Home ဆောင်းပါး ကယားရိုးရာ တံခွန်တိုင် (ခေါ်) ကေ့ထျိုးဘိုးပွဲတော်မှာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံသလား
credit -Mu Reh Kayah Peh

ကယားရိုးရာ တံခွန်တိုင် (ခေါ်) ကေ့ထျိုးဘိုးပွဲတော်မှာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံသလား

တိုင်းရင်းသားများတွင် ရိုးရာဓလေ့ကိုယ်စီနှင့် အထွဋ်အမြတ်ထားရသည့် ပွဲတော်များ၊ ကိုးကွယ်ရာ ဘာသာ များရှိကြသည်။ ကယားလူမျိုးတို့တွင် ရိုးရာကို ကိုးကွယ်ကြသူများရှိကြသလို ခရစ်ယာန်ဘာသာ ကိုးကွယ် သူများလည်း ရှိကြသည်။

ကယားရိုးရာကို ကိုးကွယ်သည့် ကယားလူမျိုးများ အလေးထားရသည့် ပွဲတော်တခုမှာ တံခွန်တိုင် (ခေါ်) ကေ့ထျိုးဘိုးပွဲဖြစ်ပြီး ကယားတို့၏ “ကမ္ဘာဦးအစ ကိုးကွယ်ရာအရှင်” ဟု ယုံကြည်ကာ ကျင်းပလေ့ရှိကြ သည်။

ပွဲတော်ကို ပြည်နယ်၊ တိုက်နယ်နှင့် ကျေးရွာအလိုက် အဆင့်ဆင့်ပြုလုပ်ကြသည်။

“ကေ့”ဆိုသည်မှာ တိုင်းပြည်ဖြစ်ပြီး ထျိုးမှာ ဖြစ်မြောက်ခြင်း၊ ဘိုးမှာ တိုင်တော်ဖြစ်သည်။ ထို့ကြောင့် “တိုင်းပြည်ဖြစ်မြောက်ခြင်းတိုင်တော်”ဟု အဓိပ္ပါယ်ရပြီး စပါးဆန်ရေပေါကြွယ်ဝခြင်းအတွက် ဖန်ဆင်းရှင် ဘုရားကို ပူဇော်ပသသည့်ပွဲတော်ဖြစ်သည်ဟု ကယားတံခွန်တိုင်ဖြစ်မြောက်ရေး နာယက ဦး(ခူး)လိရယ်က ပြောသည်။

῝ကျွန်တော်တို့ကို ကမ္ဘာဦးအစ ဖန်ဆင်းရှင်က သစ်ပင်တွေကို ဖန်ဆင်းပေးခဲ့တယ်။ အင်၊ သပြေနဲ့ ကျွန်းပေါ့၊ ဒီသုံးမျိုးထဲက တမျိုးမျိုးကိုပဲ တိုင်တော်အဖြစ် သုံးပါတယ်῎

ကေ့ထျိုးဘိုးတွင် သုံးမျိုးသုံးစားရှိပြီး ၎င်းမှာ “အဖို” “အမ”နှင့် “အနှံ”တို့ဖြစ်သည်။ အဖိုမှာ တိုင်တော်ပေ(၂၀) မှ (၂၀)ကျော်အထိရှိပြီး အမမှာ (၂၅)ပေသာရှိကာ အနှံမှာ အသေးဆုံးဖြစ်သလို အနှံကိုတော့ သီးနှံများ စိုက်ပျိုးပြီးချိန်မှသာ စိုက်ထူကြသည်။

အဖို၊ အမစိုက်ထူသည့် အချိန်ကာလမှာ တနေရာနှင့် တနေရာမတူပဲ နှစ်အလိုက် ကြားညှပ်ပြီး စိုက်ထူလေ့ ရှိကာ နှစ်စဉ်နှစ်တိုင်း ပြည်နယ်လုံးဆိုင်ရာ တံခွန်တိုင်ပွဲတော်ကို ဧပြီလဆန်းပိုင်းလောက်တွင် ကျင်းပကြ သည်။ တိုက်နယ်နှင့်ကျေးရွာအဆင့်ကိုတော့ ဧပြီလ တလလုံးတွင် ကျင်းပခွင့် ရှိသည်။

ပွဲလုပ်မည့် နေ့ကောင်းနေ့မြတ်ရွေးချယ်ရာတွင် ကြက်ရိုးဗေဒင်တွက်ချက်ကာ တိုင်ထုတ်မည့်ရက် တိုင်ထူ မည့်ရက်နှင့် တိုင်အမျိုးအစားကို ရွေးချယ်ရသည်ဟု ဦး(ခူး)လိရယ်က ပြောသည်။

“အရင်ဆုံး အဘိုးတို့က ကြက်ရိုးထိုးဗေဒင်တွက်တယ်၊ နေ့ကောင်းနေ့မြတ်နဲ့ တိုင်အမျိုးအစားအတွက်ပေါ့။ တံခွန်တိုင်ရဲ့အကြီးအကဲအုပ်ချုပ်သူ (အီလူးဘျာစယ်)နဲ့ နောက်လိုက်တွေက တောထဲမှာ တံခွန်တိုင်ကို အရှာထွက်ရတယ်။ တွေ့ပြီဆိုတာနဲ့ ရွာထဲကို ပြန်လာအကြောင်းကြားရတယ်”

