Home သတင်း COVID – 19 ကြောင့် အလုပ်လက်မဲ့ဖြစ်သွားရတဲ့ စက်မှုဇုံက အမျိုးသမီးတွေအတွက် လုံခြုံတဲ့ နေရာတခု စီစဉ်ပေးဖို့ လိုအပ်နေ

COVID – 19 ကြောင့် အလုပ်လက်မဲ့ဖြစ်သွားရတဲ့ စက်မှုဇုံက အမျိုးသမီးတွေအတွက် လုံခြုံတဲ့ နေရာတခု စီစဉ်ပေးဖို့ လိုအပ်နေ

ရွှေရည်။ ။

တရုတ်နိုင်ငံကနေ အစပြုခဲ့တဲ့ ကိုရိုနာဗိုင်းရပ်(စ်) COVID -19 ဟာ အခုဆိုရင် ကမ္ဘာနဲ့တဝှမ်းမှာ ကူးစက်ခံရမှု သိန်းဂဏန်းရှိလို့နေပါပြီ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေး ၊ စီးပွားရေး ၊ လူမှုရေး ထိခိုက်နစ်နာမှုတွေကို ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ခံစားနေကြရပါတယ်။

ဒီအထဲမှာ တရုတ်နိုင်ငံကနေ ကုန်ကြမ်းရယူပြီး လည်ပတ်နေတဲ့ ရန်ကုန်မြို့က ရွှေပြည်သာနဲ့ လှိုင်သာယာ စက်မှုဇုံ တွေလည်း အပါအဝင်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကစလို့ အခု မတ်လ ၁၂ ရက်နေ့အထိ ပိတ်သိမ်းမှု ၊ လျော့ချမှုတွေမှာ လုပ်သားအင်အား တစ်သောင်း ကျော်ရှိနေပြီလို့ သိရပါတယ်။

အလုပ်လက်မဲ့ ဖြစ်သွားရတဲ့ လုပ်သား တစ်သောင်းကျော်ထဲမှာ အမျိုးသမီးက ၉၀ ရာခိုင် နှုန်းပါဝင်တယ်လို့ ဆိုပါတယ်။

“ ပိတ်သိမ်းမှုတွေမှာ လျော့ချမှုတွေမှာ အကုန်လုံးကို ပေါင်းလိုက်မယ်ဆိုရင် ၁ သောင်းနား ဝန်းကျင်ကပ်သွားပီ။ အဲဒီ ၉၀ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်တယ်။ ၉၀ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်တဲ့အခါကျတော့ အခက်အခဲတွေကတော့ တော်တော်လေး ရင်ဆိုင်နေရပါ တယ်” လို့ မခခ ကပြောပါတယ်။

မခခကတော့ အလုပ်သမား အချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့ LHEO အငြင်းပွားမှုဖြေရှင်းရေး တာဝန်ခံ ဖြစ်ပါတယ်။

အလုပ်လက်မဲ့ ဖြစ်သွားရတဲ့ အမျိုးသမီးအများစုက အနယ်နယ်အရပ်ရပ်က ရွေ့ပြောင်းလာ ရောက် လုပ်ကိုင်နေကြသူတွေဖြစ်ကြပါတယ်။ ဒီအထဲမှာ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ ချင်းပြည်နယ် ၊ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းက အများဆုံး လာရောက် လုပ်ကိုင်တာ ဖြစ်တယ်လို့ဆိုပါတယ်။

အမျိုးသမီးတချို့ကတော့ အလုပ်သစ်ပြန်လည်ရှာဖွေသူတွေ ရှိသလို အဆောင်ခမပေးနိုင်တော့ လို့ မိမိတို့နေရပ်ကို ပြန်သွားရသူတွေလည်းရှိကြပါတယ်။ ဒီအထဲကမှ အဆောင်ခ မပေးနိုင် တော့လို့ နယ်က အိမ်ကို ပြန်သွားရတဲ့ အထည်ချုပ် အလုပ်သမ တစ်ယောက်က သူ့အခက်ခဲကို ခုလိုပြောပါတယ်။

“ ကျမ ဒီအထည်ချုပ် လုပ်ငန်းမှာ လုပ်လာတာ (၉)နှစ်ကျော်ပြီ။ အရင်တုန်းက တရက်ဝင်ငွေက OT ဆင်းမယ်ဆိုရင် OT က မနက် (၈) နာရီကနေ ညနေ (၆) နာရီခွဲအထိဆိုရင် (၁)လလုံး လစာက (၂)သိန်း(၇)သောင်းလောက်တော့ ရတယ်။ အခုဆိုရင် ဘာဝင်ငွေမှ မရှိတော့ဘူး။ ဘယ်မှလည်း အလုပ်လျှောက်လို့မရတော့လို့ အိမ်ပြန်နေရတယ်။ အဆောင်ခ မပေးနိုင်လို့ အခုတော့ နယ်ပြန်နေရတယ်။ ကျမတို့ ဆန္ဒကတော့ ကိုယ့်စက်ရုံလေးမှာ အလုပ်ပြန်လို ချင်တယ်။ ပုံမှန်လစာလေး ပြန်လိုချင်ပါတယ်”

