Home သတင်း ရွာလူကြီးရဲ့ နှစ်ချီကြာ မုဒိမ်းကျင့်ခြိမ်းခြောက်ခံရမှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေကြောင်းကြံစည်မှုဖြစ်ပွား

ရွာလူကြီးရဲ့ နှစ်ချီကြာ မုဒိမ်းကျင့်ခြိမ်းခြောက်ခံရမှုကြောင့် အမျိုးသမီးငယ်တစ်ဦး သေကြောင်းကြံစည်မှုဖြစ်ပွား

မိုးမိုး၊ ကြည်ဖြူ။ ။


ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်ရဲ့ ကျေးရွာတစ်ခုမှာ ကျေးရွာလူကြီးဖြစ်သူက နှစ်ချီကြာ မုဒိမ်းပြုကျင့် ခြိမ်းခြောက်မှုကြောင့် အမျိုးသမီးငယ်တစ်ဦးဟာ ပေါင်းသတ်ဆေးသောက်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုတစ်ခု ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တယ်။

အမျိုးသမီးငယ် ပေါင်းသတ်ဆေးသောက်လိုက်တာကို မိသားစုဝင်တွေ အချိန်မီ သိလိုက်တာကြောင့် ချက်ချင်းပဲ သူမကို တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံကို ပို့ဆောင်ခဲ့လို့ အသက်ရှင်ခွင့်ရခဲ့ပါတယ်။

ကျူးလွန်သူအဖြစ် သံသယရှိသူဟာ ဟိုပုံးမြို့နယ် ဝါးဆို့ရွာက ကျေးရွာလူကြီးဖြစ်ပါတယ်။ အသက် ၃၀ ကျော်အရွယ်ရှိပြီး အိမ်ထောင်သည်တစ်ဦးလည်းဖြစ်ပါတယ်။ အမှုစတင်ကျူးလွန်ချိန် လွန်ခဲ့တဲ့ ၂၀၁၇ မှာ သူဟာ ရွာလူကြီးရဲ့ သားတစ်ဦးဖြစ်ခဲ့ပြီး အခုချိန်မှာတော့ သူကိုယ်တိုင် ကျေးရွာလူကြီးအဖြစ် တာဝန်ယူထားသူဖြစ်ပါတယ်။

ထိုရွာလူကြီးဟာ လွန်ခဲ့ဲ့ ၃ နှစ် (၂၀၁၇ ခုနှစ်) အချိန်၊ အမျိုးသမီးငယ် ၁၄ နှစ် (၈ တန်းကျောင်းသူ) အရွယ်ကတည်းက မုဒိမ်းကျင့်ခဲ့တာဖြစ်ပြီး အခြားသူတွေကို ပြောပြရင် သတ်ပစ်မယ်လို့ခြိမ်းခြောက်ထားတာကြောင့် နောက်ဆုံးမှာ ပေါင်းသတ်ဆေးသောက်ပြီး ဘဝကို အဆုံးသတ်ဖို့ ကြံစည်ခဲ့တာလို့ ကာယကံရှင် အမျိုးသမီးငယ်က ပြောပါတယ်။

“သူက ညီမလေးကို ခြိမ်းခြောက်တယ်။ တခြားသူကိုပြောပြရင် သတ် မယ် လိုပြောတော့ ညီမလေးက ဘယ်သူကိုမှ မပြော ရဲတာ။ သူများကို ပြောပြရင် တာဝန်မယူဘူး။ မပြောပြရင် တာဝန် ယူမယ် လို့ပြောတယ်။ ဘယ်သူကိုမှ မပြောပြရင် ကျောင်းပြီးတဲ့အထိစောင့်ပြီး တာဝန်ယူမယ်လို့ပြောတယ်။ အခုကျတော့ သူက တာဝန်မယူနိုင်ဘူးတဲ့” လို့ HI သတင်းစာမျက်နှာကို ကာယကံရှင် အမျိုးသမီးငယ်က ပြောပါတယ်။

