Home ဆောင်းပါး လူသားအချင်းချင်း တန်းတူအခွင့်အရေးရဖို့ မျှော်လင့်နေကြတဲ့ LGBT များ

လူသားအချင်းချင်း တန်းတူအခွင့်အရေးရဖို့ မျှော်လင့်နေကြတဲ့ LGBT များ

ရှင်ငြိမ်း။ ။

ရှေးအယူအဆအစွဲတွေလွှမ်းမိုးမှုရှိနေသေးတဲ့ လူ့အသိုင်းအဝိုင်းမှာတော့ လိင်စိတ်ခံယူမူ ကွဲပြားတဲ့ LGBTတွေက လှောင်ပြောင်စရာ၊ အနိုင်အထက်ပြုကျင့်လို့ရတဲ့သူတွေလို့ သဘောထားတတ်ကြပါတယ်။

အယူအစွဲကြီးတဲ့ တောရွာတချို့မှာဆိုရင် LGBT ဆိုတဲ့ လိင်စိတ်ခံယူမူ ကွဲပြားနေတာက ရောဂါတမျိုးဖြစ်ပြီး ဆုံး တွေ၊ နတ်တွေရဲ့ ပြုစားတာကို ခံနေရသူလို့ ထင်မှတ်ကာ နတ်သည်တွေနဲ့ ကုသတာမျိုးတွေလည်း ရှိပါတယ်။

LGBT ဆိုတာ မှားယွင်းတဲ့ သတ္တဝါ၊ အတိတ်ကံမကောင်းလို့ ဖြစ်တာဆိုတဲ့ အယူအဆရှိနေသေးတဲ့အတွက် သူတို့အတွက်က လိင်စိတ်ခံယူမူကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြီး လူ့အသိုင်းအဝိုင်းမှာ ရပ်တည်ဖို့ အခက်အခဲများစွာရှိလာပါတယ်။

တချို့ဟာဆိုရင် သူတို့ရဲ့ လိင်စိတ်ခံယူမှုကွဲပြားခြင်းကို သူတို့ရဲ့အရင်းနှီးဆုံး မိသားစုတွေကတောင် လက်မခံကြတဲ့ အခြေအနေမျိုးမှာ အဲ့ဒီပတ်ဝန်းကျင်က ထွက်ပြေးတိမ်းရှောင်ရင်း ဘဝရပ်တည်ရေးအတွက် ကြုံရာကျပန်း အလုပ်တွေ လုပ်ရတာကြောင့် သူတု့ိရဲ့ ပညာရေးကလည်း လွန်စွာအားနည်းသွားရပါတယ်။

ဒါတွေကလည်း ရှေးယခင်ကတည်းက LGBTတွေကို လှောင်ပြောင်စရာ၊ အနိုင်ကျင့်လို့ရတဲ့ သူတွေအဖြစ် အနုပညာသမားတွေနဲ့ သတင်းမီဒီယာတွေရဲ့ ပုံဖော်ခံရမှုရဲ့ ရိုက်ခတ်မှုတခုကြောင့် ဖြစ်တယ်လို့ ညီမျှခြင်း-မြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

LGBT တွေကို ပစ်မှတ်ထားပြီး ညှင်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာ၊ ညဘက် ဖမ်းဆီးမှုတွေမှာ ဖြစ်ဖြစ် လူ့ဂုဏ်သိက္ခာကျအောင် ခွဲခြားပြောဆိုပြုမူနေတာတွေကတော့ ယနေ့တိုင် ဆက်လက်ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ တန်ဆောင်မုန်းလပြည့်နေ့က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ပံ့သကူရှာဖွေနေကြတဲ့ LGBT ၂ ယောက် ကို အရပ်ဝတ် ရဲတပ်သားတယောက်က အကြောင်းမဲ့ ရန်ရှာ ထိုးကြိတ် အနိုင်ကျင့်မှုတခုဖြစ်ခဲ့ပါတယ်။

အနိုင်ကျင့်ခံခဲ့ရတဲ့ မအေစီမက“သူငယ်ချင်းကို စောင့်နေတုန်း အရပ်ဝတ်နဲ့ ရဲတပ်သားတယောက် ရောက်လာပြီး ဆိုင်ကယ်သော့ကို ဆွဲဖြုတ်တော့ ဘာဖြစ်လို့လဲမေးတာကို ဘာမှမပြောဘဲနဲ့ လက်သီးနဲ့ ထိုးပါတယ်။ အိမ်ပြန်တဲ့ လမ်းအထိလည်း လိုက်နှောင့်ယှက်တယ်”လို့ ပြောပြပါတယ်။

