Home ဆောင်းပါး သမီးအတွက် လျော်ကြေးမလိုချင်ဘူး၊ တရားမျှတမှုပဲ လိုချင်တယ်

သမီးအတွက် လျော်ကြေးမလိုချင်ဘူး၊ တရားမျှတမှုပဲ လိုချင်တယ်

ကြည်ဖြူ။ ။

မိုးအုံ့နေတဲ့ ညနေခင်းတစ်ခုမှာ ဦးဖြားပြာတို့မိသားစုတွေ ထင်းမီးဖို ပတ်ပတ်လည်မှာ ချက်ပြုတ်ပြင်ဆင်တဲ့သူ၊ မီးလှုံသူတွေနဲ့ လူစုံတက်စုံ ရှိနေကြပါတယ်။

လေးထောင့်အနေအထားရှိတဲ့ ပအိုဝ်းရိုးရာ ထင်းမီးဖိုဘေးမှာ မီးထိုင်လှုံနေရင်း အသက် ၅၀ နီးပါးအရွယ် ဦးဖြားပြာက သူ့ရဲ့ ညာဘက်မှာ ထိုင်နေတဲ့ ဆယ်တန်းကျောင်းသူ ဒုတိယသမီးကြီးရဲ့ ထူးခြားတဲ့ မျက်နှာရိပ်ကို သူ သတိထားမိ ခဲ့ပါတယ်။

သမီးရဲ့မျက်နှာဟာ သာမန်ထက်ပိုပြီး ထူးထူးခြားခြား ဖြူဖတ်ဖြူရော်ဖြစ်နေပြီး ညှိုးငယ်နေတာကြောင့် မသင်္ကာလို့ မေးကြည့်လိုက်တဲ့အချိန်မှာ ဖခင်ရဲ့ မျက်နှာကိုတောင် မော့မကြည့်နိုင်ပဲ ခပ်ယဲ့ယဲ့ ဖြေလိုက်တဲ့ သမီးရဲ့အဖြေဟာ သူ့ကို လန့်ဖျပ်စေခဲ့ပါတယ်။

“သမီး ပေါင်းသတ်ဆေးသောက်ထားတယ် ဆိုတော့ အဘတို့က လန့်ပြီးတော့ ချက်ချင်း ကျန်းမာရေးဆရာမကို ခေါ်တယ် ဆေးထိုးပေးလိုက်တယ်။ ဒါပေမဲ့ အဆင်မပြေမှာစိုးလို့ ဆေးရုံကို ချက်ချင်းခေါ်သွားလိုက်တာ” လို့ အသက် ဖခင်ဖြစ်သူက ဆိုပါတယ်။ “ဦးဖြားပြာ” ကတော့ ဖခင်ရဲ့ အမည်လွှဲဖြစ်ပါတယ်။

သားသမီး ၄ ဦးရှိတဲ့ ဦးဖြားပြာတို့ဟာ ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်က ကျေးရွာတစ်ရွာမှာ နေထိုင်ကြသူတွေပါ။ ရာသီအလိုက် ပြောင်း၊ သနပ်ဖက်ပင်စိုက်ပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ သာမန် လက်လုပ်လက်စား ဆင်းရဲတဲ့ တောင်သူမိသားစုဖြစ်ပါတယ်။

သမီး ဆေးရုံရောက်ပြီး နာရီပိုင်းအလိုမှာ ဆေးသောက်သတ်သေဖို့ စဉ်းစားရတဲ့အကြောင်း သမီးဖြစ်သူကို ရင်တမမနဲ့ မိဘတွေ စမေးပါတော့တယ်။ “ရည်းစားနဲ့ အဆင်မပြေလို့လား”လို့ မိဘတွေက ချော့မော့မေးချိန်မှာတော့ သမီးရဲ့အဖြေဟာ သူတို့တွေရဲ့ ခေါင်းကို မိုးကြိုးပစ်ချလိုက်သလိုပင်။

ရွာလူကြီးဖြစ်သူ ခွန်ကျော်လှဆိုသူဟာ သူမကို မုဒိမ်းပြုကျင့်ခဲ့တာ ၈ တန်းနှစ်ကတည်းကနေ အခုချိန်ထိဖြစ်ပြီး ရှက်လွန်းတဲ့အတွက် သတ်သေဖို့ ကြိုးစားခဲ့ကြောင်း သမီးဖြစ်သူက ဖွင့်ဟပြောပြခဲ့တာပါ။

