Home မေးမြန်းခန်း မတ်လ ၈ ရက်နေ့ရန်ကုန် ထမီသပိတ်စစ်ကြောင်းများတွင် ပါဝင်ခဲ့သူများ၏ ရင်တွင်းစကားသံများ

မတ်လ ၈ ရက်နေ့ရန်ကုန် ထမီသပိတ်စစ်ကြောင်းများတွင် ပါဝင်ခဲ့သူများ၏ ရင်တွင်းစကားသံများ

ရန်ကုန် စမ်းချောင်းမှာပြုလုပ်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့မတ်လ ၈ ရက်နေ့ ကို ဂုဏ်ပြုချီတက်ကြမယ့် အမျိုးသမီးထမီ သပိတ်စစ်ကြောင်းတွေဟာ အကြိမ်ကြိမ်ဖြိုခွဲခံခဲ့ရပြီး မတ်လ ၉ ရက်နေ့ မနက်ပိုင်းအထိ ဆန္ဒပြသူအများအပြားဟာ စမ်းချောင်းမြို့နယ်ထဲမှာ ပိတ်ပင်တားဆီးခြင်းတွေကိုခံခဲ့ရပါတယ်။ စစ်တပ်နဲ့ရဲတွေက ဆန္ဒပြသူတွေကို တညလုံးစောင့်ကြည့်နေတဲ့အနေအထားတွေရှိခဲ့ပါတယ်။ အမျိုးသမီးသပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ သူအချို့ဟာဆိုရင်လည်း မတ်လ ၉ ရက်နေ့မနက်ပိုင်းမှသာ ပိတ်ခံထားရတဲ့နေရာတွေကနေ ပြန်လည်လွှတ်မြောက်လာကြတာဖြစ်ပါတယ်။ မတ်လ ၈ ရက် ထမီအလံထောင်ခဲ့ကြတဲ့အတွေ့အကြုံနဲ့အမြင်တွေကို ဖလှယ်ပေးလိုက်ပါတယ်။

မမေစပယ်ဖြူ-ကျား၊မတန်းတူညီမျှရေးကွန်ယက်

မမေစပယ်ဖြူ-ကျား၊မတန်းတူညီမျှရေးကွန်ယက်

ကျမတို့တွေ တကယ်တမ်း ထမီအလံထူတဲ့ အမျိုးသမီးသပိတ်စစ်ကြောင်းကို အင်နဲ့အားနဲ့ ပြဖို့အတွက် ရည်ရွယ်ထားပေမယ့်လည်းအဖက်ဖက်က အခြေအနေအရပ်ရပ်ကြောင့် ပျောက်ကြားလိုပဲ ကျမတို့ ရှိနေတဲ့နေရာမှာ အဆင်ပြေတဲ့နေရာမှာ ထမီအလံလွှင့်ပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေနဲ့ ပူးပေါင်းပါဝင်တဲ့ ပုံစံနဲ့ပဲ ကျမတို့ပါဝင်ခဲ့ရပါတယ်။ အရင်နှစ်တွေတုန်းကတော့ အစိုးရကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကိုအသိမှတ်ပြု ဂုဏ်ပြုဖို့ အခမ်းအနားတွေကိုကျင်းပဖို့ ကျမတို့ တိုက်တွန်းရတဲ့သူတွေ အားပေးရတဲ့သူတွေ ပူးပေါင်းဆောင်ရွက်ရတဲ့သူတွေဖြစ်ပေမယ့်လည်း ဒီနှစ်ကတော့ စစ်အာဏာရှင်ကို တွန်းလှန်ဖို့အတွက် လမ်းပေါ်ထွက်ပြီးတော့ ထမိန်အလံထူပြီးတော့ တောင်းဆိုရတဲ့ ပုံသဏ္ဍာန်ကိုပြောင်းလဲသွားခဲ့တယ်။

