Home သတင်း နှစ်ကာလရှည်ကြာစွာ မုဒိန်းမှုကျူးလွန်ခဲ့သူ ဟိုပုံးမြို့က ကျေးရွာလူကြီးကို ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်

နှစ်ကာလရှည်ကြာစွာ မုဒိန်းမှုကျူးလွန်ခဲ့သူ ဟိုပုံးမြို့က ကျေးရွာလူကြီးကို ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်

“ ပြစ်ဒဏ်နည်း၍ ကျူးလွန်ခံရသူဘက်မှ နစ်နာမှုများရှိနေဟုဆို ”

၅ ရက်၊ မေလ၊ ၂၀၂၁
နန်းကြည်ဖြူ။ ။

ရှမ်းပြည်နယ် ၊ ဟိုပုံးမြို့နယ် ၊ ဝါးဆို့ကျေးရွာမှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်ကို သုံးနှစ်ကျော်ကြာ ချိန်းခြောက် အဓမ္မကျင့်ခဲ့တဲ့ တရားခံ ကျေးရွာလူကြီး ခွန်ကျော်လှကို ယမန်နေ့ (မေလ ၄) မှာ ဆီဆိုင်မြို့ တရားရုံးက ပုဒ်မ ၃၇၆ (မုဒိန်းမှု) ၊ ပုဒ်မ ၃၆၃ (အသက်မပြည့်သေးသူအား အုပ်ထိန်းသူထံမှခိုးယူပေါင်းသင်းမှု) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။

ခွန်ကျော်လှဟာ လွန်ခဲ့တဲ့သုံးနှစ် (၂၀၁၇) အမျိုးသမီးငယ် ၁၄ နှစ် ( ၈တန်း‌ကျောင်းသူ) အရွယ်ကတည်းက မုဒိမ်းပြု ကျင့်ခဲ့တာဖြစ်ပြီး အခြားသူတွေကို ပြောပြရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပြီး အကြိမ်ကြိမ် ပြုကျင့်ခဲ့တာပါ။

အသက် ၃၀ ကျော်အရွယ် ကျုးလွန်သူ အမျိုးသား ခွန်ကျော်လှက ဟိုပုံးမြို့နယ် ဝါးဆို့ရွာက ကျေးရွာသူကြီးဖြစ်ကာ အိမ် ထောင်သည်တစ်ဦးဖြစ်ပြီး သားသမီးနှစ်ယောက်ရဲ့ ဖခင်တစ်ဦးလည်း ဖြစ်ပါတယ်။

ခွန်ကျော်လှဟာ သုံးကြိမ်မြောက် မုဒိမ်းပြုကျင့်ပြီး နောက်ပိုင်းမှာ အမျိုးသမီးငယ်ကို ကိုယ်ဝန်မရစေဖို့အတွက် သောက် ဆေးတချို့ပေးခဲ့ပြီး သောက်ခိုင်းစေခဲ့ပါတယ်။ အဲဒီဆေးကို သောက်ခဲ့ရတဲ့ အမျိုးသမီးငယ်က ကြားကာလမှာ ကိုယ်ဝန် ဆောင်ရတာမရှိပေမယ့် ပုံမှန်ရာသီစက်ဝန်း လည်ပတ်တာမျိုး မရှိတော့ပါဘူး။

ဘယ်သူ့ကိုမျှ မပြောရင် လက်ထပ်ယူပါမယ်၊ တာဝန်ယူမယ်လို့ ကတိပေးထားတာကြောင့် အမျိုးသမီးငယ်က မည်သူကိုမျှ မပြောဘဲနေခဲ့တာပါ။ ခွန်ကျော်လှ ချိန်းတဲ့နေရာတိုင်းကိုလည်း သွားရပြီး အကြိမ်ရေအားဖြင့် ၆၃ ကြိမ်ကျော် ပြုကျင့် ခံရတယ်လို့ ကာယကံရှင်က ဆိုပါတယ်။

အဲ့ဒီလိုပြုကျင့်မှုကြောင့် ကျူးလွန်ခံရသူ အမျိုးသမီးငယ်ဟာ ၂၀၂၀ ဇူလိုင်လအတွင်းမှာ ပေါင်းသတ်ဆေးသောက်ပြီး ကိုယ့် ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ပါတယ်။ မိဘက အချိန်မီသိလိုက်ရတာကြောင်း တောင်ကြီး စစ်စံထွန်းဆေးရုံကို ချက်ချင်းပို့ဆောင်နိုင်တာကြောင့် အသက်ဘေးမှ ကင်းလွတ်ခဲ့တာပါ။ ဒီလိုကြံစည်မှုကြောင့်ပဲ အဓမ္မပြုကျင့်မှုကို မိဘဆွေမျိုးတွေ သိခဲ့ရပြီး အမှုဖွင့်တိုင်ကြားခဲ့ကြပါတယ်။

တိုင်ကြားတဲ့နေ့ကနေ ယမန်နေ့အထိ ရုံးချိန်းအကြိမ်ကြိမ်သွားရောက်ခဲ့ရပါတယ်။ ဟိုပုံးမြို့ကနေ ဆီဆိုင်မြို့ကို အခေါက် ခေါက်အခါအခါ သွားလာရပြီး တစ်ချို့ရုံးချိန်းတွေဆိုရင် တရားရုံး ရှေ့ရောက်ပြီး ရုံးချိန်းပျက်သွားတယ်ဆိုပြီး ပြန်ခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။

ပုဒ်မ ၃၇၆အရ ပြစ်ဒဏ်မှာ ထောင်ဒဏ် ၁၀ နှစ်အထိရှိပြီး ၃၆၃ မှာ ထောင်ဒဏ်လေးနှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သော် လည်း ခွန်ကျော်လှမှာ ထောင်ဒဏ် ၇ နှစ်သာ ကျသောကြောင့် ပြစ်ဒဏ်ချမှတ်သည်မှာ နည်းပါးပြီး ကျေနပ်မှုမရှိကြောင်း ကျူးလွန်ခံရသူ အမျိုးသမီးငယ်က ဆိုပါတယ်။

“၁၀ နှစ်လုံးလုံး ကျစေချင်တယ်” လို့ ကာယကံရှင် အမျိုးသမီးက ဆိုပါတယ်။

အမျိုးသမီးငယ်ကို ကူညီပေးနေသော ပအိုဝ်းအမျိုးသမီးသမဂ္ဂကလည်း “အမျိုးသမီးဘက်ကနေ ကြည့်ရင် ပြစ်ဒဏ်က နည်းနေတယ် ။ စစကျုးလွန်ခံရတဲ့အချိန်လည်း အသက်ကလည်းမပြည့်သေးဘူး။ ကြားထဲမှာ သူဘယ်လောက်တောင် အကျဉ်းအကြပ်ထဲနေရခဲ့မှာလဲပေါ့နော် ၊ သို့ပေမဲ့ တရားသူကြီးက အမှုတစ်စုံလုံးအပေါ်ကို ကြည့်ပြီး အမိန့်ချတာဆို‌တော့ ကိုယ်ကမကျေနပ်လည်း လက်ခံလိုက်ရတဲ့ သ‌ဘောတော့ရှိတယ်” လို့ဆိုပါတယ်။

Related Articles