“အမေ အဲဒီစကားကို ကြားရတော့ စိတ်က ကမ္ဘာအပြင်ကို ရောက်သွားသလိုပဲ။ ဘာမှမသိတော့ပဲ ထိုင်နေရင်း မေ့နေတဲ့ လူလိုတောင် ဖြစ်သွားတယ်” လို့ မိခင်ဖြစ်သူက သောကအပြည့်နဲ့ ဆိုပါတယ်။

ကျူးလွန်သူအဖြစ် သံသယရှိသူဟာ ဟိုပုံးမြို့နယ် ဝါးဆို့ရွာက ကျေးရွာလူကြီးဖြစ်ပါတယ်။ အမှုစတင်ကျူးလွန်ချိန် လွန်ခဲ့တဲ့ ၂၀၁၇ မှာ သူဟာ ရွာလူကြီးရဲ့ သားတစ်ဦးဖြစ်ခဲ့ပြီး အခုချိန်မှာတော့ သူကိုယ်တိုင် ကျေးရွာလူကြီးအဖြစ် တာဝန်ယူထားသူဖြစ်ပါတယ်။

သံသယရှိသူဟာ အသက် ၃၀ ကျော်အရွယ် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ကလေးတစ်ယောက်နဲ့ ဇနီးဖြစ်သူကလည်း နောက်ထပ် ကိုယ်ဝန်လွယ်ထားသူဖြစ်ပါတယ်။။ သူမအသက် ၁၄ နှစ်အရွယ်၊ ၈ တန်းကျောင်းသူဘဝကတည်းက သူမကို မုဒိမ်းပြုကျင့် စော်ကားခဲ့တာဟာ အကြိမ်ပေါင်း ၆၃ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ ကာယကံရှင် အမျိုးသမီးငယ်က ဆေးရုံမှာ ဆေးကုသမှု ခံယူနေရင်း မဝံ့မရဲ ပြောပြပါတယ်။

“သူက ညီမလေးကို ခြိမ်းခြောက်တယ်။ တခြားသူကိုပြောပြရင် သတ်မယ်လိုပြောတော့ ညီမလေးက ဘယ်သူကိုမှ မပြောရဲတာ။ သူများကို ပြောပြရင် တာဝန်မယူဘူး။ ဘယ်သူကိုမှ မပြောပြရင် ကျောင်းပြီးတဲ့အထိစောင့်ပြီး တာဝန်ယူမယ်လို့ပြောတယ်။ အခုကျတော့ သူက တာဝန်မယူနိုင်ဘူးတဲ့ ”လို့ ဆေးရုံကုတင်ပေါ်မှာ ပလက်နေအထား လှဲလျောင်းနေရင်း အသက်ကို ပြင်းပြင်းရှူပြီး အမျိုးသမီးငယ်က ပြောပါတယ်။

ဒီလိုခြိမ်းခြောက်ခံရတဲ့အတွက်ကြောင့် ကြောက်ပြီး သံသယရှိသူ ခွန်ကျော်လှချိန်းတဲ့နေရာတိုင်း မသွားချင်ပေမယ့် သွားခဲ့ရကြောင်း အခုချိန် အသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ ကာယကံရှင် အမျိုးသမီးငယ်က ဆိုပါတယ်။ နောက်ပိုင်းမှာတော့ သူမတို့ရဲ့ အခြေအနေကို ပတ်ဝန်းကျင်က တစတစ ရိပ်မိလာပြီး အရှက်ရလာတဲ့အတွက် ခွန်ကျော်လှဆိုသူကို လက်ထပ်ယူဖို့ ပြောတဲ့အခါမှာ တာဝန်မယူနိုင်ကြောင်း ပြောခဲ့ပါတယ်။ ဒါကြောင့် မိဘတွေရဲ့ ဂုဏ်သိက္ခာနဲ့ ရှေ့ဆက် ရှင်သန်ရမယ့်ဘဝအတွက် ရွေးချယ်စရာမရှိတဲ့အဆုံး ပေါင်းသတ်ဆေးသောက် သတ်သေဖို့ ဆုံးဖြတ်ခဲ့ရတယ်လို့ အမျိုးသမီးငယ်က ပြောပြပါတယ်။