မအေစီမ ကတော့ အမျိုးသမီးလိင်စိတ်ကို ခံယူထားတဲ့ အမျိုးသား တယောက် ဖြစ်ပြီး မြင်းမူရှိ အလှပြင်ဆိုင်မှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။

အဲဒီနေ့က မြင်းမူကမ်းနားမှာအခြား မြို့ခံတွေလိုပဲ LGBTတွေ ထိုင်နေတဲ့အချိန်မှာ မူးနေတဲ့ ရဲတပ်သားက အကျီချွတ်ခိုင်းပြီး ရေထဲပစ်ခိုင်းခဲ့ပါတယ်။ နောက် ဒူးထောက် လက်မြောက်ခိုင်းပြီး ယောကျာၤးလို့ အော်ခိုင်းပါတယ်။ အသံနွဲ့ရင် ပါးရိုက်တယ်လု့ိ ပါးရိုက်ခံခဲ့ရတဲ့ မလမင်းထက်က ပြန်ပြောပြပါတယ်။

ထိုနေ့က ဖြစ်စဉ်မှာ အမျိုးသမီး လိင်စိတ်ကို ခံယူထားတဲ့ အမျိုးသားတွေဖြစ်တဲ့ မလမင်းထက်၊ မမိချိုနဲ့ မကုလားမ တို့ အရိုက်ခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီ မတရားမှုတွေအတွက် သူတို့ရဲ့အလုပ်ရှင်ဖြစ်တဲ့ မိတ်ကပ်ဇော်မင်းက မြင်းမူမြို့နယ်၊ အမှတ်(၂) တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီလာလွင်ကို သွားရောက် တိုင်တန်းခဲ့ပါတယ်။

ဒေါ်နီလာလွင်က“ကျမအနေနဲ့ကတော့ နောက်မဖြစ်အောင် အဲဒီရဲတပ်သားရဲ့အမည်မေးကာ သက်ဆိုင်ရာ မြို့ နယ်မှူးကို အကြောင်းကြားပြီး နောက်မဖြစ်အောင် ခေါ်ယူဆုံးမပေးဖို့ ပြောလိုက်ပါတယ်။ မြို့နယ်မှူးကလည်း နောက်ဒီလိုဖြစ်စဉ်မျိုး မဖြစ်ရအောင် ခေါ်ယူဆုံးမပေးမယ်လို့ ပြောပါတယ်”လို့ ပြောပါတယ်။
ရဲတွေအနေနဲ့ အခုလိုကျူးလွန်တာက ဒါနဲ့ပါဆိုရင် ၂ ကြိမ်ရှိလာတဲ့အတွက် LGBTတွေ အနေနဲ့ ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်ဖြစ်လာမှာ စိုးရိမ်နေကြပါတယ်။

ဦးအောင်မျိုးမင်းကတော့ LGBTတွေအနေနဲ့ ကိုဗစ်ကာလအတွင်း သတ်မှတ်ထားတဲ့ စည်းကမ်းတွေ ချိုးဖောက် လို့ အရေးယူတာမျိုးက ဖြစ်သင့်ပေမယ့် LGBTတွေ လူအများရှေ့ ဂုဏ်သိက္ခာကျတဲ့အထိ နှိပ်စက်တာမျိုးက မဖြစ်သင့်ဘူးလို့ ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်တုန်းကလည်း ရဲတပ်သား ၂ ယောက်က LGBT ၃ ယောက်ကို ဂုဏ်သိက္ခာကျအောင် ပြောဆို ရိုက်နှက်တာရှိပေမယ့် ကြောက်တာကြောင့် တိုင်ကြားမှုမလုပ်ခဲ့ကြပါဘူး။

“ကျူးလွန်တဲ့ရဲက LGBT ဖြစ်တဲ့အတွက်ကြောင့်မို့ လိုအပ်တာထက်ပိုမို ရိုက်နှက်တာ၊ နှိပ်စက်တာ အရှက်ခွဲတာ ဖြစ်တယ်။ အဲဒါမျိုးဆိုရင် သူတို့ကို ဒါမျိုးမလုပ်ရဘူးဆိုတဲ့ အထူးကာကွယ်မှုတွေကို ကျနော်တို့ လိုအပ်လာပြီ။ ဘာကြောင့်ဆိုရင် လူတွေမှာ အမုန်းစိတ်ရှိတဲ့ အတွက်ကြောင့်ပါ”လို့ သူက ပြောပါတယ်။

