၊ ကိုယ့်ကလေးပညာပြည့်ဝဖို့ အရေးကြီးသလားဆိုတာ မေမေတွေကိုယ်တိုင် စဉ်းစား စေချင်တယ်” လို့ မနီလာက ဆိုပါတယ်။

အလယ်တန်းကျောင်းသားရှိတဲ့ မိခင်တစ်ယောက်ကတော့ “တော်လှန်ရေးကြီးပြီးမှ လိပ်ပြာလုံလုံနဲ့ ကျောင်းထားမယ်၊ ဒီအခြေအနေတွေ မပြီးဘဲ တစ်နှစ် နှစ်နှစ်ကြာသွားလည်း Homeschooling ပဲ ကြိုးစားလုပ်သွားမယ်” လို့ပြောပါတယ်။
မူကြိုအရွယ် ကလေးတစ်ဦးရဲ့ မိခင် မသဲသဲမေက “စစ်ကောင်စီကိုမကြိုက်ရင် သူတို့ပေးတဲ့ အတန်းကို မက်မောစရာ မရှိဘူး” လို့ ပြတ်ပြတ်သားသား တုန့်ပြန်ပါတယ်။

ကလေးပြုစုပျိုးထောင်ရေးခေတ်အမြင်တွေရှိတဲ့ မိခင်တွေဟာ သူတို့သားသမီးတွေအပေါ် မျှော်မှန်းထားတဲ့ ပညာရေးက ဒီစာကျက်၊ ဒီစာဖြေ အလေ့အကျင့်နဲ့ စာမေးပွဲအောင်ပြီး တစ်နှစ်တစ်တန်း ပုံမှန်တက်သွားတဲ့ ပညာရေးမျိုး မဟုတ်ကြ ပါဘူး။ ရေရှည်မှာ ဘဝနေနည်းအတတ်ပညာတွေကို သူတို့အသက်အရွယ်အလိုက်ရရှိစေတဲ့ပညာရေးမျိုးကို လိုလားကြ တယ်။

မြန်မာပြည်မှာ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း အာဏာရှင်စနစ်အလိုမရှိတဲ့ မိဘတွေဟာ Homeschooling ပညာ သင်ကြားမှုနည်းလမ်းကို အခမဲ့ဖြစ်စေ၊ အခကြေးငွေပေးပြီးဖြစ်စေ အွန်လိုင်းကနေ အပြန်အလှန်မျှဝေတာတွေ လုပ်လာ ကြတယ်။

သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်တဲ့ ဆရာဆရာမတွေ၊ ပြည်ပရောက် ပညာရေးနယ်ပယ်က ပညာရှင်တွေ ကလည်း အခကြေးငွေယူပြီး ဖြစ်စေ၊ ပညာဒါနဖြစ်စေ အွန်လိုင်းကနေတဆင့် ပြန်လည်ဖြန့်ဝေ သင်ကြားတာတွေ လုပ်လာ ကြပါတယ်။

ကလေးတွေကို ပန်းချီပညာသင်ကြားပေးတဲ့ ဆရာမတစ်ယောက်က CDM လုပ်ထားတဲ့ ဝန်ထမ်းတွေရဲ့ သားသမီးတွေကို ပညာဒါန သင်ကြားပေမယ့်အကြောင်း လူမှုကွန်ရက်မှာတင်တယ်။ စစ်ကောင်စီရဲ့ ပညာရေးကို သပိတ်မှောက်တဲ့ ကျောင်းသားတွေအတွက် နိုင်ငံရပ်ခြားရောက် ပညာရေးကျွမ်းကျင်သူတွေဟာ သူတို့ကျွမ်းကျင်ရာ ဘာသာရပ်တွေကို အွန်လိုင်းကနေ အခမဲ့သင်ကြားမယ့် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ပေးမယ့်အကြောင်းတွေ ပြောဆိုကြတယ်။ တစ်ဦးနဲ့တစ် ဦး ကူညီပေးဖို့အတွက် တက်ကြွစည်းလုံးနေတဲ့ အွန်လိုင်းအစုအဖွဲ့တွေ အများကြီးပေါ်ထွက်လာတာ တွေ့ရပါတယ်။