ဝမ်းနည်းစရာအခြေအနေဆိုပေမယ့်လည်း ကျမတို့ အမျိုးသမီးလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေဟာ စစ်အာဏာရှင် မပြုတ်ကျမချင်း မြန်မာပြည်သူတွေနဲ့အတူတူ ဆန့်ကျင်တွန်းလှန်သွားမယ်ဆိုတာကို ကျမတို့က ပူးပေါင်းပြသခြင်းလည်းဖြစ်တယ်။ စစ်အာဏာရှင်ကျရှုံးတဲ့အထိ ကျမတို့ အမျိုးသမီးတွေကလည်း ပါဝင်နေမယ်ဆိုတာကို ကြွေးကြော်ခြင်းလည်းဖြစ်ပါတယ်။

ထမီအလံထူကြတဲ့အပေါ်မှာ အယူအဆတွေတော့ အမျိုးမျိုးရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း ကျမတို့ ထမီအလံထူရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ အောင်လံထူတယ်ဆိုတာ မည်သည့်ပိတ်စကိုမဆို အသုံးပြုလို့ရတယ်။ အဲ့တော့ အမျိုးသမီးတွေရဲ့ ထမီဟာ မြင့်မြတ်တယ်။ ကျမတို့ဟာ ဒီအရေးတော်ပုံမှာ တဖက်တလမ်းကနေ ရှေ့တန်းကနေ အမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိကိုဂုဏ်ပြုတဲ့အနေနဲ့ ကျမတို့က ထမီအလံထူတာပါ။

ထမီဆိုတာ ဘုန်းနိမ့်တယ်။ ထမီဆိုတာဟာ ယုတ်ညံ့တယ်ဆိုတဲ့ အတွေးအခေါ်တွေ အယူအဆတွေ၊ အဲ့ဒီ ယဉ်ကျေးမှုအစဉ်အလာတွေကို ချိုးဖျက်တဲ့အနေနဲ့ ထမီအလံထူတာပါ။

ဖြူလေး-အမျိုးသမီးအရေးတက်ကြွ လှုပ်ရှားသူတစ်ဦး

ဖြူလေး-အမျိုးသမီးအရေးတက်ကြွ လှုပ်ရှားသူတစ်ဦး

အမျိုးသမီးများနေ့မှာ ဂုဏ်ယူတယ်ပေါ့နော်။ အခက်အခဲတွေ အများကြီးရှိပေမယ့် လမ်းမထက်မှာ ထမီအလံလွှင့်ခွင့်ရတဲ့နေ့ပေါ့နော်။ မြန်မာပြည်ရဲ့ အနေအထားအရဆိုရင် ထမီတောင်မှ ရှေ့ထွက်လှန်းလို့မရတဲ့ အနေအထားရှိတယ်ဆိုတော့ ဒီလိုမျိုး အမျိုးသမီးတစ်ယောက်အနေနဲ့ရော အမျိုးသားတွေရော ပူးပေါင်းပါဝင်တဲ့အတွက်ရော ဝမ်းသာတယ်ပေါ့နော်။ အောင်ပွဲတစ်ခုလို့ပြောလို့ရတယ်ပေါ့။ အခက်အခဲတွေကြားထဲက အောင်ပွဲတစ်ခုပေါ့။

ဒါကလည်း ရှေးရိုးစွဲ အယူလို့ပြောပေမယ့်လည်း သင်ကြားမှုပေါ့နော် ထမီအပေါ်ထားတဲ့ သင်ကြားမှုကဘုန်းနိမ့်တယ်။ အခုလည်း ထမီတန်းတွေ တန်းတယ်၊ ထမီတန်းအောက်ကိုမဝင်ကြဘူး။ ဒါပေမယ့် ဆန္ဒပြတဲ့ ကလေးတွေကတော့ ဒါတွေကို သိပ်မမှုနေဘူးပေါ့။ အရင်ကလို အတွေးမျိုး အရမ်းကြီး ရှိမနေတော့ဘူးလို့မြင်တယ်။

နှင်းနွေဦးဇော်- အင်းစိန်မြို့နယ် ကြို့ကုန်း ထမီသပိတ်စစ်ကြောင်းမှ ပါဝင်သူတစ်ဦး

နှင်းနွေဦးဇော်- အင်းစိန်မြို့နယ် ကြို့ကုန်း ထမီသပိတ်စစ်ကြောင်းမှ ပါဝင်သူတစ်ဦး

ဒီနှစ် အမျိုးသမီးများနေ့မှာတော့ နိုင်ငံတကာမှာ အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့ပွဲတွေဆင်နွှဲနေကြတဲ့အချိန်မှာ ကျမတို့ မြန်မာပြည်က အမျိုးသမီးတွေကတော့ စစ်အာဏာရှင်ကိုတော်လှန်နေကြရတယ်။ အကြမ်းဖက်ဖြိုခွင်းခံရမှုတွေလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ထိခိုက်စော်ကားမှုတွေကို အံတုပြီးတော့ အာဏာရှင်ကို အတူတကွ တော်လှန်နေကြရတယ်။