ဒါကြောင့် လတ်တလော အလုပ်လက်မဲ့ ဖြစ်သွားရတဲ့ အမျိုးသမီးအများစုအတွက် လုံခြုံတဲ့ နေရာတခုကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စီစဉ်ပေးဖို့ လိုအပ်တယ်လို့ မခခက ပြောပါ တယ်။

“ အမျိုးသမီးတွေအတွက် တောင်းဆိုရမယ်ဆိုရင်တော့ သေချာတယ် သူတို့အတွက် safe house လိုနေပီပေါ့နော်။ လုံခြုံတဲ့ အဝန်းအဝိုင်းတခုပေါ့နော်။ အဆောက်အအုံတခုက ကြိမ်းသေ ပေါက်လိုနေပြီ။ ဘာလို့လဲဆိုတော့ သူတို့ အဆောင်ခ ပေးစရာမရှိဘူးဆိုရင် သူတို့ဘယ်သွားနေ မလဲနော်။ သူများစီမှာလည်း ရေရှည်နေလို့မရဘူး။ သိပ်အန္တရာယ်များတယ်။ တချိန်တုန်းက ကျမတို့နိုင်ငံမှာ ကြုံခဲ့ရသလိုပဲ လူကုန်ကူးမှု အမြင့်ဆုံးဖြစ်လာနိုင်တယ်။ နောက်ပီးတော့ ဥပဒေ နဲ့မညီညွတ်တဲ့ informal sector (တရားမဝင်လမ်းကြောင်း) တွေကို ရောက်ရှိသွားမှာကို ကျမတို့အနေနဲ့ စိုးရိမ်တယ်။ ဒါကြောင့်အမျိုးသမီးတွေရဲ့ တောင်းဆိုချက်ကတော့ Safe House လိုတယ်။ လုံခြုံတဲ့ အဆောက် အဦးပေါ့နော်။ အဲဒါ တစ်ခု အစိုးရက စီမံပေးဖို့လိုနေတယ်”

ဒါ့အပြင် အလုပ်သမားလျော်ကြေးအက်ဥပဒေရှိတဲ့အတွက် အလုပ်ထုတ်ခံရတဲ့ အလုပ်သမား တွေအတွက် လျော်ကြေးငွေ အကျိုးခံစားခွင့်ရအောင် လုပ်ဆောင်ပေးနေတယ်လို့ မြန်မာနိုင်ငံ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ်မှ သိရပါတယ်။

“ လုပ်သား အင်အား လျော့တာပဲ ဖြစ်ဖြစ် အလုပ်ပိတ်တာပဲဖြစ်ဖြစ် ၊ စက်ရုံပိတ်တာပဲဖြစ်ဖြစ် ကျမတို့ နိုင်ငံမှာတော့ အလုပ်သမား လျော်ကြေးငွေဥပဒေဆိုတာ ရှိတယ်။ ဥပဒေ ဆိုတာ ရှိတဲ့အတွက်ကြောင့်မို့လို့ ကျမတို့ သမဂ္ဂခေါင်းဆောင်တွေဘက်ခြမ်းကတော့ လုပ်သားအင်အား လျော့ချခံထားရတဲ့သူတွေ ၊ အလုပ်ထုတ်ခံရတဲ့ သူတွေအပေါ် လျော်ကြေးငွေအတိုင်း ဥပဒေပါ အကျိုးခံစားခွင့်ရအောင်လို့ ကျမတို့ လုပ်ပေးနေတယ်ပေါ့။ အဲဒီတော့ သူတို့လုပ်သက် အလိုက်ကို နောက်ဆုံးထုတ်လစာ နဲ့ လုပ်သက်အပေါ်မှာ မူတည်ပီးတော့ လျော်ကြေးငွေ ရမှာ ဖြစ်တဲ့အတွက်ကြောင့် ကြားကာလမှာတော့ သူတို့မှာ လက်ထဲမှာ အလုပ်ထုတ်နစ်နာလျော် ကြေးငွေ ပိုက်ဆံအချို့တော့ရှိနေမယ်” လို့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် လက် ထောက်အထွေထွေအတွင်းရေးမှူး မဖြိုးစန္ဒာစိုးက ပြောပါတယ်။

အလုပ်သမားတွေအတွက် ကတော့ အလုပ်အကိုင်တည်မြဲဖို့က အဓိကကျပြီး အလုပ်ရှင်တွေ အနေနဲ့ COVID – 19 ကြောင့် အမှန်တကယ် ကုန်ကြမ်းပြတ်လပ်ပြီး စက်ရုံပိတ်သိမ်းတာ ဟုတ် မဟုတ်ကို တာဝန်ရှိသူတွေအနေနဲ့ စိစစ်ပေးဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

Author:

Related Articles