ဆက်လက်ပြီး ဦးအောင်မျိုးမင်းက“ကျနော်တို့က သူတို့အတွက် တန်းတူရရှိရေးအတွက် တရားဥပဒေလက်လှမ်းမီမှု ဖြစ်ဖို့ရယ်၊ LGBT မို့လို့ နှိပ်စက် ခံရတဲ့အခြေအနေကို တားဆီးဖို့အတွက် LGBT မလုပ်ဆောင်ရဘူးဆိုတဲ့ ခွဲခြားမှု ဆန့်ကျင်တဲ့အချက်တွေ ဒါတွေက ကျနော်တို့ ကြုံတွေ့နေရတဲ့ အခက်အခဲဖြစ်ပါတယ်”လို့ ရှင်းပြပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာလည်း ကလေးငယ်တယောက်ကို လိင်တူခြင်း အဓမ္မပြုကျင့်ခဲ့တဲ့ အတွက် ကျူးလွန်ခံရတဲ့ ကလေးငယ် သေဆုံးသွားတဲ့အပေါ်မှာ သံသယရှိတဲ့အတွက် အလှပြင်ဆိုင်မှ LGBT ၃ ယောက်ကို ၂ ညအိပ် ၃ ရက်ခေါ်ယူစစ်ဆေးမှုပြုခဲ့တာလည်းရှိခဲ့ပါတယ်။

ဖမ်းဆီးစစ်ဆေးခံရတဲ့ LGBT တွေက မင်းမင်း၊ ပြည့်ပြည့်နဲ့ လင်းလင်းတို့ ဖြစ်ပြီး သူတို့ဟာ ကျူးလွန်ခံရသူ ကလေးငယ်နဲ့ သိကျွမ်းတာ မရှိသလို ရန်ငြိုးရန်စလည်း မရှိဘဲ ခေါ်ယူစစ်ဆေးခဲ့တာဖြစ်တယ်လို့ သူတို့ကို ကူညီပေးခဲ့တဲ့ မအီးတီက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်က ဖြစ်ခဲ့တဲ့ လုပ်ငန်းခွင်မှာ သူရဲ့ လိင်စိတ်ခံယူမှု ကွဲပြားတဲ့အပေါ် ဝိုင်းဝန်းလှောင်ပြောင်ခဲ့တာတွေ ကြောင့် ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ ကိုကျော်ဇင်ဝင်း ရဲ ့ဖြစ်ရပ်ကိုကြည့်ရင်လည်း LGBTတွေအပေါ် ထားတဲ့ လူတွေရဲ့ သဘောထားအမြင်တွေကို တွေ့မြင်နိုင်ပါတယ်။

ဒါတွေကိုကြည့်ခြင်းအားဖြင့် LGBTတွေအနေနဲ့ သူတို့ရဲ့ အခွင့်အရေးတွေ ဘယ်လောက်အထိ ချိုးဖောက်ခံနေရတယ်ဆိုတာ မှန်းဆနိုင်ပါတယ်။

တန်းတူညီမျှရေးကို နည်းပေါင်းစုံနဲ့ လုပ်ဆောင်နေပေမယ့်လည်း အစိုးရနဲ့ တချို့မီဒီယာတွေ၊ အနုပညာသမား တွေရဲ့ ပံ့ပိုးမှုအားနည်းတဲ့အတွက်ကြောင့်မို့ အခုလို ဆက်ပြီး အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာပါလို့ ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။ ဒါကြောင့်လည်း မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယိုတွေမှာ သူတို့ဘဝတွေကို လှောင်ပြောင် သရုပ်ဖော် တင်ဆက်တာတွေ ရပ်တန့်ပေးဖို့ အလွှာပေါင်းစုံမှ LGBT တွေက တောင်းဆိုနေကြပါတယ်။

ရဲတပ်သားတယောက်က LGBTတွေအပေါ် အကြောင်းမဲ့ အကြမ်းဖက်လိုက်တဲ့ကိစ္စကို ရဲစခန်းတိုင်ရင် ရဲလက်စွဲအရ၊ ရဲကျင့်ဝတ် အရ ပြန်လည်တရားစွဲနိုင်တဲ့ အနေအထား ရှိပေမယ့် အများစုကတော့ ပြန်တရားစွဲတာ မလုပ်ကြပါဘူး။

မိတ်ကပ်ဇော်မင်းကတော့ လူချင်းအတူတူတောင်မှ LGBT တွေကိုပဲ ရွေးပြီး နှိပ်စက်လာတာတွေကြောင့် သူတို့ ရဲ့သွားလာနေထိုင်မှုတွေ မလုံခြုံတော့သလို သွားလာချင်ရင်တောင်မှ ပုန်းလျိုးကွယ်လျိုးသွားရမယ့် အခြေ အနေ ဖြစ်လာတာကြောင့် အခုလို အရဲစွန့်တိုင်ကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