ကျောင်းသားမိဘတစ်ဦးလည်းဖြစ်၊ ဆရာမတစ်ဦးလည်းဖြစ်တဲ့ ဆရာမကြည်က နိုင်ငံရေးကြောင့် ဖြစ်စေ၊ ကိုဗစ်ကပ် ရောဂါဘေးကြောင့်ဖြစ်စေ ကျောင်းမတက်ဖို့ ဆုံးဖြတ်ထားသူတွေအတွက် အင်္ဂလိပ်နဲ့သင်္ချာဘာသာရပ်ကို အဓိက လေ့ကျင့်သင်ကြားပေးထားသင့်တယ်လို့ အကြံပေးပါတယ်။ ဒါ့အပြင် သိပ္ပံ၊ သမိုင်း စတဲ့ အသိပညာဗဟုသုတရစေမယ့် ပညာရပ်တွေကို အဓိကထားပြီး လုပ်ပေးသင့်တယ်လို့လည်း အကြံပြုပါတယ်။

သူက “အခုလက်ရှိ ပညာရေးကို မနှစ်သက်လို့ အခြေအနေအရ ကျောင်းမပို့ဘဲ Homeschooling လုပ်နေတဲ့ မိဘတွေ၊ ကျောင်းသားတွေအနေနဲ့ စာသင်ကြားခြင်းအပြင် Life Skills နဲ့ ပတ်သက်တာတွေကိုပါ သင်ယူလေ့လာစေချင်တယ်၊ စာကို တန်းရဖို့တစ်ခုတည်းအတွက် သင်တာမျိုးမဟုတ်ဘဲ အသိပညာတိုးတက်အောင် ဘဝအတွက်လိုအပ်တဲ့ ပညာတွေ ကို လေ့လာတဲ့ပုံစံမျိုး၊ ပုံမှန်လေ့လာမှုမျိုးကို လုပ်သွားစေချင်တယ်၊ ဒီလိုလေ့လာထားမယ်ဆိုရင် အချိန်ဘယ်လောက် ကြာကြာ ကျောင်းပြန်တက်ရသည်ဖြစ်စေ၊ မတက်ရသည်ဖြစ်စေ အရေးကြီးတော့ဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ပညာရေးကို အယုံအကြည်မရှိတဲ့အတွက် ကလေးတွေကို ကျောင်းမပို့တော့ဘဲ Homeschooling လုပ်ကြပေမယ့် ကလေးနဲ့မိဘကြားမှာ နားလည်အောင် ညှိနှိုင်းရတာတွေလည်းရှိတယ်လို့ မူလတန်းကျောင်းသား နှစ်ဦးရဲ့ မိခင် ဖြစ်သူ မနွယ်နွယ်က ပြောပါတယ်။

“ ကိုယ်တွေအတွက်သာ သူတို့အတန်းရပိုင်ခွင့်ဆိုတာ မထူးဆန်းပေမယ့် ကလေးတွေအတွက်ကတော့ ရွယ်တူ သူငယ်ချင်းတွေနဲ့ အတန်းမတူတော့မှာတွေ ဘာတွေ စိုးရိမ်တဲ့ အနေအထားတော့ရှိတယ်။ အိမ်က သားကို အဲဒါတစ်ခု တော့ နားလည်အောင် ဖြည်းဖြည်းချင်း ရှင်းပြနေရတုန်းပါ” လို့ သူကပြောပါတယ်။

Homeschooling ပညာရေးစနစ်ကို ပထမဆုံးကျင့်သုံးကြရမယ့် မိဘတွေကိုယ်တိုင်လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရ တယ်လို့ မိခင်တချို့က ပြောပါတယ်။

အိမ်မှာတစ်ယောက်တည်းသင်ယူလေ့လာနေရတာ ကာလကြာလာတဲ့အမျှ ငြီးငွေ့လာတာ၊ ရွယ်တူအချင်းချင်း ကျောင်း မတက်ရတဲ့အခါ ပေါင်းသင်းဆက်ဆံရေး အရည်အချင်းတွေ အားနည်းလာတာ၊ သင်ကြားပေးနေရတဲ့ မိဘတွေကိုယ်တိုင် စိတ်မရှည်တာတွေပါ။

