Home သတင်း သရုပ်ဆောင် မင်းရာဇာအမှုက အိမ်အကူ မိန်းကလေး ပုံမှန် ရုံးချိန်းတက်ဖို့ ငွေကြေးခက်ခဲနေ

သရုပ်ဆောင် မင်းရာဇာအမှုက အိမ်အကူ မိန်းကလေး ပုံမှန် ရုံးချိန်းတက်ဖို့ ငွေကြေးခက်ခဲနေ

မိုးမိုး

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနှင့်ပတ်သက်ပြီး သရုပ်ဆောင်မင်းရာဇာအား တရားစွဲဆိုထားသည့် တရားလို အိမ်အကူမိန်းကလေးမိသားစုသည် အမှုရုံးချိန်း ပုံမှန်တက်ရန် ငွေကြေးခက်ခဲနေကြောင်း သိရသည်။

“တရားလိုက ရွာမှာ ထားခဲ့ရတာ ကလေးတွေလည်းရှိတယ်။ လမ်းစရိတ်ကလည်း မိသားစုနဲ့ သွားနေရတော့ တခေါက် သွားရင် ၅ သောင်းလောက်ကုန်တော့ သူတို့ မတတ်နိုင်လို့ပါ။ ဒါပေမယ့် ရှေ့တပတ်လောက်တော့ လာပါမယ်” ဟု ၎င်းတို့၏ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က ပြောသည်။

လက်ရှိ အမှုအခြေအနေမှာ တရားလို ဖြစ်သူ ဒေါ်သင်းသင်းခိုင်ကို နှစ်ဖက် ရှေ့နေများက အပြန်အလှန်စစ်ဆေးသည့် ခြေနေသာ ရှိသေးကြောင်း နစ်နာသူ အမျိုးသမီးငယ်လေးဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့ နေ ဦးရောဘတ်စန်းအောင် ကပြောသည်။

ယင်းအမှုနှင့် ပတ်သက်၍ ဒေါ်သင်းသင်းခိုင်မှာ ရုံးချိန်း လေးကြိမ်သွားရောက်ခဲ့ပြီး ကြားထဲတွင် ငွေရေးကြေးရေး အခက်အခဲကြောင့် ပျက်ကွက်ခဲ့သည့် အကြိမ်ရေများလည်း ရှိကြောင်းနှင့် လာမည့် ရုံးချိန်းမှာ သြဂုတ် ၁၂ ရက်နေ့ကို ပြန်လည် ချိန်းဆိုထားသဖြင့် သွားရောက် ရင်ဆိုင်မည်ဖြစ်ကြောင်း မိခင် ဖြစ်သူက ပြောပြသည်။

“ရုံးချိန်းတက်နေရတော့ ရန်ကုန်မှာနေရတာလေ။ ဘာအလုပ်မှလည်း မလုပ်တတ်တော့ အခက်အခဲတွေ ရှိတာပေါ့။ နောက်ပိုင်းကျန်ခဲ့တဲ့ ကလေးတွေကလည်း ဒီအတိုင်းပြစ်ထားခဲ့ရတော့ နေမကောင်းတွေ ဖြစ်နေကြတာ” ဟု မိခင်ဖြစ် သူက ပြောသည်။

ခင်ပွန်းသည်၏ ကျဘမ်းအလုပ်ဖြင့်သာ မိသားစုစားဝတ်နေရေး ရပ်တည်နေရသော ဒေါ်သင်းသင်းခိုင်တို့ မိသားစုအနေဖြင့် အမှုရင်ဆိုင်ရသည့် ကာလများမှာ နေထိုင်ရန်အတွက် ရှေ့နေ ဦးရောဘတ်စန်းအောင် နှင့် အမျိုးသမီး အဖွဲ့အစည်းများ၏ ကူညီမှုဖြင့် ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တည်းခို၍ အမှုရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

စွပ်စွဲခံရသူ သရုပ်ဆောင်မင်းရာဇာမှ ယခုကဲ့သို့ တရားလိုဘက်မှ ရုံးချိန်းများပျက်ကွက်ခြင်းသည် ၎င်းတို့အား ထောင်တွင်း ကြာရှည်နေရအာင် လုပ်လို့ရသည့်အကွက်များအားလုံးကို လုပ်ဆောင်နေခြင်းဖြစ်သလို မီဒီယာတွေမှလည်း ၎င်းမှ စကားအမှားများဖြစ်အောင် အများကြီးပြောဆိုခဲ့ကြောင်း ဇူလိုင် ၂၉ ရက် ရုံးချိန်းအပြန်တွင် မီဒီယာများကို ပြောခဲ့သည်။

