Home ဆောင်းပါးသတင်းဆောင်းပါး လူမှုကွန်ရက်ပေါ်က လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်ခံရမှုတွေအတွက် တရားမျှတမှု

လူမှုကွန်ရက်ပေါ်က လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်ခံရမှုတွေအတွက် တရားမျှတမှု

ခင်ဘုန်းမို့။ ။

“ နင်ငါနဲ့မတွေ့ရင် နင့်အိမ်လာပြီး နင့်အဖေ အမေကို နင့်ပုံတွေပြမှာလို့ ခြိမ်းခြောက်တယ်”လို့ ငယ်ငယ် (အမည်လွဲ) ကတိုးညှင်းစွာပြောပါတယ်။ ချစ်သူအမျိုးသားရဲ့ ခြိမ်းခြောက် အကျပ်ကိုင်မှုကိုခံခဲ့ရတဲ့ အသက် (၂၂)အရွယ် ငယ်ငယ်ကသူ့ရဲ့အတွေ့အကြုံကိုပြောပြတာပါ။

“ ခြိမ်းခြောက်ရင်းနဲ့ပိုဆိုးလာပြီး သူငယ်ချင်းတွေကိုလိုက်ပြတဲ့အဆင့်အထိရောက်လာတယ်”လို့ငယ်ငယ်ကပြောပါတယ်။ အဲ့ဒီနောက်မှာတော့ သူငယ်ချင်းတစ်ဦးရဲ့အကြံပေးမှုကြောင့် အကူအညီပေးနိုင်မယ့်သူကိုဆက်သွယ်ရာ ကြားလူရဲ့ ညှိနှိုင်းပေးမှုကြောင့် အမျိုးသားဘက်က ခြိမ်းခြောက်တာရပ်သွားပြီး မိသားစုကို လာတောင်းပန်ခဲ့တယ်လို့ ငယ်ငယ်ကပြောပါတယ်။

တစ်ဖက်ကလည်းတောင်းပန်တဲ့အပြင် မိသားစုကလည်း ထပ်မံ အရှက်မရလိုတဲ့အတွက် တရားစွဲတဲ့အဆင့်အထိမရောက်ခဲ့ဘူးလို့ ငယ်ငယ်ကပြောပါတယ်။

ငယ်ငယ့်လိုအဖြစ်မျိုးကြုံခဲ့ရတဲ့မိန်းကလေးတွေ ဆိုရှယ်မီဒီယာထွန်းကားတဲ့ဒီကနေ့ခေတ်မှာ ဘယ်နှစ်ယောက်များရှိနေပြီလဲဆိုတာမေးခွန်းထုတ်စရာရှိလာပါပြီ။

ချစ်သူရည်းစားနဲ့အတူနေစဉ်ရိုက်ကူးထားတဲ့ ဓာတ်ပုံ (သို့မဟုတ်) ဗီဒီယိုတွေကိုလူမှုကွန်ရက်မှာ ဖြန့် ဝေမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ အဖြစ်များလာတာကိုတွေ့ရပါတယ်။

မိန်းကလေးဘက်က သဘောတူကြည်ဖြူပြီး ရိုက်ကူးကြတာရှိသလို၊ မိန်းကလေးမသိအောင်ခိုးရိုက်ကြတဲ့အဖြစ်မျိုးတွေလည်းရှိပါတယ်။ အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲတဲ့အခါမှာတော့ တချို့အမျိုးသားတွေက အဲ့ဒီဗီဒီယိုနဲ့ ဓာတ်ပုံတွေကို လက်နက်အဖြစ်ထုတ်သုံးကြပါတယ်။

အဲ့လိုဖြစ်ရပ်မျိုးတွေအပြင်အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေကို လိင်ပိုင်းဆိုင်ရာမကောင်းတဲ့နည်းလမ်းနဲ့ဖြန့်ဝေမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည်းအဖြစ်များလာပါတယ်။ လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုတွေက ရင်းနှီးသူအချို့က ကျူးလွန်တာမျိုးရှိသလို သူစိမ်းတွေက ကျုးလွန်တာမျိုးတွေလည်းရှိပါတယ်။ မိန်းကလေးအများစုကဒီလိုကြုံတွေ့ရတဲ့အခါ ပတ်ဝန်းကျင်နဲ့မိသားစု သိမှာစိုးတဲ့အတွက်တစ်ယောက်ထဲဖြေရှင်းကြပါတယ်။

“မိန်းကလေးတွေအနေနဲ့ခြိမ်းခြောက်ခံရမယ်ဆိုရင် နဲနဲလေးသတ္တိမွေးစေချင်တယ်။ အဲ့လိုဖြစ်လာရင် ကိုယ့်ဘက်ကနေပဲ အရင်ဆုံးသတ္တိရှိရှိနဲ့ ရင်ဆိုင်စေချင်တယ်” လို့ မွန်ပြည်နယ် ၊သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ကသူ့အမြင်ကိုပြောပါတယ်။

လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုတွေ ကြုံရတဲ့အခါ မိန်းကလေးတွေအနေနဲ့ မကြောက်ဖို့၊ တစ်ယောက်ယောက်ကိုရင်ဖွင့်တိုင်ပင်ဖို့၊ တရားဉပဒေလမ်းကြောင်းအတိုင်းဆောင်ရွက်ဖို့လိုအပ်ရင် ဆောင်ရွက်သင့်တယ်လို့ Women’s Federation For Peace ရဲ့ ဒါရိုက်တာ ဒေါ်သူဇာတင်ကအကြံပြုပါတယ်။

“ကြောက်အောင်ခြောက်တာလေ၊ မကြောက်ရင်ဆက်မလုပ်ရဲဘူး။ တချို့ကျတော့မိဘအသိုင်းအဝိုင်းကသိမှာစိုးလို့ တယောက်ထဲကြိတ်ဖြေရှင်းကြတယ်။” လို့ ဒေါ်သူဇာတင်ကပြောပါတယ်။

အွန်လိုင်းပေါ်ကတစ်ဆင့် လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုတွေ ကြုံတွေ့ရတဲ့အခါ အီလက်ထရောနစ်ဉပဒေ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ အမှုဖွင့်တိုင်ကြားနိုင်တယ်လို့ ဥပဒေရေးရာကုစာရေးအဖွဲ့ (မြန်မာ)ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သလို တရားလွှတ်တော်ရှေ့နေ့ ဖြစ်တဲ့ ဒေါ်လှလှရီကပြောပါတယ်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)အရ ဆက်သွယ်ရေး ကွန်ရက် တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ်တဦးဦးကို ခြောက်လှန့်တောင်းယူခြင်း၊ သရေဖျက်ခြင်း၊နှောင့်ယှက်ခြင်းသို့မဟုတ် ခြိမ်းခြောက်ခြင်းတွေပြုလုပ်ရင် နှစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ဆယ်သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်တယ်လို့ပြဌာန်းထားပါတယ်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဂ)အရ “ဆက်သွယ်ရေးကွန်ရက်တခုခုကို အသုံးပြုပြီး ငွေကြေးနဲ့ ပစ္စည်းတရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း သို့မဟုတ် အကျိုးပျက်စီးစေခြင်း” တို့ကို ပြုလုပ်ပါက ” နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အွန်လိုင်းကတစ်ဆင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအတွက် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ကထိရောက်အဟန့်အတားဖြစ်စေလောက်တဲ့ အနေအထားတစ်ခုမဟုတ်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ကသုံးသပ်ပါတယ်။

အမှုဖွင့်တိုင်ကြားနိုင်ပေမယ့် ကျူးလွန်သူအများစုက အကောင့်အတုတွေနဲ့ကျူးလွန်ကြတာဖြစ်တဲ့အတွက် အမှုဖွင့်ရာမှာအခက်အခဲတွေရှိနေတယ်လို့ တရားလွှတ်တော်ရှေ့နေ့ ဒေါ်လှလှရီကပြောပါတယ်။

“ အွန်လိုင်းမှာ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအသရေဖျက်တဲ့ ကိစ္စတွေ ခြိမ်းခြောက်တဲ့ကိစ္စတွေကို သေသေချာချာ စုံစမ်းဖော်ထုတ်ပေးနိုင်မှုက အားနည်းနေသေးတယ်။ အားနည်းချက်တွေရှိတဲ့အတွက် အမျိုးသမီးတွေက တရားမျှတမှုရရှိဖို့ တချို့အခြေအနေမှာအခက်အခဲတွေ တွေ့ရတယ် ”လို့ ဒေါ်လှလှရီကဆိုပါတယ်။

ဒီဖြစ်ရပ်တွေအပေါ်မှာ တရားဥပဒေလမ်းကြောင်းအရ ဖြေရှင်းနိုင်တဲ့နည်းလမ်းကို မရွေးဘဲ၊ Social Justice နည်းလမ်းနဲ့ ဖြေရှင်းသူတွေလဲ ရှိလာပါပြီ။ ခြိမ်းခြောက်သူတွေကို ပြန်လည် အရှက်ခွဲတဲ့နည်းလမ်းနဲ့ တုံ့ပြန်လာကြတာကိုတွေ့ရပါတယ်။ ဒီလိုတုံ့ပြန်တဲ့အခါမှာ တချို့ကရပ်တန့်သွားသလို တချို့ကဆက်လက်ကျူးလွန်ကြတာမျိုးလည်းရှိပါတယ်။

နစ်နာသူအမျိုးသမီးတွေကို အပြစ်တင်သူတွေရှိသလို တစ်ဖက်မှာလည်း ကျူးလွန်သူကိုသာအပြစ်တင်သင့်တယ်ဆိုတဲ့ အမြင်ရှိသူတွေရှိလာပါပြီ။