“အရှက်နဲ့ အသက်ကို လဲဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ အသံတိုးတိုးလေးနဲ့ ဆေးသွင်းထားတဲ့ လက်က အပ်ပေါက်ကို ကြည့်ပြီး ပြောပါတယ်။

ကာယကံရှင်အမျိုးသမီးငယ်ဟာ သူမ ၈ တန်းနဲ့ ၉ တန်းအရွယ်မှာ အိမ်နဲ့ဝေးရာ နောင်တောင်ပရဟိတ စာသင် ကျောင်းမှာ နေထိုင်စာသင်ခဲ့သလို ၁၀ တန်းအချိန်မှာလည်း ဟိုပုံးမြို့မှာ ပညာသင်ကြားခဲ့တာဖြစ်တဲ့အတွက် အများအားဖြင့် ကျောင်းပိတ်ရက်ကလွဲပြီး ရွာမှာ မရှိပါဘူး။

လက်လုပ်လက်စား မိဘဖြစ်သူတွေကတော့ စားဝတ်နေရေးအတွက် လုံးပန်းနေရချိန်မှာ ကျောင်းပိတ်ချိန်လေး အိမ်အလည်ပြန်လာတဲ့ သမီးလေး အိမ်မှာ ဒီလို နှစ်နဲ့ချီ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရတာကို မသိခဲ့ရတဲ့အတွက် ရင်ထုမနာ ဖြစ်နေကြရပါတယ်။

“အဘတို့က ခြံလုပ်တဲ့သူဆိုတော့ စားဝတ်နေရေးပြေလည်းအောင်လည်း လုပ်မှရတာလေ။ အနောက်မှာ ဘာတွေ ဖြစ်လာမယ်ဆိုတော့ အဘတို့ မတွေးဖူးဘူးလေ။ ရွာဆိုတော့ သူ့အိမ်ကိုယ်လည်၊ ကိုယ့်အိမ် သူလာလည်ဆို‌တော့ အဘတို့မရှိတဲ့အချိန်လည်း သူအိမ်လာပြီး စော်ကားတယ်” လို့ ဖခင်ဖြစ်သူက ပြောပြပါတယ်။

ကာယကံရှင် အမျိုးသမီးငယ်မှ ဆေးကုသမှုခံယူနေစဉ်/ Photo: ကြည်ဖြူ (HI)

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တယ်လို့ သံသယရှိသူ ကျေးရွာလူကြီးဟာ ၃ ကြိမ်မြောက် မုဒိမ်းပြုကျင့်ပြီး နောက်ပိုင်းမှာ အမျိုးသမီးငယ်ကို ကိုယ်ဝန်မရစေဖို့ အတွက် သောက်ဆေးတချို့ ပေးခဲ့ပြီး သောက်ခိုင်းစေခဲ့ပါတယ်။

အဲဒီဆေးကို သောက်ခဲ့ရတဲ့ အမျိုးသမီးငယ်ဟာ ကြားကာလမှာ ကိုယ်ဝန်ဆောင်ရတာ မရှိပေမယ့် ပုံမှန် ရာသီစက်ဝန်း လည်ပတ်တာမျိုး မရှိတော့ဘဲ၊ ပုံမှန်မဟုတ်တဲ့ အနေအထားနဲ့သာ ရာသီစက်ဝန်းလည်ပတ်တယ်လို့လည်း အမှုကို ကူညီဆောင်ရွက်ပေးနေတဲ့ ပအိုဝ်းအမျိုးသမီးသမဂ္ဂက တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

သံသယရှိသူ ရွာလူကြီးကို ဟိုပုံးရဲစခန်းမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၃/၃၇၆ နဲ့ အမှုဖွင့်ထားပြီး၊ သက်ဆိုင်ရာ နယ်မြေရဲစခန်းက အမှုဖွင့်တဲ့ရက် ဇူလိုင် ၆ ရက်နေ့မှာပဲ သံသယရှိသူကို ဖမ်းဆီး ခေါ်ဆောင်ထားပြီးဖြစ်ပါတယ်။