ဒါကိုဖြေရှင်းဖို့အတွက် မူလတန်းကျောင်းသား နှစ်ဦးရဲ့မိခင်ဒေါ်နီလာကတော့ “အခြေအနေတွေ တည်ငြိမ်တဲ့တစ်နေ့တော့ သူ့ရဲ့ လူမှုဆက်ဆံရေးအတွက် စန္ဒယားနဲ့ရေကူးသင်တန်းတွေထားဖို့ စဉ်းစားထားတယ်” လို့ သူ့အစီအစဉ်ကို ပြောပြ ပါတယ်။

“ အိမ်မှာနေရင်း ဆော့ကစားရင်းတောင် ပညာသင်ယူစရာ၊ သင်ပေးစရာတွေ အများကြီးရှိပါတယ်။ သဘာဝပတ် ဝန်းကျင်ကနေ သိပ္ပံသဘောတရားလေးတွေကို သင်ယူလို့ရတာ၊ သင်ပေးလို့ရတာတွေ အများကြီးပါ။ ကိုယ်တိုင်လည်း ကလေးတွေမေးသမျှ မဖြေနိုင်တဲ့ အပိုင်းလေးတွေရှိတဲ့အတွက် သူတို့နဲ့စာအတူတူ ပြန်ဖတ်ရတယ်။ ပြန်လေ့လာရတယ်” လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။

စစ်ကောင်စီက စာသင်ကျောင်းတွေကို ဖွင့်လှစ်ခဲ့ပြီး တစ်လအကြာမှာ ကိုဗစ်တတိယလှိုင်းဟာ မြန်မာပြည်ကို မြန်မြန် ဆန်ဆန်ရောက်လာခဲ့ပြီး ဆရာဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေ ရောဂါကူးစက်ခံရတာတွေ ဖြစ်လာတဲ့နောက် စာသင်ကျောင်းတွေ တဖြည်းဖြည်း ပြန်ပိတ်တဲ့အခြေအနေကို ဆိုက်ရောက်လာပါတယ်။

ဒီလိုအချိန်မှာ ကလေးတွေ ပညာရေးနဲ့ မဝေးအောင် လုပ်ဆောင်ချင်တဲ့ မိဘတွေအနေနဲ့ ကလေးတွေအတွက် စာလေ့လာ သင်ယူခြင်းကိုနေ့စဉ်ပုံမှန် အချိန်သေချာသတ်မှတ်ပြီးလုပ်စေချင်တယ်လို့ Homeschooling ဆရာမတဦးဖြစ်တဲ့ ဆရာမ ကြည်က အကြံပြုပါတယ်။

“ မိဘတတ်နိုင်တဲ့ ကလေးတွေ Homeschooling လုပ်ကြတာတော့ အားလုံးသိတယ်။ ဒါပေမယ့် အခြေခံလူတန်းစား ကလေးတွေလည်း Homeschooling လုပ်နေကြတာတွေရှိတယ်”လို့ ဆရာမကြည်က ပြောပါတယ်။

လက်ရှိမှာ ငွေကြေးတတ်နိုင်တဲ့ မိဘတွေအပြင် အခြေခံလူတန်းစာ မိဘတွေပါ Homeschooling ပညာရေးစနစ်နဲ့ ပတ်သက်ပြီး သူ့ထံမှာ အကြံဉာဏ်တောင်းလာကြတာတွေရှိတယ်လို့ သူကဆိုပါတယ်။

ငွေကြေးမပြည့်စုံသည့်တိုင် ကိုယ်တိုင်လေ့လာလို့ရတဲ့ စာအုပ်တွေ ဝယ်ယူပြီး သင်ကြားတာ၊ ကျောင်းစာနဲ့ အလှမ်းမဝေး အောင် လက်လှမ်းမီသလောက်တွေ လုပ်နေကြတယ်လို့ ဆရာမကြည်က ပြောပါတယ်။

