Home ဆောင်းပါး နမ့်ခမ်းမြေက ပထမဆုံး တအာင်းအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်

နမ့်ခမ်းမြေက ပထမဆုံး တအာင်းအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်

နန်းဆိုင်နွမ်။ ။

၂၀၂၀ ရွေးကောက်ပွဲအပြီးမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ်က လူဦးရေ တစ်သိန်းကျော်ခန့်ရှိတဲ့ နမ့်ခမ်းမြို့လေးအတွက် ပထမဆုံးသော ပြည်နယ်လွှတ်တော်နေရာအတွက် အမျိုးသမီးကိုယ်စားလှယ်တစ်ယောက် ထွက်ပေါ်လာခဲ့ပါတယ်။

ယခင်က အမျိုးသားတွေသာ လွှတ်တော်အမတ်ဖြစ်လေ့ရှိတဲ့ နမ့်ခမ်းမှာ တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) က ဒေါ်အိုင်စောစိန်က အခြားပြိုင်ဘက်အမျိုးသားအမတ်လောင်း လေးဦးနဲ့ အမျိုးသမီးအမတ်လောင်းတစ်ဦးတို့ကို ရှမ်းပြည်နယ်လွှတ်တော် အမှတ်(၂) မဲဆန္ဒနယ်မှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

စိုက်ပျိုးရေးကို အဓိကထားတဲ့စီးပွားရေးကြောင့် အခြားနယ်စပ်မြို့တွေလို ဖွံ့ဖြိုးမှုသိပ်မရှိလှတဲ့ နမ့်ခမ်းမြို့လေးဟာ လက်နက်ကိုင်တိုက်ပွဲတွေကြောင့်လည်း ပိုပြီးခက်ခဲကျပ်တည်းမှုတွေရင်ဆိုင်ရလေ့ရှိပါတယ်။ လက်နက်ကိုင်တွေက ဒေသခံတွေကို မကြာခဏဖမ်းဆီးတာတွေ၊ ပစ်ခတ်တိုက်ခိုက်မှုနဲ့ မူးယစ်ဆေးဝါးပြဿနာတွေ၊ လူကုန်ကူးမှုအစရှိတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ မြို့ငယ်လေးရဲ့ ပထမဆုံးသောအမျိုးသမီးအမတ်ဟာ အခြားဒေသက အမတ်တွေနဲ့မတူတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ဖွယ်ရှိပါတယ်။

သူမဟာ နမ့်ခမ်းမြို့ နယ် ပန်ခါးကျေးရွာ ဇာတိဖြစ်ပြီး၊ ငယ်ရွယ်စဉ်ကတည်းက နမ့်ခမ်းမြို့နယ် ဒေသကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ချင်တဲ့ဆန္ဒရှိတဲ့အတွက် လက်ရှိမှာ သူမရဲ့ဆန္ဒကို အကောင်အထည် ဖော်ဆောင်သွားမှာဖြစ်ကြောင်းလည်း ပြောဆိုလိုက်ပါတယ်။

ဒေါ်အိုင်စောစိန်ဟာ မြို့ပြအင်ဂျင်နီယာ တဦးဖြစ်ပြီး၊ တအာင်းစာပေနဲ့ ယဉ်ကျေးမှုအတွက် တအာင်းစာပေ သင်ကြားပေးနေတဲ့ ဆရာမ အလုပ်လည်း လုပ်ကိုင်သူတဦးဖြစ်ပါတယ်။ ၂၀၁၀ ခုနစ်တွင် TNP အဖွဲ့ဝင်ဖြစ်လာပြီး နိုင်ငံရေးလောကထဲကိုဝင်ရောက်လာသူဖြစ်ပါတယ်။

“အမျိုးသမီးဖြစ်ပေမယ့် အမျိုးသားတွေ နဲ့တန်းတူလုပ်နိုင်တယ်။ နောက် အမျိုးသမီးကဏ္ဍကိုမြင့်တင်စေချင်တယ်။ ဘယ်ပဲသွားသွား အမျိုးသားတွေပဲ။ အမျိုးသမီးတွေကို သိပ်နေရာမပေးချင်တာတွေတွေ့ရတယ်” လို့ဒေါ်အိုင်စောစိန် နိုင်ငံရေးလောကကို ဝင်လာရန် တွန်းအားပေးတဲ့အရာတွေကို ပြောပြနေချင်းဖြစ်ပါတယ်။

အမျိုးသမီးတဦးအနေနဲ့ ဝါရင့် အမျိုးသားနိုင်ငံရေးသမားတွေနဲ့ အတူ ကိုယ့်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာမှာ ဖေးမကူညီပြီး အကြံပေးလိုကြောင်းလည်း သူမက ပြောပါတယ်။