ထမီအလံထူတဲ့ကိစ္စက တချို့ကလည်းလာမေးကြတယ်။ ဒီလိုလုပ်မယ်ဆိုတော့ ဒီအချိန်မှာ ဒီလိုလုပ်ဖို့လိုလို့လား။ နိုင်ငံရေးဒီလောက်ထိ အသည်းအသန်ဖြစ်နေတဲ့အချိန်မှာ နင်တို့တွေက ဒီအမျိုးသမီးအရေးကို လာပြီးတော့ ပြောနေကြတယ်။ နိုင်ငံရေးက အရင် ကျား-မရေးက နောက်မှ စသဖြင့်ပေါ့နော် ဝေဖန်မှုတွေရှိခဲ့တယ်။ ကျမတို့ကတော့ သေချာလေးရှင်းပြချင်တယ်။

ကျမတို့က အာဏာရှင်စနစ်ကိုတော်လှန်နေကြတာဖြစ်တယ်။ အာဏာရှင်စနစ်ဆိုတာသည် အင်အားနည်းတယ်လို့ထင်ရတဲ့သူ အင်အားတကယ်နည်းတယ်လို့ မပြောဘူးနော်။ အင်အားနည်းတယ်လို့ထင်ရတဲ့သူကို အင်အားကြီးတယ်လို့ထင်ရတဲ့သူက လက်နက်ဖြစ်စေ ခွန်အားနဲ့ဖြစ်စေ ပါဝါအာဏာနဲ့ ဖြစ်စေဖိနှိပ်တဲ့ စနစ်ဖြစ်တယ်။ ဆိုတော့ ကျမတို့က အဲ့ဒီစနစ်ကိုတော်လှန်နေတာဖြစ်တယ်။ အာဏာရှင်စနစ်ရဲ့ အဓိက ထောက်တိုင်ကလည်းကျား-မအခြေပြု ဖိနှိပ်မှုဖြစ်တယ်။

နှစ်ပေါင်းများစွာ အနယ်ကျ အထိုင်ကျနေတဲ့ ကျား-မရေးရာဖိနှိပ်မှုတွေ ရှေးရိုးစွဲအယူဝါဒတွေကိုပါ ဒီတော်လှန်ရေးမှာတခါတည်း အမြစ်ဖြတ်ဖို့လိုတယ်။ ငါတို့ယောက်ျားတွေက နင်တို့မိန်းမတွေထက်ဘုန်းမြင့်တယ်လို့ တွေးထင်လိုက်တည်းက သူတို့ရဲ့ စစ်ဝါဒအောင်မြင်တာပဲဖြစ်တယ်။

ဒီနေ့လုပ်တဲ့ထမီသပိတ်မှာဆိုရင် ထမီအကြောင်း အမျိုးသမီးတွေဟာ ဘုန်းမနိမ့်ကြောင်းပြောပြပေးတဲ့အချိန်မှာ အမျိုးသားတွေကိုယ်တိုင် သဘောပေါက်နားလည်လာပြီး ရှေ့ထွက်လာပြီး ထမီအလံကိုင်ပေးကြတယ်။ အားရစရာလည်းကောင်းတယ်။ ဒီလိုမျိုး စည်းလုံးညီညွှတ်မှုရှိနေတာနဲ့တင် တော်လှန်ရေးက တဝက်အောင်မြင်နေပြီလို့မြင်တယ်။ မဟုတ်မမှန်တဲ့အယူလွဲတွေကိုပါ တခါတည်းချွတ်ပစ်တဲ့ တော်လှန်ရေးအဖြစ် သမိုင်းတွင်ခဲ့မယ်လို့ ကျမထင်ပါတယ်။

Related Articles