ဒါကြောင့် ပညာရေးကို တာဝန်ယူရမယ့်သူတွေအနေနဲ့လည်း ကြားကာလကျောင်းပညာရေးနဲ့ပတ်သက်လို့ သင်ကြားပေး တဲ့အခါမှာ စစ်အစိုးရကျောင်းမတက်ဘဲ သပိတ်မှောက်ထားကြတဲ့ အခြေခံလူတန်းစား ကျောင်းသူ၊ ကျောင်းသားတွေကို လည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ သူက အကြံပြုပါတယ်။

“ နောက်တစ်ခုက ပညာရေးအတွက် အဆင့်သတ်မှတ်ချက်ပေးနိုင်မယ့် စာမေးပွဲတွေ ပြင်ဆင်ပေးပြီး ကလေးတွေကို ကိုယ်တိုင်လေ့လာထားတဲ့ အဆင့်နဲ့ကိုက်ညီတဲ့ စာမေးပွဲတွေ ဝင်ဖြေနိုင်အောင်လုပ်ပေးစေချင်တယ်။ စာမေးပွဲတွေကို သတ်မှတ်ထားတဲ့ ပြဌာန်းချက်ကို အခြေခံစဉ်းစားတွေးခေါ်မှုတွေကိုအသားပေးတဲ့ပုံစံမျိုးဖြစ်စေချင်တယ်။ ကလေးရဲ့ ဉာဏ်ရည်၊ လေ့လာမှု၊ တွေးခေါ်မှုတွေအားလုံးကို အကဲဖြတ်နိုင်တဲ့ ပုံစံအထိဖြစ်စေချင်တယ်။ ဒါတွေကို အစိုးရက ဦးဆောင်ပြီး သေချာလုပ်ပေးနိုင်မယ်ဆိုရင်အကောင်းဆုံးပါ” လို့ ဆရာမကြည်ကမှတ်ချက်ပေးပါတယ်။

ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာ Homeschooling ကို တရားဝင်လက်ခံလျှက်ရှိပြီး တစ်နှစ်တစ်ကြိမ်အစိုးရသတ်မှတ်တဲ့ စာမေးပွဲ တွေကို ဝင်ဖြေပြီး အတန်းသတ်မှတ်ချက်ကို ခံယူနိုင်ပါတယ်။ အစိုးရကသင်တဲ့ ပညာရေးစနစ်ကို မကြိုက်ရင် ကိုယ်ကြိုက် တဲ့နေရာမှာ သင်ယူပြီး၊ အစိုးရစစ်ဆေးမှုကို ဝင်အစစ်ခံ၊ အောင်ရင် တော်ပြီဆိုတဲ့ နည်းလမ်းကို ရွေးချယ်နိုင်ကြတယ်။ မြန်မာပြည်မှာလည်း အလားသဏ္ဍာန်တူတဲ့ ပညာရေးဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကြားကာလပညာရေး အစီအမံတွေ ရေးဆွဲနေတယ်လို့ NUG အစိုးရက ထုတ်ပြန်ထားတာတွေလည်းရှိပါတယ်။

Homeschooling ပညာရေးစနစ်ကို ကျင့်သုံးနေသူမိခင်တစ်ဦးဖြစ်တဲ့ ဒေါ်သဲသဲမေကတော့ မြန်မာနိုင်ငံမှာ Homeschooling ပညာရေးစနစ်ကျင့်သုံးမယ်ဆိုရင် ဖြစ်လာနိုင်တဲ့အခြေအနေတစ်ခုကို အခုလို မှတ်ချက်ပြုပါတယ်။

“ မြန်မာပြည်မှာ အဲဒီလိုစနစ်ရှိလာရင် ကလေးတွေအတွက် အကျိုးများမယ်၊ အရည်အချင်းမရှိတဲ့ ဆရာ၊ ဆရာမ ဆိုသူတွေ အတွက်ကတော့ အကျိုးယုတ်မယ်၊ ကျွန်မကတော့ အဲလိုစနစ်ရှိလာဖို့ကို မျှော်လင့်နေတယ်”

Related Articles