Home သတင်း လက်ရှိ အမျိုးသမီးဥပဒေကြမ်းသည် စစ်ပဋိပက္ခအတွင်းက အမျိုးသမီးများကို မကာကွယ်နိုင်ဟု WLB ဆို

လက်ရှိ အမျိုးသမီးဥပဒေကြမ်းသည် စစ်ပဋိပက္ခအတွင်းက အမျိုးသမီးများကို မကာကွယ်နိုင်ဟု WLB ဆို

မိုးမိုး

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေကြမ်း (PoVAW)သည် စစ်ပဋိပက္ခဖြစ်ပွားရာတွင် နေ ထိုင်သည့် အမျိုးသမီးများကို ကာကွယ်ပေးနိုင်သည့် အခြေနေတွင်မရှိ၍ ယင်းအချက်အား ပြန်လည်ထည့်သွင်း စဉ်းစားပေးရန် အမျိုးသမီးရေး လှုပ်ရှားသူများက တောင်းဆိုလိုက်သည်။

“ဥပဒေထဲမှာ အများကြီး လစ်ဟာနေတဲ့နေရာတွေ ရှိသလို၊ သိသိသာသာ ခွဲခြားထားတာမျိုးဖြစ်တယ်ပေါ့၊ မတူကွဲပြားတဲ့ လူနည်းစုတွေကို ခွဲခြားထားသလို စစ်ပဋိပက္ခမှာ ဖြစ်နေတဲ့ ွ အမျိုးသမီး အခြေနေတွေကို ထည့်သွင်း မစဉ်းစားတာကို သိသိသာသာမြင်ရတယ်” Women’s League of Burma (WLB) အဖွဲ့မှ အထွေထွေအတွင်းရေးမှူး နော်စဲစဲက ပြောသည်။

အမျိုးသမီးအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်း( PoVAW) အား ဆန်းစစ်သုံးသပ်သည့် အွန်လိုင်းစကားဝိုင်းတစ်ရပ်ကို ဇူလိုင် ၃၀ ရက်နေ့က WLB က ဦးစီးပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲတွင် လက်ရှိ PoVAW ဥပဒေမူကြမ်းအတွင်း လစ်ဟာနေသေးသည့် အမျိုးသမီးရေးဆိုင်ရာ ကာကွယ်ပေးမှုများကို နိုင်ငံတကာ ဥပဒေပညာရှင်တစ်ဦးဖြစ်သူ ဒေါ်ရည်မွန်ထွန်းအပါအဝင် WLB ခေါင်းဆောင်များနှင့် PoVAW မူကြမ်းရေးဆွဲရေးတွင် ဦးဆောင်ပါဝင်ခဲ့သူ Gender Equality Network ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူတို့မှ ဆွေးနွေးထောက်ပြခဲ့ကြခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ် မတိုင်ခင်က ဖြစ်ပွားခဲ့သည့် အမှုများ စုစည်း၍ WLB က ထုတ်ပြန်ခဲ့သည့် စစ်တမ်းများအရ စစ်ပဋိပက္ခကြောင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး လက်လှမ်းမီသည့် သတင်းချက်အလက်အရပင်လျှင် မုဒိမ်းအကျင့်ခံရသည့် တိုင်းရင်းသူအမျိုးသမီးပေါင်း ၁၀၀ ကျော်ထိရှိခဲ့ကြောင်း နော်စဲစဲမှ ထောက်ပြဆွေးနွေးသည်။

“စစ်ပဋိပက္ခဖြစ်တဲ့ဒေသမှာ အမျိုးသမီးတွေအပေါ် မုဒိမ်းပြုကျင့်မှုတွေကို စစ်လက်နက်တစ်ခုလို အသုံးမပြုဖို့၊ ဖြစ်နေတဲ့ ကျူးလွန်နေတဲ့ အမှုတွေကို တရားမျှတအောင် တာဝန်ယူမှု တာဝန်ခံမှုရှိအောင် အရေးယူဖို့တိုက်တွန်း လာခဲ့တာ ဒီနေ့ဒီအချိန်ထိ”ဟု နော်စဲစဲက ဆက်ပြောသည်။

ထိုသို့ တိုက်တွန်းခဲ့သော်လည်း လက်ရှိအခြေနေထိ စိုးရိမ်ဖွယ် ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ပဋိပက္ခဖြစ်ပွားသည့် မည့်သည့်ဒေသတွင် မဆို တူညီသည့် အကြမ်းမှုများ ရှိနေခြင်းသည် အနာဂတ်တွင် ကြောက်စရာကောင်းသည့် အကြမ်းဖက်မှုဖြစ်သည့်အပြင် ပြည်သူလူထုအတွက်လည်းမလုံခြုံသည့် ဘဝမျိုးပေးနေကြောင်း ၎င်းက ထောက်ပြသည်။

အစိုးရမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အမျိုးသမီးဥပဒေမူကြမ်းကို အတည်မပြုခင် လက်ရှိအမျိုးသမီးများ လုံခြုံမှုမရှိသည့် အခြေအနေများကို ဥပဒေတွင် အကာကွယ်ပေးရန် မည်သို့ ထည့်သွင်းသွားမည်ကို ရှင်းလင်းစွာ ပြည့်ပြည့်စုံစုံပါရှိရေးကို စဉ်းစားပေးရန် တိုင်းရင်းသူအမျိုးသမီးအဖွဲ့အစည်း ၁၂ ဖွဲ့ပါဝင်သော အမျိုးသမီးများအဖွဲ့ချု့် (မြန်မာနိုင်ငံ) (WLB) မှ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ယခုကဲ့သို့ အမျိုးသမီးများတွက် ဥပဒေသစ်တရပ် ပြဌာန်းရန် လိုအပ်ကြောင်းကိုပင် မူဝါဒရေးဆွဲသူများနှင့် ခက်ခဲစွာ နည်းမျိုးစုံဖြင့် စည်းရုံးရေးလုပ်ဆောင်ခဲ့ရသလို စတင်ရေးဆွဲခဲ့စဉ် ၂၀၁၃ ခုနှစ်ကတည်းကလည်း ဥပဒေသစ်ဖြစ်ခြင်းကြောင့် ဥပဒေရေးဆွဲသူများနှင့် ရှေ့နေချုပ်ရုံး အကြား အပြန်အလှန်ဆွေးနွေး ငြင်းခုန်မှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း ဥပဒေပေါ်ပေါက်ရေးတွင် တောက်လျှောက် ဦးဆောင်ပါဝင်ခဲ့သူ Gender Equality Network ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူမှ ဆိုသည်။

ထို့ပြင် ၂၀၁၄ ခုနှစ် ပထမအကြိမ် မူကြမ်းတင်သွင်းချိန်တွင် အခန်းပေါင်း (၁၉)ခန်း နှင့် ပုဒ်မ ၂၁၇ ခု ရှိခဲ့သော်လည်း အဆင့်ဆင့် စိစစ်မှုများကြောင့် ယခုနောက်ဆုံး မူကြမ်းတွင် အခန်း ၁၂ ခန်းနှင့် ပုဒ်မ ၇၂ သာ ပါတော့ကြောင်း သူမက ရှင်းပြသည်။

ယင်းဥပဒေသည် (PoVAW )သည် လွှတ်တော်သို့ ရောက်ရှိနေသော်လည်း အစည်းအဝေးတွင် ဆွေးနွေးသည့်အဆင့်ထိ မရောက်ရှိသေး၍ ဖြည့်စွက်ရန် ပြင်ဆင်ရန် လုပ်ဆောင်၍ ရကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ရှင်းပြသည်။

“အကြမ်းဖက်ခံရတဲ့ စစ်ပဋိပက္ခမှာရှိတဲ့ အမျိုးသမီးတွေအတွက် အထူးကာကွယ်ချက်လိုတယ်ဆိုရင် ဆက်ပြီး ဆွေးနွေးလို့ ရပါတယ်”ဟု တရားစီရင်ရေးနှင့် ကော်မတီအဖွဲ့ဝင်လည်းဖြစ်သူ ဒေါ်အေးမြမြမျိုးက ဆက်ပြောသည်။

ယခုခဲ့သို့ မြန်မာအမျိုးသမီးထုတရပ်လုံးအတွက် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုကို ကာကွယ်ပေးမည့် PoVAW ဥပဒေသည် နိုင်ငံတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသော အမျိုးသမီးများအပေါ် အမျိုးသမီးလူ့အခွင့်အရေး ချိုးဖောက်မှုများပပျောက်ရေး၊ အမျိုးသမီးလူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးအတွက် အစိုးရ၏ ကတိကဝတ်များ ထည့်သွင်းရမည့်အပြင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ကင်းလွတ်ခွင့်ရှိနေမှုများ စသည့် အကြောင်းအရာများပါ ခြုံငုံပါဝင်သင့်သည်ဆိုသော အကြံပြုထားသည့် “PoVAW အဆိုပြုဥပဒေအတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာ အဓိကကသည့် အကြောင်းအရာဆိုင်ရာ အကြံပြုချက်များ” ခေါင်းစဉ်ဖြင့် စာတမ်းတစ်ခုကိုလည်း WLB မှ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လအတွင်းတွင် ရေးသားထုတ်ပြန်ခဲ့သည်။

Author: Moe Moe

Related Articles