ကျူးလွန်သူရဲ့ ခြိမ်းခြောက်တာအပြင် ပတ်ဝန်းကျင်ရဲ့အပြစ်တင်မှုတွေက အမျိုးသမီးတွေကို ဆိုးရွားတဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်စေတယ်လို့ အမျိုးသမီးအရေးဆောင်ရွက်သူတွေကဆိုပါတယ်။

ပတ်ဝန်းကျင်အနေနဲ့လည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုနဲ့ပတ်သက်ပြီး တရားရင်ဆိုင် နေတဲ့အမျိုးသမီးတွေကို အားပေးဖို့လို သလို မိသားစုဝင်တွေအနေနဲ့ အပြစ်မတင်ဘဲ ကူညီပံ့ပို့ပေးဖို့လိုတယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီကအကြံပြုပါတယ်။

“အမျိုးသမီးတွေအနေနဲ့ ဒီလိုကိစ္စတွေဖြစ်လာတဲ့အခါ တရားမျှတမှုရရှိဖို့အတွက် ရင်ဆိုင်ဖို့လိုတယ်”လို့ ဒေါ်လှလှရီကဆိုပါတယ်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေကြမ်းမှာတော့ သတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာကိုအသုံးပြုပြီး အမျိုးသမီးရဲ့လိင်ပိုင်းဆိုင်ရာနဲ့စပ်လျဉ်းတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကိုဖြစ်စေ၊ အပြုအမူကိုဖြစ်စေ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုရိုက်ကူးမှု၊ အင်တာနက်စာမျက်နှာနဲ့ လူမှုကွန်ရက်တွေမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု၊ ထုတ်ဖော်ဖြန့်ဝေမှု၊ ညစ်ညမ်းပုံပေးဖို့ ဖြန့်ဝေတာတွေ ပြုလုပ်ပါက အနည်းဆုံးခြောက်လမှ အများဆုံးနှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမယ်လို့ ဖော်ပြထားပါတယ်။ သို့သော်လည်း ၂၀၁၃ ခုနှစ်ကတည်းက စတင်ရေးဆွဲခဲ့ပြီး လက်ရှိအချိန်ထိ ဥပဒေကြမ်းသာရှိနေသေးတဲ့ ဒီဥပဒေမူကြမ်းက လွှတ်တော်အတွင်း ဆက်လက်ဆွေးနွေးအတည်ပြုရအုန်းမှာဖြစ်ပါတယ်။

ဥပဒေကောင်းတွေရှိဖို့လိုအပ်ရုံတင်မကဘဲ ခိုင်မာတဲ့တရားစီရင်ရေးရှိဖို့လိုအပ်တယ်လို့ Women’s Federation For Peace ရဲ့ ဒါရိုက်တာ ဒေါ်သူဇာတင်ကထောက်ပြပြောဆိုပါတယ်။

“ ဒီလိုကိစ္စတွေမဖြစ်လာအောင် တားမြစ်ပေးဖို့ ကာကွယ်ပေးဖို့အတွက် နိုင်ငံတော်ရဲ့သက်ဆိုင်ရာဌာနတွေမှာ တာဝန်ရှိသလို လူမှုအသိုင်းအဝိုင်းက ကူညီပံ့ပိုးဖို့လည်းလိုပါတယ်။ ဒီလို ကိစ္စတွေ တိုင်တန်းလာတဲ့အခါ အချိန်နဲ့တစ်ပြေးညီ ဖော်ထုတ်စုံစမ်းဖို့ လိုအပ်ပါတယ်။ အဲ့လိုစုံစမ်းဖို့အတွက် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေကိုလည်း ခန့်အပ်ထားဖို့ လိုပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ဒီလိုကိစ္စတွေကို ပေါ့ပေါ့တန်တန် သဘောမထားဘဲနဲ့ ထိရောက်တဲ့ ကာကွယ်ပေးမှုတွေနဲ့ အမျိုးသမီးတွေအပေါ်မှာ တရားမျှတအောင် လုပ်ပေးသင့်တယ်” လို တရားလွှတ်တော် ရှေ့နေဒေါ်လှလှရီက တိုက်တွန်းပါတယ်။

ဖြစ်ရပ်ဆိုးတစ်ခုကိုကိုယ်တိုင်ကြုံခဲ့ရတဲ့ ငယ်ငယ်ကတော့ “ဒီလိုမျိုးဖြစ်ရပ်တွေဖြစ်လာရင် ကျူးလွန်သူကိုမြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် အပြစ်ပေးနိုင်မယ့် ဥပဒေမျိုးပေါ်ပေါက်လာစေချင်တယ် ” လို့ ဆိုပါတယ်။

Related Articles