“ရမန်ဘဲဖြစ်သေးတဲ့အတွက် ဟိုပုံးအချုပ်ခန်းမှာဘဲ ရှိသေးတယ်။ ကျွန်တော်တို့ကတော့ လိုအပ်တဲ့ သက်သေ အထောက်အထားတွေကို စစ်မယ်၊ အမှုကို ခိုင်မာအောင်တည်ဆောက်ပြီးတော့ ကျွန်တော်တို့ တရားစွဲမှာ” ဟု ဟိုပုံးမြို့နယ်ရှိ ရဲစခန်းမှူး ဦးကျော်သန်းက ပြောပါတယ်။

ကာယကံရှင် မိသားစုတွေကတော့ သမီးဖြစ်သူ ဆေးရုံကနေဆင်းတာနဲ့ အမှုရင်ဆိုင်ကြမှာဖြစ်ပါတယ်။

ကာယကံရှင်အမျိုးသမီးဘက်ကနေ အမှုကူညီဆောင်ရွက်ပေးနေတဲ့ ပအိုဝ်းအမျိုးသမီးသမဂ္ဂအဖွဲ့ ဒါရိုက်တာ နန်းဇင်နွယ်ကတော့ အမျိုးသမီးငယ်ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာအပြင် ၄ နှစ်တာ ခြိမ်းခြောက်ခံထားရ တဲ့အတွက် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုလည်း ခံရတာဖြစ်တယ်လို့ ထောက်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ ပအိုဝ်းအမျိုးသမီးသမဂ္ဂကို လာတိုင်တဲ့ မုဒိမ်းမှုဟာ တစ်ပတ်အတွင်းမှာ ၂ မှုကနေ ၅ မှုထိရှိခဲ့ပြီး အများအားဖြင့် မူးယစ်ဆေးဝါး၊ သွားလာမှု မလုံခြုံတဲ့အခြေအနေ၊ တရားဥပဒေစိုးမှုမှု အားနည်းမှုအပြင် တရားမျှတမှု အားနည်းတဲ့ ရပ်ရွာဓလေ့ထုံးတမ်း စီရင်မှုတွေကြောင့် အဖြစ်များကြောင်း နန်းဇင်နွယ်က ပြောပါတယ်။

“တချို့ရပ်ရွာဒေသကဆိုရင် မုဒိမ်းမူဖြစ်သွားတယ် အဲတာကို ပိုက်ဆံတစ်သိန်းလောက်နဲ့ လျော်ကြေးပြီးသွားတယ် ရွာသူကြီးက ဒါမျိုးတွေ ထပ်မဖြစ်စေနဲ့လို့ ဆုံးမလိုက်တာနဲ့ ပြီးသွားတဲ့ အခြေအထားမျိုးဖြစ်တဲ့အခါကျတော့ လူတွေက ဥပမာတွေကြည့်ပြီးတော့ မကြောက်ကြဘူး” လို့ ဒါရိုက်တာ နန်းဇင်နွယ်က ဆိုပါတယ်။

မိဘတွေကတော့ ဆေးရုံမှာရှိနေတဲ့ သမီးရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်မှုတွေအပြင်၊ သမီးရဲ့ ရင်နာစရာ အဖြစ်ဆိုးကို ကြားသိရတဲ့အတွက် သောကမီးတွေ လောင်ကျွမ်းနေလို့တောင် မပြီးသေးပါဘူး။ သေကြောင်းကြံစည်မှု ကြောင့် သမီးဖြစ်သူကို ရဲစခန်းက တရားစွဲထားတဲ့အတွက် တစ်ပူပေါ် အပူပေါင်းများစွာဆင့်နေရတဲ့ အဖြစ်ကို ဆိုက်ရောက်နေရပါတယ်။ အဲဒီအတွက် ထောင်မကျနိုင်ပေမယ့်အမှုအတွက် ပိုက်ဆံနည်းနည်းပါးပါး ပေးရင်ရတဲ့ အကြောင်း ရဲစခန်းက ပြောတယ်လို့ ကာယကံရှင်မိသားစုက ပြောပါတယ်။

“အဘတို့ သမီးက သူများစော်ကားတာလည်း ခံရသေးတယ်။ ပိုက်ဆံလည်း ကုန်ရမယ်ဆိုတော့ အစကတည်းက ငါတို့ သွားမတိုင်ရင်တောင် ကောင်းဦးမယ်လို့တောင် တွေးမိတယ်” လို့ ဖခင်ဖြစ်သူက စိတ်ပျက်စွာ ဆိုပါတယ်။