LGBT တွေကို အကြောင်းမဲ့ ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့ ရဲတွေကို ပြန်ပြီး တိုင်ကြားတာတွေ၊ မဖွင့်ဟရဲတဲ့ အခြေ အနေမျိုးမှာ ပထမဆုံး သတ္တိရှိရှိနဲ့ LGBT တွေ ဘက်က ရပ်တည်ပြီး ကာကွယ်ပေးခဲ့သူ စံနမူနာကောင်း တယောက်ကတော့ ရှင်းသန့်ပဲဖြစ်ပါတယ်။

သူဟာ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှာ မန္တလေးတိုင်းရဲဌာနကနေ စီမံချက်နဲ့ ကျုံးဒေါင့်မှာရှိတဲ့ LGBT လိင်အလုပ်သမတွေ အပါအဝင် မြင်တွေ့တဲ့ LGBT အားလုံးကို ၃ ရက်တိုင်တိုင် ဖမ်းဆီးခဲ့ပြီး နှိပ်စက်ခဲ့တဲ့အတွက် လူ့အခွင့်အရေးကော်မရှင်ကို ဦးဆောင်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

LGBT day event in Yangon on 2019 (Photo: Shin Nyein-HI)

သူရဲ့တိုင်ကြားမှုကြောင့် မန္တလေးတိုင်းရဲမှူးကို အငြိမ်းစားပေးလိုက်ပြီး ပါဝင်ပတ်သက်တဲ့ ရဲတချို့ကိုတော့ ရာထူးလျော့ချလိုက်တယ်လို့ ရှင်းသန့်က ပြန်ပြောပြပါတယ်။ အကျိုးဆက်ကတော့ သူ့ကို ဖုန်းဆက်ပြီး ခြိမ်းခြောက်တာ၊ နောက်ယောင်ခံလိုက်တာ၊ သူရဲ့အလုပ်ကို ထိခိုက်လာတဲ့အထိ သူ့ကို အကြိမ်ဖန် များစွာ နှောင့်ယှက်မှုပေးတာတွေ ခံခဲ့ရပါတယ်။

ရှင်းသန့်အနေနဲ့က သူကိုယ်တိုင်လည်း မတရား နှိပ်စက်ညှင်းပန်းတဲ့ဒဏ်ခံခဲ့ရတဲ့ LGBT တယောက် ဖြစ်တာ ကြောင့် ကူကယ်ရာမဲ့နေတဲ့ LGBTတွေကို သူလိုမခံရအောင် ပြန်လည်တွန်းလှန်နိုင်တဲ့ သတ္တိကိုပေးခဲ့တာပါ။

“လူ့အခွင့်အရေးလည်း မသိ၊ ဥပဒေလည်း နားမလည်တဲ့အချိန်မှာ ရှင်းသန့်ကို ကြိမ်စက်တွေနဲ့တို့၊ လက်တွေကို ကျိုးမတတ်ရိုက်၊ ငွေညှစ်။ ကျမရဲ့ပိုက်ဆံအိတ်ထဲက ပစ္စည်းတချို့ယူသွားတယ်။ လူတကိုယ်လုံး အဝတ်တွေ ချွတ်ပြီး harassment လုပ်တာလည်း ခံရတယ်”လို့ ရှင်းသန့်က သူခံစားခဲ့ရတာတွေကိုပြန်ပြောပြပါတယ်။

ယခင်က ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှု၊ ခွဲခြားဆက်ဆံခံရမှုလို့ မသိခဲ့တာတွေကြောင့် လူကြီးက ကလေးကို ဆုံးမသလိုမျိုး ရိုက်တယ်လို့ထင်ခဲ့တဲ့အတွက် အကြောင်းမဲ့ အကြမ်းဖက်တာကို တခြားLGBT တွေ နည်းတူ ရှင်းသန့်အနေနဲ့ ရေငုံနုတ်ပိတ်ခဲ့ဖူးပါတယ်။

မန္တလေးသူ ဖြစ်တဲ့ ရှင်းသန့်က အမျိုးသမီး လိင်စိတ်ကို ခံယူထားတဲ့ အမျိုးသား တယောက်ဖြစ်ပြီး လက်ရှိမှာ LGBT အရေး၊ သဘာဝမဟုတ်တဲ့ လိင်ဆက်ဆံမှု၊ လိင်တူဆက်ဆံလိုက်တာနဲ့ အရေးယူနိုင်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၃၇၇ ပြင်ဆင်နိုင်ရေးတွေမှာ တက်ကြွစွာပါဝင်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

