Home မေးမြန်းခန်း “မဲဆွယ်သွားတဲ့အခါ တစ်နေကုန် လမ်းလျှောက်မှ တစ်ရွာရောက်တယ်”

“မဲဆွယ်သွားတဲ့အခါ တစ်နေကုန် လမ်းလျှောက်မှ တစ်ရွာရောက်တယ်”

ကြည်ဖြူ။ ။

မြန်မာနိုင်ငံမြောက်ဘက်ပိုင်းက ခေါင်လန်ဖူးမြို့နယ်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲမှာ အသက် ၃၀ အရွယ် တက်သစ်စ အမျိုးသမီးနိုင်ငံရေးသမား ဒေါ်ဆာလီထွေ ဟာအခြားပြိုင်ဘက် ၆ဦးနဲ့အတူ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

မဲဆွယ်သွားတဲ့အခါ တစ်နေ့ကုန် လမ်းလျှောက်မှ တစ်ရွာရောက်တဲ့အထိ လမ်းပန်းဆက်သွယ်ရေးခက်ခဲလှတဲ့ဒေသမှာ အမျိုးသမီးတစ်ယောက်ရဲ့ ရွေးကောက်ပွဲခရီးဟာခက်ခဲလှပါတယ်။

ကချင်ပြည်နယ်ပြည်သူ့ပါတီကိုယ်စားပြုပြီး ခေါင်လန်ဖူးဒေသမှာ ပထမဆုံးသော အမျိုးသမီးကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်ပွဲဝင်ခဲ့တဲ့ သူမရဲ့အတွေ့အကြုံကို မေးမြန်းထားသည်ထဲမှ အချို့ကိုကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

မေး။ ။၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားတွေနဲ့ တန်းတူဝင်ရောက် အရောက်အရွေးခံရတဲ့ အချိန်မှာ အဓိက စိန်ခေါ်မူတွေက ဘာတွေ ရှိပါသလဲ။
ဖြေ။ ။ ကျမ ပြိုင်တဲ့ နေရာ ခေါင်လံဖူးဟာ လမ်းခရီးတွေလည်း ခက်ခဲတယ်။ သူတို့ ယဉ်ကျေးမူက ယောင်္ကျားတွေကဘဲ နိုင်ငံရေးလုပ်ရမယ်လို့ လွှမ်းမိုးထားတာ။ နိုင်ငံရေးသည် အမျိုးသားနဲ့ပဲဆိုင်တယ်။ ကျမက ပထမဆုံးသော အမျိုးသမီး အမတ်လောင်းဖြစ်တယ်။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လို့ရတယ်ဆိုတာ သူတို့ မသိဘူး။

နိုင်ငံက အမျိုးသမီးနဲ့လည်းဆိုင်တယ် လုပ်လို့ရတယ်လို့ဆိုတာကို အစအဆုံး ပြန်ရှင်းရတယ်။ အမျိုးသားတွေကလည်း တောင်ပေါ်ဒေသအတွက် သူတို့ပဲ လုပ်ပေးနိုင်တယ်ပေါ့နော်။ အမျိုးသမီးဆိုတာက မဲဆွယ်တဲ့ အချိန်မှာဘဲ ရောက်လာနိုင်တယ်။ နောက်ဆိုရင် မရောက်လာနိုင်ဘူး ဒီလိုဒေသမှာ အမျိုးသမီးလုပ်မယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုပြီးပြောတယ်။

သူတို့က အမျိုးသမီးတွေရဲ့ အသံကို နားထောင်ရကောင်းမှန်းလည်း မသိဘူး။ ကြက်ဖတွန်မှ မိုးလင်းနိုင်မှာ၊ ကြက်မ တွန်ရင် မိုးမလင်းဘူး။ ကြက်ဖက ကလေးမထိန်းသလို ကြက်မကဘဲ ကလေးထိန်းရတယ်။ အမျိုးသမီးဆိုတာ အိမ်မှာဘဲ နေရမယ်။ အမျိုးသမီးတွေက နိုင်ငံရေးမှာ လုပ်တယ်ဆိုတာက သူတို့ ရိုးရာနဲ့ မကိုက်ညီဘူး။ ယောင်္ကျားတွေကို အမျိုးသမီးတွေက ဦးဆောင်လို့မရဘူးဆိုတဲ့ မဲစည်းရုံးရေးတွေက ကျမတွက် ကြီးမားသော စိန်ခေါ်မူဖြစ်တာပေါ့။