ဦးဖြားပြာတို့ဟာ သမီးကို ဆေးရုံတင်ဖို့ လက်ထဲမှာ ပိုက်ဆံမရှိတဲ့အတွက် ပွဲစားတဦးဆီကနေ ငွေချေးခဲ့ရတာပါ။ ဒါ့အပြင် ဆေးရုံက သမီးကို ကြည့်ရှုဖို့နဲ့ သမီးရဲ့ အမှုကိစ္စအတွက် လုပ်ဆောင်နေရတဲ့အတွက် သူတို့ရဲ့ သနပ်ဖက်စိုက်ခင်းတွေကို ပစ်ထားရပြီး စိုက်ခင်းပျက်စီးမှာလည်း တဖက်က ပူပန်နေရပြန်ပါတယ်။

ပအိုဝ်းလူမျိုးတွေဖြစ်တဲ့ ကာယကံရှင်အမျိုးသမီးငယ်ရဲ့ မိဘတွေဟာ ငွေကြေးချို့တဲ့သူတွေဖြစ်သလို ဗမာစကား မတတ်တဲ့အတွက်ကြောင့် အမှုရင်ဆိုင်တဲ့အခါ မတရားမှုတွေ ထပ်ပြီး ရင်ဆိုင်ရမှာလည်း မိသားစုဝင်တွေက စိုးရိမ်နေ ကြပါတယ်။

“သူတို့ တစ်ခုခုဆိုရင် ပိုက်ဆံနဲ့ ရှင်းတယ်။ ဒီနေရာမှာလဲ သူတို့ပိုက်ဆံနဲ့ ဖြေရှင်းမှာကို အဘတို့စိုးရိမ်တယ် ဥပမာ အနှစ်၂၀ ကျရမှာကို ၂ နှစ် ၃ နှစ်တည်းနဲ့ ပြန်ထွက်လာမှာကို စိုးရိမ်တယ် အဲလိုမျိုးဆိုရင် အဘတို့အတွက် တရားမမျှတဘူး” လို့ ဖခင်ဖြစ်သူက စိုးရိမ်တကြီးပြောပါတယ်။

အမှုစတင်စွဲဆိုချိန်ကလည်း ဦးဖြားပြာက ဗမာစကားမတတ်တဲ့အတွက် ရဲက မိခင်ဖြစ်သူကို စစ်ဆေးတဲ့အချိန်မှာ အမှုစစ်တဲ့ရဲဟာ အမျိုးသားဖြစ်နေတဲ့အတွက် သမီးရဲ့ ဖြစ်ရပ်တွေအကြောင်းကို ပြောမထွက်ခဲ့ပါဘူး။ ဒါကြောင့် ဗမာစကားနားလည်သူ မိတ်ဆွေတဦးကပဲ အမှုနဲ့ပတ်သက်ပြီး ဖခင်ဖြစ်သူကို ဝိုင်းဝန်းဘာသာပြန် ကူညီပြောပြ ခဲ့ရပါတယ်။

“အဘတို့က ဘာလျော်ကြေးမှလည်းမလိုချင်ဘူး သူနဲ့ ထိုက်တန်တဲ့ ပြစ်မူမျိုးကိုဘဲ ရစေချင်တာ”လို့ ခပ်တိုးတိုးလေး ပြောပါတယ်။

ပအိုဝ်းလူမျိုး အများစုနေထိုင်တဲ့ တောင်ပေါ်ဒေသတွေမှာ အမျိုးသမီးတွေဟာ အများအားဖြင့် သတင်း အချက်အလက်ရရှိမှု အခွင့်အလမ်း နည်းပါးကြသလို လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ပြောရဲဆိုရဲဆိုသူ တွေ နည်းပါးနေဆဲဖြစ်တယ်လို့ ပအိုဝ်းကျေးရွာတွေအတွင်း အမျိုးသမီးရေးလုပ်ဆောင်သူတွေက ဆိုပါတယ်။

