Home သတင်း လင်မယားချင်းစကားများရာမှ ယောက်ျားဖြစ်သူမှ မိန်းမအား ဝက်သားခုတ်ဓားဖြင့် ခုတ်သတ်

လင်မယားချင်းစကားများရာမှ ယောက်ျားဖြစ်သူမှ မိန်းမအား ဝက်သားခုတ်ဓားဖြင့် ခုတ်သတ်

မိုးမိုး

ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၊ ဇွဲကမာန်ကျေးရွာတွင် လင်မယားချင်း ရန်ဖြစ်စကားများရာမှ ယောက်ျားဖြစ်သူက ဇနီးဖြစ်သူကို ဝက်သားခုတ်သည့် ဓားဖြင့် လည်ပင်းကို ခုတ်လိုက်ရာမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။

“လင်မယား ၂ယောက် ဝက်သားရောင်းရင်းက သူက တပိဿကို ၅၀၀၀ နဲ့ ရောင်းတယ်။ သူ့မိန်းမက ၇၀၀၀ နဲ့ ရောင်း တယ်။ ဟိုကောင်က ရောင်းပြီးတော့ အရက်သောက်လိုက်တာပေါ့။ တစ်ယောက်တစ်ခွန်း စကားများတဲ့အချိန်မှာ အနီးနား မှာ ရှိတဲ့ ဓားနဲ့ ခုတ်လိုက်တာ။ နောက်တစ်ချက် ထပ်ခုတ်လိုက်တော့ အဲ့ဒီနေရာမှာပဲ ပွဲချင်းပြီး သေသွား တာ” ဟု ဟင်္သာတမြို့ တလုတ္ထော်နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ကျော်မင်းသူက ပြောသည်။

ယင်းအမှုမှာ ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်နေ့က ဖြစ်ပွားခဲ့ပြီး၊ မှုခင်းဖြစ်ပွားသည့် နေရာကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ ဝင်များ သွားရောက်မေးမြန်းရာတွင် သူ့မိန်းမကို ဓားနဲ့ခုတ်သတ်သည်ကို သူကိုယ်တိုင် အထိတ်တလန့် ဖြစ်နေပြီး နောက်ပိုင်းမှ အဖြစ်မှန်ကို ပြောပြကြောင်း နယ်ထိန်းခေါင်းဆောင်က ပြောပြသည်။

ဝက်သားခုတ်သည့် ဓားဖြင့် ခုတ်လိုက်သူ ကိုဝေဖြိုးမှာ အသက်၃၅ နှစ်အရွယ်ရှိပြီး ယခင် အရက်မူးလာပါက မိန်းမဖြစ်သူ ကို ရိုက်နက်သည့် အလေ့အကျင့်ရှိကြောင်း ဒေသခံဖြစ်သူ ဦးဝင်းအောင်က ပြောပြသည်။

ဟင်္သာတမြို့အတွင်း အိမ်ထောင်ရေးဖောက်ပြန်မှုအပါအဝင် အခြားအိမ်တွင်းအကြမ်းဖက်မှုများ အဖြစ်များသော်လည်း ယခုကဲ့သို့ လူသတ်မှုထိဖြစ်ပွားမှုမှာ ရှားပါးကြောင်း ဒေသခံများမှ ဆိုသည်။

“အိမ်တွင်းအကြမ်းဖက်မှုတွေဖြစ်တယ်၊ မခံနိုင်ကြလို့ အမျိုးသမီးတွေက ထွက်ပြေးတယ်၊ ကွာကြတယ် အဲလိုမျိုးတွေရှိတယ်။ အခုလို အရက်မူးပြီး ကိုယ့်မိန်းမကိုယ် ပွဲချင်းပြီးသတ်တာကတော့ ဟင်္သာတမှာ ဒါ ပထမဆုံး ကြားဖူးတာ” ဟု ဒေသခံဖြစ်သူ ဦးဝင်းအောင်မှ ဆိုသည်။

၎င်းတို့ လင်မယားတွင် သား/သမီးမရှိသေးဘဲ၊ သေဆုံးသွားသူ ဇနီးသည်မှာ အသက် ၂၆ နှစ်ဖြစ်ပြီး၊ ယင်းအမှုအတွက် တရားလိုအဖြစ်တိုင်တန်းသူမှာ သေဆုံးသူ၏ တူမတော်သူ မချစ်ချစ်က တရားလိုပြု၍အမှုဖွင့်တိုင်တန်းခဲ့သည်။

တရားခံကို ရမန်ကြီး ၂ ပတ် (၂၈ ရက်) ပတ်ယူထားသဖြင့် အမှုမှာ တရားရုံးသို့ မရောက်ရှိသေးကြောင်း တလုတ္ထော် နယ်မြေရဲစခန်းမှ သိရသည်။

ဓားဖြင့် ခုတ်၍ သေဆုံးအောင်ပြုလုပ်သူ ကိုဝေဖြိုးကို (ပ)၃၄၇/ ၂၀၂၀ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် တလုတ္ထော် နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Related Articles