အဆိုပါ အိမ်အကူ မိန်းကလေးမှာ မင်းရာဇာ၏ နှစ်နှင့်ချီကြာ လိင်အကြမ်းဖက်ခံခဲ့ရသည့် အပြင် ခန္ဓာကိုယ်အောက်ပိုင်းကို ဓားဖြင့်မွှန်းခြင်း၊ အက်စစ်ဖြင့် ပက်ခြင်း ဒဏ်ရာများ၊ တူဖြင့် ထုသည့် ဦးခေါင်းဒဏ်ရာများ ရရှိခြင်းများရရှိခဲ့သဖြင့် မိခင်ဖြစ်သူ ဒေါ်သင်းသင်းခိုင်( တရားလို) ပြုလုပ်ပြီး အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

“ကိုယ်တွေဘက်က လုပ်ကြံပြီး ပြောတာ ဘာမှ မရှိဘူးလေ။ တကယ် ခံခဲ့ရလို့ တကယ်တိုင်ခဲ့တာပဲ ရှိတာလေ။ ရှေ့နေ တွေကလည်း အကုန်လိုက်လုပ်ပေးပါတယ်။ တကယ်ခံခဲ့ရတာ ဖြစ်တဲ့ အတွက် ထိထိရောက်ရောက် အရေးယူပေးစေ ချင်တယ်” ဟု မိခင်ဖြစ်သူ ဒေါ်သင်းသင်းခိုင် ကပြောသည်။

ထိုသို့ ဒဏ်ရာများစွာ ရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အခက်အခဲများစွာကြားထဲမှ ဆေးကုသမှု တစ်လကျော်ခံယူခဲ့ရပြီး ယခုအခါမှာ တရားရင်ဆိုင်ရင်း အနာများကျက်ရန်အတွက် ဆေးများ ဆက်လက်သောက်နေရဆဲဖြစ်သလို အိမ်အကူမိန်းကလေး၏စိတ်မှာ ယနေ့ချိန်ထိ ပုံမှန်အတိုင်း မရှိသေးကြောင်း မိခင်ဖြစ်သူမှ ပြောသည်။

“စိတ်ကတော့ ကောင်းရင်လည်းကောင်းတယ်။ မကောင်းရင်လည်း မကောင်းဘူး။ စိတ်ကတော့ ပုံမှန်ပြန်မဖြစ်သေးဘူး။ ရှက်လည်း ရှက်မှာပေါ့။ အခု အခြေအနေက အဲ့ဒီလို ဖြစ်နေတယ်” ဟု ပြောသည်။

သူမ၏စိတ်ပိုင်းဆိုင်ရာ ထိုကဲ့သို့ ဖြစ်နေသည့်အတွက် စကားပြောဆိုရာပင် အော်ဟစ်၍ ပြောဆို၍ မရဘဲ၊ ချော့မော့၍သာ ပြောဆိုရကြောင်းနှင့် လက်ရှိမှာ ဆေးရုံမှ ပေးလိုက်သည့် သောက်ဆေးများကို ဆက်သောက်နေရသေးကြောင်း ကျူးလွန်ခံရသူ ကာယကံရှင် မိန်းကလေး၏ အခြေအနေကို မိခင်ဖြစ်သူက ပြောပြသည်။

“ရွာမှာ ဘယ်မှ မသွားရဲဘူး။ သူရှက်နေတာလည်း ပါတယ်။ တချို့ဆို ကောင်းတဲ့သူလည်း ရှိသလို မကောင်းတဲ့ သူလည်း ရှိတယ်လေ။ ရွာဆိုတော့လေ။ ကဲ့ရဲ့တဲ့သူလည်း ရှိသလို၊ ချီးမွမ်းတဲ့ သူလည်းရှိတာပေါ့” ဟု မိခင်ဖြစ်သူက ပြောသည်။

အိမ်အကူမိန်းကလေး၏ မိခင်မှ သမီးဖြစ်သူ၏ အကြမ်းဖက်ခံရမှုအတွက် မြောက်ဥက္ကလာပ တရားရုံး၌ မင်းရာဇာ၊ ဇနီးဖြစ်သူ မဖူးငုံပွင့်နှင့် မင်းရာဇာ၏ ယောက္ခမ ဖြစ်သူ(မဖူးငုံပွင့်၏ ဖခင်) ဦးမောင်မောင်အေးတို့ကို အိမ်အကူ မိန်းကလေးအား အက်စစ်ဖြင့် ပက်ခြင်း၊ တူဖြင့် ထုခြင်း၊ ဓားဖြင့် မွှန်းခြင်း စသည့်တို့အတွက် ရာဇသတ်ကြီး ပုဒ်မ ၃၂၄ (သာမန် နာကျင်စေမှု)၊ ၃၂၅ (အပြင်းအထန် နာကျင်စေမှု၊ ၃၅၄ (အမျိုးသမီး ကာအိန္ဒြေပျက်စီးစေမှု)၊ ၁၁၄ (အား ပေးကူညီမှု) တို့ဖြင့် အမှု ရင်ဆိုင်နေရလျက်ရှိသည်။

Author: Moe Moe

Related Articles