“အမျိုးသမီးတွေကိုယ်တိုင်လည်း သူတို့ရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ဖို့လိုတယ်၊ ကိုယ်ကျူးလွန်ခံရတာတွေကို သူတို့ကိုယ်တိုင် ထုတ်ပြောရဲတဲ့ သတ္တိတွေ မွေးဖို့လည်း လိုတယ်” လို့ ပအိုဝ်းအမျိုးသမီးသမဂ္ဂရဲ့ ဒါရိုက်တာ နန်းဇင်နွယ်က ပြောပါတယ်။

သံသယရှိသူ ရွာလူကြီးကတော့ အမျိုးသမီးငယ်ကို မုဒိမ်းမှု မကျူးလွန်ခဲ့ကြောင်းနဲ့ လက်ပဲ ကိုင်ခဲ့ကြောင်း ရဲစခန်းမှာ ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။ ကျူးလွန်ခံရသူ အမျိုးသမီးငယ်ကတော့ သူမရဲ့ ဘဝကို ရစရာမရှိအောင် ဖျက်ဆီးခဲ့တဲ့သူကို ထောင်ထဲမှာ တစ်သက်လုံး နေစေချင်တယ်လို့ ပြောပါတယ်။

အမျိုးသမီးငယ်ရဲ့ ဖြစ်ရပ်ဟာ ကျေးရွာအတွင်း ဟိုးလေးတကျော်ဖြစ်နေပြီး အမျိုးသမီးငယ်ရဲ့ မိသားစုဝင်တွေကိုတွေ့ တိုင်း တီးတိုးမေးမြန်း ပြောကြတာတွေလည်း ရှိနေတဲ့အတွက် မိသားစုတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ လည်း ရှိနေပါတယ်။

“၆ ရက်နေ့ဆို ရဲစခန်းကနေ အိမ်မှာ သမီးတွက် အဝတ်အစားယူဖို့ ပြန်လာတော့ အိမ်နီးနားချင်းက တစ်အိမ်နဲ့ တစ်အိမ် အော်ပြီး လှမ်းမေးကြတယ်။ ဘာဖြစ်တာလဲတဲ့။ ကျော်လှက ဘယ်သူဘယ်ဝါကို စော်ကားလိုက်တာဆိုပြီး နာမည်တပ် လှမ်းမေး၊ လှမ်းပြောကြတယ်။ အမေလည်း အရမ်းစိတ်ထိခိုက်တော့ အိမ်နောက်ဖေးကို ပြေးသွားပြီး ထိုင်ငိုပစ်လိုက်တော့တယ်။ ငိုပြီးမှ မျက်နှာလေးဘာလေးသစ်ပြီး ပြန်ထွက်လာရတယ်။” လို့ မိခင်ဖြစ်သူက ပြောပြီး ပေါင်းထားတဲ့ ပအိုဝ်းခေါင်းပေါင်းအစိမ်းလေးကို ဖြုတ်ပြီး မျက်ရည်သုတ်လိုက်ပါတယ်။

ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကို ရင်ဆိုင်ရင်း လက်ထဲ ငွေကြေးဗလာ၊ ဘာသာစကား မတက်တခေါက်နဲ့ သမီးရဲ့ တရားမျှတမှုအတွက် ရသလောက်ကြိုးပမ်းနေတဲ့ ဦးဖြားပြာကတော့ သမီးကို ကြည့်ရင်း သမီးရဲ့ အနာဂတ်အတွက် ဆုတောင်းမှုတွေ သူ့ရဲ့ ရင်ထဲမှာ ပြည့်နှက်နေပါတယ်။

“အခု သမီးရှေ့ရေးအတွက် သမီးဘယ်ဘဲသွားသွား အန္တရာယ်ကင်းကင်းနဲ့ သွားနိုင်ပါစေ။ လူကြားသူကြားထဲမှာလည်း မျက်နှာမငယ်ရပါစေနဲ့။ နေထိုင်ရတာလဲ ကောင်းကောင်းမွန်မွန်နဲ့ အဆင်ပြေပါစေ သူများအထင်သေးခြင်းတွေလည်း မခံရပါစေနဲ့ပေါ့နော် အဘဖြစ်ချင်တာ”လို့ ခေါင်းငုံပြောနေရင်း ဦးဖြားပြာ ရဲ့ အသံက တဖြည်းဖြည်းတိုးသွားပါတယ်။

Author: Kyi Phyu

Related Articles