မေး။ ။ရွေးကောက်ပွဲမှာ အရွေးမခံရတာ ဘာကြောင့်လို့ သုံးသပ်မိပါသလဲ။
ဖြေ။ ။ မဲရလဒ်ကတော့ အကုန်လုံးမှာ တတိယလိုက်တယ်။ ကျမတို့ ပါတီက သက်တမ်းနုသေးတယ်။ မဲထည့်ချင်ပေမယ့် မထည့်ရဲဘူး။ အမျိုးသမီးပါနေလို့ မဲမထည့်ဘူး။ စောင့်ကြည့်အုန်းမယ် လေ့လာအုန်းမယ်ဆိုပြီး တော့ မဲမပေးရဲကြဘူး။ အမျိုးသားထုတွေက ဒါက KIA ပါတီဟုတ်တယ် ဆိုပြီးတော့ ဝါဒဖြန့်တယ်။

သူတို့က မျက်စိပိတ် နားပိတ်ခံရတယ်။ သူတို့က နိုင်ငံရေးကို နိုင်ငံရေးလို မဟောဘူး။ အတင်းအဖျင်း လိုပြောကြတယ်။ အဲလိုနဲ့ပဲ မဲဆွယ်တယ်။

မေး။ ။ရွေးကောက်ပွဲ ရလဒ်ထွက်ရှိလာတဲ့ အပေါ်မှာ အမျိုးသမီးတစ်ယောက် အနေနဲ့ စိတ်ဓာတ်ကျသွားတာမျိုးရော ရှိလား။ ကိုယ်ရဲ့ စိတ်အင်အားကို ဘယ်လိုမြှင့်တင်ထားပါသလဲ။
ဖြေ။ ။ စိတ်ဓာတ်ကျသွားတာမျိုးတော့ မရှိဘူး။ ရိုးရိုးသားသား မဝင်ပြိုင်တာကိုတော့ စိတ်မကောင်းဘူး။ ကျမကတော့ နိုင်ငံရေးလုပ်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် နိုင်သည်ဖြစ်စေ မနိုင်သည်ဖြစ်စေ၊ နိုင်မှ နိုင်ငံရေးလုပ်လို့ရတာ မဟုတ်ဘူး။ မနိုင်လည်း လုပ်လို့ရတယ်။ ကျမကတော့ အတိုက်အခံပါတီအနေနဲ့ ရပ်တည်နေမှာပါ။

မေး။ ။ ကိုယ်ကိုတိုင် ရွေးကောက်ပွဲမှာ အရွေးမခံ ရပေမယ့် အမျိုးသမီးရေးနဲ့ နိုင်ငံရေးတွေကို ဘယ်လိုဆက်လက် လုပ်ဆောင်သွားမယ်လို့ စိတ်ကူးထားပါသလဲ။
ဖြေ။ ။ ခေါင်လံဖူးမှာ နိုင်ငံရေး အမြင်ဖွင့်သင်တန်းတွေပေးသွားမှာ။ ကျား-မ အမြင်ဖွင့်သင်တန်း ဥပဒေသင်တန်းတွေ လုပ်မှာ။ နိုင်တဲ့ ပါတီကို စောင့်ကြည့်ပြီးမှ ကျမက လုပ်သွားမယ်။ အမျိုးသမီး အခွင့်အရေးအပြည့်ဝ ရရှိအောင် လုပ်မယ်။

အဲဒေသမှာ မူကြိုကျောင်းမရှိဘူး။ မူကြိုကျောင်း ဖွင့်လစ်နိုင်ဖို့ လုပ်မယ်။ သူတို့က တရွာနဲ့ တရွာကျောင်း အရမ်းဝေးတယ်။ ကလေးတွေ ပညာသင်အရွယ်မှာ မသင်ရဘူး။ နိုင်သွားတဲ့ပါတီတွေကို ကျမက ပြည်သူတွေဘက်ကနေ ကြည့်မယ်။ အဂတိလိုက်စားမူ ရှိသလား၊ ပြည်သူတွေရဲ့ အသက် အိမ်စည်းစိမ်တွေ ဖျက်ဆီးသွားတာ ရှိလား။ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ ရှိလား၊ ဆိုတာမျိုးတွေကို ဆက်လက်လုပ်ဆောင်သွားမယ်။