LGBT တွေကို အကြမ်းဖက်ခံရခြင်းမှ အကာအကွယ်ပေးနိုင်တဲ့ သီးသန့် ဥပဒေတွေ မရှိသေးတဲ့အပြင် မှောင်ရိပ်ခိုဥပဒေတွေနဲ့လည်း သူတို့ကို ပြန်လည်တရားစွဲနိုင်တဲ့ အခြေအနေမှာရှိနေပါတယ်။ နေဝင်ချိန်နောက်ပိုင်း အများပြည်သူဆိုင်ရာနေရာမှာ ရှိနေခြင်း အတွက် ကျေနပ်လောက်စေတဲ့ ကြောင်းကျိုးပြချက် မပေးနိုင်ပါက ရာဇဝတ်သင့်စေနိုင်တဲ့ ဥပဒေဖြစ်ပါတယ်။

ရှင်းသန့်အနေနဲ့ မှောင်ရိပ်ခိုဥပဒေနဲ့လည်း အရေးယူခံရခဲ့ဖူးသူပါ။ LGBT တွေအနေနဲ့ သူတို့တွေအပေါ် နှောင့်ယှက်တာ၊ ခြိမ်းခြောက်တာ၊ ထိန်းသိမ်းချုပ်နှောင်နိုင်သလို လိမ်လည်စွဲချက်တွေနဲ့လည်း တရားစွဲနိုင်တဲ့ ဥပဒေဖြစ်တာကြောင့် ဒါကို ဖျက်သိမ်းပေးဖို့ တောင်းဆိုနေကြပါတယ်။

ဒီလို ဂုဏ်သိက္ခာမဲ့ အကြမ်းဖက်ခံရတဲ့အတွေ့အကြုံတွေအရ LGBT တွေဟာ သူတို့ကိုယ်သူတို့ LGBT ဖြစ်တယ်ဆိုတာကို ဝန်မခံရဲတဲ့အထိ ကြောက်ရွံ့ထိတ်လန့်မှုတွေဖြစ်နေစေခဲ့ပါတယ်။ ပညာတတ်တဲ့ LGBT တချို့ပင်လျှင် ပတ်ဝန်းကျင်ဖိအားကို ကြောက်တာကြောင့် သူတို့ရဲ့ လိင်စိတ်ခံယူမှုကို ထုတ်ဖော်ပြောကြတာ နည်းပါတယ်။

မည်သို့ဆိုစေ LGBT တွေဟာ အပြောခံ၊ဖယ်ကျဉ်ခံရမှုတွေကြားထဲ သူတု့ိမှာရှိတဲ့ ခွန်အားနဲ့ သူတို့ရဲ့ ဖြစ်တည်မှုကို မပြောင်းလဲ၊ မစွန့်လွှတ်ပဲ ကိုင်စွဲထားကြတဲ့ လူသားတွေ ဖြစ်တယ်။ မြန်မာ့လူမူအသိုင်းအဝိုင်းမှာ လူကိုလူချင်းလေးစားရမယ် လို့ ပြောနေပေမယ့် အယူအဆစွဲ၊ အစဉ်အလာတွေကို လက်ခံကျင့်သုံးနေသေးတာကြောင့် လူ၊ လူခြင်း ခွဲခြားတဲ့စိတ်ကို တိုက်ဖျက်ဖို့က ခက်ခဲနေဦးမှာဖြစ်ပါတယ်။

သာမာန်လူတွေ ရရှိခံစားခွင့်ရှိတဲ့ အခွင့်အရေးကိုတောင်မှ လက်လှမ်းမမှီဖြစ်နေတာကြောင့် သူတို့ကို တန်းတူညီမျှမှုရရှိအောင်၊ LGBT ဖြစ်သည့်အတွက် ခွဲခြားနှိပ်စက်အကြမ်းဖက်ခံရတဲ့ အရာတွေ မဖြစ်အောင် အထူးကာကွယ်ပေးတဲ့အရာတွေကို LGBTအသိုင်းအဝိုင်းက တောင်းဆိုနေကြတာပါ။

“LGBT အခွင့်အရေးက အထူးအခွင့်အရေးမဟုတ်ဘူး။ LGBT အခွင့်အရေးက လူ့အခွင့်အရေးပဲ ဖြစ်ပါတယ်”လို့ ဦးအောင်မျိုးမင်းက မှတ်ချက်ပြုပါတယ်။

Related Articles