ပထမဆုံးလွှတ်တော်တက်ရမယ့်သူဖြစ်တဲ့အလျောက် ဒေသအတွင်း လိုအပ်နေတဲ့ အခက်အခဲ၊ အမျိုးသမီး အရေးတွေကို လွှတ်တော်တွင် တင်ပြပြီး ဖြေရှင်းပေးသွားမယ်လို့ ဒေါ်အိုင်စောစိန် က ပြောပါတယ်။

“ ဒီဒေသမှာ အမျိုးသမီး အခက်အခဲကတော့အများကြီးပါပဲ။ အမျိုးသမီးတွေရဲ့လုံခြုံရေးကအစ ကျမ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း၊ အကြံယူပြီးတော့ ဆောင်ရွက်သွားပါမယ်” လို့ သူမက ပြောဆိုလိုက်ပါတယ်။

နယ်စပ်ဒေသ ဖြစ်တဲ့အလျောက် နမ့်ခမ်းမြို့နယ်ဟာ လူကုန်ကူးမှုတွေရှိတဲ့ ဒေသ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများတဲ့နေရာတခုလည်းဖြစ်တဲ့အပြင် အမျိုးသမီးတွေကို လက်နက်ကိုင် တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်မှုတွေလည်း မကြာခဏကြားနေရတဲ့ဒေသဖြစ်ပါတယ်။

“ အမျိုးသမီး အခက်အခဲကတော့ အများကြီးပါပဲ။ လက်နက်ကိုင်တွေခေါ်ပြီး ပြန်လွှတ်တာတွေရှိတယ်။ ဒီကိစ္စကတော့ ကျမအနေနဲ့က ပါတီထဲမှာ လူကြီးတွေ အာဏာပိုင်တွေ သက်ဆိုင်ရာတွေနဲ့ တိုင်ပင်ပြီး အကောင်းဆုံး ဆောင်ရွက် ပေးမှာပါ” လို့ ဒေါ်အိုင်စောစိန် က ပြောပါတယ်။

သူမအနေနဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း မြင်ခဲ့ရတဲ့ ပြည်သူ့အခက်အခဲတွေကိုလည်း လာမယ့် လွှတ်တော် သက်တမ်း ၅နှစ် အတွင်းမှာ ကြိုးစားဆောင်ရွက်သွားမယ်လို့ ကတိပြုလုပ်ပါတယ်။

“ လွှတ်တော် ၅နှစ်အတွင်းမှာတော့ အမျိုးသမီးတွေ ဘဝလုံခြုံမှုရအောင်၊ ပညာရေး အားနည်းမှုမရှိအောင် ဆောင်ရွက်မယ်” လို့ သူမက ပြောပြပါတယ်။

သူမ မဲဆွယ်စည်းရုံးကာလတွင် လမ်းပန်းဆက်သွယ်မှု ခက်ခဲသဖြင့် အဖက်ဖက်မှ နစ်နာဆုံးရှုံးမှု တွေ၊ အဓိက အနေဖြင့် ကျန်းမာရေး ၊ပညာရေး၊စီးပွားရေး အားနည်းမှုတွေကို တွေ့ရှိကြောင်းလည်း သူမက ပြောပြပါတယ်။

“ တောင်ပေါ်ဒေသက လမ်းပန်း ဆက်သွယ်ရေး ကမကောင်းဘူး။ စည်းရုံးရေး တလျောက်မှာဆိုရင် တချို့ ရွာစာသင်ကျောင်းက အရမ်းဆိုးတယ်။ အဲ့လိုမြင်ခဲ့တော့ စိတ်မကောင်းဘူး။ ကလေးအတွက် သူတို့ ပညာရေးပိုင်းမှာ အကောင်းဆုံးဖြစ်အောင်လုပ်ပေးချင်တယ်” လို့ နမ့်ခမ်း မဲဆန္ဒနယ် အမှတ်(၂) အနိုင်ရရှိတဲ့ အမျိုးသမီးလွှတ်တော် အမတ်က ပြောဆိုလိုက်ပါတယ်။

မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ချိန်ဟာ မိုးတွင်းဖြစ်တဲ့အလျောက် သူမ မဲဆွယ်သွားရတဲ့နေရာဟာ ကားလမ်း မပေါက်သလို၊ ဆိုင်ကယ်နဲ့လည်း သွားရခက်တဲ့နေရာဖြစ်တဲ့အတွက် ကိုယ်တိုင် ပေါက်တူးနဲ့ ထွင်းကာ မဲဆွယ်ခဲ့ရတဲ့ နေ့ရက်ဟာ မမေ့နိုင်စရာပါပဲလို့ ဒေါ်အိုင်စောစိန်က စိတ်မကောင်းစွာ ပြောပြလာပါတယ်။

ထိုဒေသတွင်နေထိုင်တဲ့ မဲဆန္ဒရှင်များအနေနဲ့ကလည်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်အောင် ဖော်ဆောင်ပေးစေလိုကြောင်း၊ လမ်းပန်းဆက်သွယ်မှုကောင်းပါက ကျန်းမာရေးအတွက်လည်းစိုးရိမ်စရာမရှိ ကြောင်း စတဲ့စကားတွေက သူမရဲ့မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင်း နေ့စဉ်ကြားခဲ့ရတာဖြစ်ပါတယ်။