ဒေါ်ဆာလီထွေ

မေး။ ။အမျိုးသမီးတွေက အမျိုးသားတွေလောက် အလုပ်မလုပ်နိုင်ဘူး။ ရင်ဘောင် မတန်းနိုင်တဲ့ အမြင်တွေ ရှိနေတော့ ကိုယ်စားလှယ်လောင်း ရွေးချယ်သွားတဲ့ အပေါ်မှာရော ဒီအချက်က သက်ရောက်မူ ရှိတယ်လို့ ထင်ပါသလား။
ဖြေ။ ။ အမျိုးသားတွေက ၈ တန်းမအောင်လည်း လွတ်တော်အမတ်ဖြစ်တယ်။ အမျိုးသားတွေက အလုပ်ပိုလုပ်နိုင် တယ်လို့ ထင်ကြလို့ပေါ့။ ကိုယ်တွေကလည်း အလုပ်ပိုလုပ်ပြဖို့တော့ လိုတယ်။ သူတို့ကို အမြင်ဖွင့်သင်တန်း တွေကို ဖွင့်ပေးလိုက်မယ်ဆိုရင် အဆင်သွားမယ်လို့ထင်ပါတယ်။

မေး။ ။အခု ရွေးကောက်ပွဲက နိုင်တာ ရှုံးတာ အဓိက မဟုတ်ဘဲ ဖြတ်သန်းမူတစ်ခုကို အတွေ့အကြုံယူတယ်လို သဘောထားမယ်ဆိုရင် အစ်မအနေနဲ့ ကိုယ်အတွက် မှတ်မှတ်ရရရှိစေမယ့် ကိုယ်အတွက် ဘယ်လို အတွေ့အကြုံ ရခဲ့ပါသလဲ။
ဖြေ။ ။ လမ်းပန်းဆက်သွယ်ရေးပါ။ မြေပုံထဲမှာ ကားလမ်းရှိတယ်လို့သာပြောတာ တကယ်တမ်းက မရှိဘူး။ လမ်းတစ်လျှောက်လုံး လမ်းဘဲလျှောက်ရတာ။ ရေလောင်းအိမ်သာတောင် မရှိဘူးပေါ့နော်၊ အဲဒါကတော့ အမှတ်တရပေါ့။ တစ်နေ့ကုန် လမ်းလျှောက်မှ တစ်ရွာရောက်တယ်။
တောင်ယာလုပ်တဲ့သူများတော့ သူတို့ လယ်ယာကနေ ၆ နာရီလောက်မှ ပြန်ရောက် ည ၈ နာရီမှ မဲဆွယ်ရတာပေါ့။

မေး။ ။ဒီနှစ်မှာ အမျိုးသမီးအမတ်တွေ ဝင်ပြိုင်တာ ရွေးချယ်ခံရတာ များလာတဲ့အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။ နည်းနည်းသုံးသပ်ပေးနိုင်မလား။
ဖြေ။ ။ အမျိုးသမီးပါလာတာတော့ အရမ်းကောင်းတဲ့ လက္ခဏာပါ။ ကြိုဆိုပါတယ်။ နိုင်ငံရေးမှာ စိတ်ပါဝင်စားလို့ ရောက်လာတဲ့အတွက် အားပေးရမယ်၊ ဝမ်းသာတယ်။ အမျိုးသမီး နိုင်ငံရေးမှာ လုပ်ခိုင်းတယ်လို့သာ မူဝါဒတွေ လူတွေအားပေးအောင်လုပ်တာ။ လူတွေ ကြည့်ကောင်းလုပ်တာ။

လက်တွေ့မှာ ဖိုဝါဒတွေ ကြီးဆိုးမူတွေက များတယ်။ အမျိုးသမီးပြိုင်တာသည် တရားမျှတမူ မရှိဘူးလို့မြင်တယ်။ ဘယ်လိုတရားမျှတလဲဆိုတော့ သိပ်မခက်ခဲတဲ့ နေရာတွေဆိုရင် အမျိုးသားတွေက သူတို့ရွေးချယ်ပြီးသား။

Related Articles