Photo: HI

မုဒိမ်းပြုကျင့်ခံရသူ အမျိုးသမီးငယ်ဟာ ခြိမ်းခြောက်ခံထားရတာကြောင့် စဖြစ်ဖြစ်ချင်း ဖွင့်မပြောရဲခဲ့တဲ့အပြင် နောက်ပိုင်း ရက်တွေမှာလည်း သူချိန်းဆိုတဲ့ နေရာကို သွားရောက်ခဲ့ရတယ်လို့ အမျိုးသမီးငယ်ဘက်က အမှုလိုက်ပါကူညီပေးနေတဲ့ ပအိုဝ်းအမျိုးသမီးသမဂ္ဂ၊ အမျိုးသမီးအခွင့်ရေး၊ ကာကွယ်ရေးနှင့်မြှင့်တင်ရေး တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“သူက ခြိမ်းခြောက်ခံရလို့ အသက်အရွယ်အရဆိုရင် ကလေးအရွယ်ပဲ ရှိသေးတာက တကြောင်း၊ မစဉ်းစားတတ်ဘူး။ ပြီးရင် ဘာဖြစ်မယ်ဆိုတာလည်းသူကိုယ်တိုင်လည်း မသိဘူး။ ဒါကြောင့် ဖြစ်ဖြစ်ချင်းမှာ အမှုဖွင့်မတိုင်တာလို့ ကျမထင်တယ်။”လို့ ပအိုဝ်းအမျိုးသမီးသမဂ္ဂမှ တာဝန်ရှိသူမှ ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တယ်လို့ သံသယရှိသူ ကျေးရွာလူကြီးဟာ ၃ ကြိမ်မြောက် မုဒိမ်းပြုကျင့်ပြီး နောက်ပိုင်းမှာ အမျိုးသမီးငယ်ကို ကိုယ်ဝန်မရစေဖို့ အတွက် သောက်ဆေးတချို့ ပေးခဲ့ပြီး သောက်ခိုင်းစေခဲ့ပါတယ်။

အဲဒီဆေးကို သောက်ခဲ့ရတဲ့ အမျိုးသမီးငယ်ဟာ ကြားကာလမှာ ကိုယ်ဝန်ဆောင်ရတာ မရှိပေမယ့် ပုံမှန် ရာသီစက်ဝန်း လည်ပတ်တာမျိုး မရှိတော့ဘဲ၊ ပုံမှန်မဟုတ်တဲ့ အနေအထားနဲ့သာ ရာသီစက်ဝန်းလည်ပတ်တယ်လို့လည်း သိရပါတယ်။

“နောက်ပိုင်းသူက ညီမလေးကို ချိန်းတယ်ပြီးရင် ညီမလေးကို စော်ကားတယ်။ အဲ့ဒီတုန်းက သူက ညီမလေးကို လက် ထပ်မယ်လို့ပြောတယ်” လို့ ကာယကံရှင် အမျိုးသမီးငယ်က ဆိုပါတယ်။

နောက်ပိုင်း ပတ်ဝန်းကျင်က တစတစ သိလာပြီး အရှက်ရ လာတာကြောင့် လက်ထပ်ယူဖို့ ပြောတဲ့အခါမှာ တာဝန်မယူနိုင် ကြောင်း ပြောလာတဲ့အတွက် ပေါင်းသတ်ဆေးသောက်ပြီး ‘အရှက်နဲ့ အသက်ကို လဲလိုက်တာပါ’ လို့ အမျိုး သမီးငယ်က ပြောပါတယ်။

သံသယရှိသူ ရွာလူကြီးဟာ ကာယကံရှင် မိန်းကလေးကို ချိန်းဆိုတဲ့ အခါမှာ လူသူကင်းမဲ့တဲ့ နေရာမျိုးကို အများဆုံး ချိန်းဆိုပြီး အကြိမ်ရေအားဖြင့် ၆၀ ကျော် ပြုကျင့်ခံရတယ်လို့လည်း အမှုကူညီပေးတဲ့ ပအိုဝ်းအမျိုးသမီးသမဂ္ဂက ဆိုပါတယ်။

မှုခင်းအခြေအနေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ထားမှု အခြေအနေကို သိလိုသဖြင့် HI သတင်းစာမျက်နှာမှ ဟိုပုံးရဲစခန်းကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် အမှုကို ကိုင်တွယ်တဲ့ ဂတ်စာရေး ရုံးမှာမရှိတဲ့အတွက် ဖြေကြားနိုင်ခြင်း မရှိကြောင်းသာ ရဲစခန်းမှ ပြန်လည် ဖြေဆိုခဲ့ပါတယ်။

ထိုကျေးရွာလူကြီးကို ဟိုပုံးရဲစခန်းမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ထားပြီး၊ သက်ဆိုင်ရာ နယ်မြေရဲစခန်းက ယခုလ ၆ ရက်နေ့မှာပဲ ဖမ်းဆီး ခေါ်ဆောင်ထားပြီး ဖြစ်သလို အမျိုးသမီးငယ်ဆေးရုံဆင်းတာနဲ့ အမှုရင်ဆိုင်သွားမယ်လို့ ကာယကံရှင် မိသားစုက ဆိုပါတယ်။

Related Articles