“ လမ်းပန်းဆက်သွယ်ရေးက ကားနဲ့သွားလိုက်တာ မိုးတွင်းဖြစ်တော့၊ ကားက သွား မရတော့ ပေါက်တူးကိုယ်တိုင်ကိုင်ပြီး ရွံ့ထဲ သွားရတာတွေက မှတ်မှတ်ရရပါပဲ။ လမ်းတွေတော်တော်ဆိုးတယ်။ ကားမရောက်တဲ့နေရာ ဆိုင်ကယ်တောင် မနည်းစီးရတယ်” လို့ သူမက ဆိုပါတယ်။

ဒေသတွင်း အမျိုးသမီးတွေ အတွက် လက်မှုပညာကိုလည်း သင်ကြားပေးချင်ကြောင်းလည်း သူမက ပြောဆိုလိုက်ပါတယ်။

“ကျမ ဒေသဖွံ့ဖြိုးရေးအတွက် TNP ပါတီ တခုတည်းမဟုတ်ဘဲ တခြားပါတီတွေနဲ့ လည်း လိုအပ်ရင် လိုအပ်သလို ပူးပေါင်းပြီး ဆောင်ရွက်ပေးသွားမှာပါ” လို့လည်းဆိုပါတယ်။

သူမ အနိုင်ရတဲ့နယ်မြေဟာ လက်နက်ကိုင်တွေ၊ မူးယစ်ဆေးဝါးတွေ ပေါများတဲ့အရပ်ဒေသဖြစ်တဲ့အတွက် ဒီအခက်အခဲကြားက ကိုယ့်ဒေသအတွက် အကောင်းဆုံး တိုးတက်သွားအောင် ဆောင်ရွက်သွားမယ်လို့ လည်း ပြောပါတယ်။

ဒါ့အပြင် ထိုနယ်မြေဒေသရှိ အမျိုးသမီးတွေ ဟာ နိုင်ငံရေး အားနည်းမှုရှိနေသေးတဲ့အတွက် အမျိုးသမီးတွေ နိုင်ငံရေး လောကထဲ ပါလာရန်၊ နိုင်ငံရေးလောကထဲ အမျိုးသမီးတွေပါဝင်မှုနည်းပါက အမျိုးသမီးအခွင့်အရေးလျော့သွားနိုင်ကြောင်း လည်း သူမက တက်သစ်စ အမျိုးသမီးငယ်တွေ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“ အမျိုးသမီးတွေ နိုင်ငံရေးမှာ များများပါလာရင် အမျိုးသမီးတွေ အခွင့်အရေး၊ အမျိုးသမီးဘဝလုံခြုံမှုအတွက် လွှတ်တော်မှာ များများတင်သွင်းနိုင်မယ်။ အမျိုးသမီးအခွင့်အရေးလည်း ပိုများလာမယ်” လို့ဒေါ်အိုင်စောစိန် က မှတ်ချက်ပြုလိုက်ပါတယ်။

ဒေါ်အိုင်စောစိန်ဟာ သူ့ရဲ့မိခင်ပါတီဖြစ်တဲ့ တအာင်း(ပလောင်) အမျိုးသားပါတီ TNP ရဲ့ရွေးကောက်ပွဲအနိုင်ရ အမတ် ၁၂ ဦးထဲမှာ တစ်ဦးတည်းသော အမျိုးသမီးအမတ်လည်းဖြစ်ပါတယ်။

TNP ပါတီ ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်တဲ့ ပါတီတခုဖြစ်ပြီး ရှမ်းပြည်တဝှမ်းတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(၆)ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၀)ဦး နဲ့ ပြည်နယ်/တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း (၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ရာမှာ အမျိုးသမီးကိုယ်စားလှယ်လောင်းက ( ၉) ဦးပါဝင်ခဲ့ပါတယ်။

လက်ရှိမှာတော့ သူမအနေနဲ့ပထမဆုံးလွှတ်တော်ထဲ ဝင်ရောက်ရမယ့်သူဖြစ်တဲ့အလျောက် စိတ်လှုပ်ရှားမှုရှိနေပြီး၊ လွှတ်တော်မစခင် မိမိမဲဆန္ဒနယ်မှ ပြည်သူတွေဆီကို သွားရောက်ကာ တွေ့ဆုံမှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်းလည်း သူမကပြောပါတယ်။

“ ပါတီမှာလည်း အနိုင်ရလွှတ်တော်အမျိုးသမီးက တဦးပဲ။ ပထမဆုံး လွှတ်တော်ထဲသွားရမယ်ဆိုတော့ စိတ်လှုပ်ရှားမှုရှိပါတယ်”လို့သူမကဆိုပါတယ်။

Related Articles