အမျိုးသားများက တံခွန်တိုင် ခုတ်နေပုံ(ဓာတ်ပုံ- Khu Phae Facebook စာမျက်နှာမှ)

အမျိုးသား(ယောက်ျား)များသာ တောထဲသို့ အပင်ခုတ်ရန် သွားခွင့်ရှိပြီး အမျိုးသမီး(မိန်းမ)များမှာ လိုက် သွားခြင်းမပြုရပဲ အိမ်မှာသာ ချက်ပြုတ်ကြကာ အမျိုးသားများအတွက် အပြန်လမ်းတွင် ထမင်းထုတ်ဝေခြင်း ကိုသာ ပြုလုပ်ရသည်ဟု ဆိုသည်။

ဦးစွာ အပင်မခုတ်မီ တောတောင်ရေမြေကို ပိုင်သောနတ်ဘုရားကို ဖယောင်းတိုင်မီးနှင့် ကန်တော့ပူဇော် ပသကြပြီး တံခွန်တိုင်၏ အကြီးအကဲသည် စတိသဘောဖြင့် ခုတ်လှဲပေးရကာ နောက်လိုက်များမှ အပြီး ခုတ်လဲှပေးရသည်။

လဲကျသွားသော အပင်ခြေရင်းတွင် ညီညာဖြောင့်ဖြူးမှသာလျှင် တံခွန်တိုင်အဖြစ် ရွေးချယ်သည်။ ခုတ်လှဲ ပြီးသောအပင်ကို နွယ်ကြိုး၊ ဝါးနှီးများနှင့်ချည်ပြီး မော်တော်ယာဉ်ဖြင့် သယ်ယူခြင်း မပြုလုပ်ပဲ ထမ်းပြန်ရ သည်ဟု ဦး(ခူး)လိရယ်က ဆိုသည်။

῝တံခွန်တိုင်တော်ကို သံကြိုးနဲ့ မချည်ရဘူး၊ ချည်ရင် သူ့ကိုချည်နှောင်ထားတယ်လို့ သဘောသက်ရောက် တယ်။ အကောင်းဆုံးကတော့ လျှော်ကြိုးတွေနဲ့ ချည်ပြီးထမ်းပြန်ရတယ်။ ခုခေတ်ကတော့ တောနက်သွားပြီ ဆိုတော့ လမ်းတဝက်ကို လူထမ်းပြီး နောက်တဝက်ကိုတော့ ကားနဲ့ ရွာအထိ သယ်လာကြပါပြီ ῎

ကယားအမျိုးသမီးများသည် ရွာအဝင်လမ်းခုလတ်တွင် သပြေခက်လေးများနှင့် စောင့်ကြိုနေကာ ရေဖြင့် ပက်ဖြန်းပေးကြသည်။ ထို့အပြင် တံခွန်တိုင်ထမ်းပြန်လာသော အမျိုးသားများကိုလည်း ရေဖြင့် ပက်ကြရ သည်ဟု ဦး(ခူး)လိရယ်က ပြောသည်။

῝အမျိုးသမီးတွေက မထိရ မကိုင်ရဘူး၊ ရေနဲ့ ပက်ဖြန်းပေးတာ တခုတည်းပဲလုပ်ရတယ်῎

တံခွန်တိုင်အထီး တိုင်ထောင်ရမည့်အချိန်တွင် ထိုတိုင်ပေါ်တွင် ချည်ရမည့် ချည်ထည်များကို အမျိုးသမီးများ ကသာ ရက်ကန်းယက်ပေးရသည်ဟု ဆိုသည်။ ဆွေမျိုး၊ ရပ်နီးရပ်ဝေး ဧည့်သည်တော်များကိုလည်း ဖိတ် ကြားကာ အမျိုးသမီးများ ချက်ထားသည့် ခေါင်ရည်နှင့် ထမင်းဟင်းများဖြင့် ဧည့်ခံကြသည်။

တံခွန်တိုင်ကို ရွာထဲရှိ တံခွန်တိုင်ကွင်းထဲတွင် အမျိုးသားများက ရိုးရာဓလေ့ဖြင့် ကြက်၊ ဝက်တို့ကို ပူဇော် ပသကြကာ  ဗုံမောင်းတို့ဖြင့် ဂါရဝ ပြုကြသည်။

တံခွန်တိုင်တည်ထားသော ကွင်းထဲသို့ အမျိုးသမီးများ ဝင်ခွင့်ရသော်လည်း ဖိနပ်ချွတ်ပြီး တံခွန်တိုင်ကို ရေနှင့်ပက်ဖြန်းရသည်။ တံခွန်တိုင်ကို ဂါရဝပြုသည့်အချိန်တွင် အမျိုးသားများက ကွင်းထဲတွင် ဂါရဝပြု ခွင့်ရပြီး အမျိုးသမီးများက အပြင်မှာသာ နေရသည်။ သို့သော် ထိုအတွက် စိတ်တွင် သိမ်ငယ်မှု မရှိကြောင်း ပြည်နယ်အဆင့် ကယားတံခွန်တိုင်အမျိုးသမီး(မော်မား)အဖွဲ့၏ ဥက္ကဌဖြစ်သူ ဒေါ်(မော်)ပလျားမြာက ပြော ပါသည်။

“အထဲကို ဝင်ခွင့်မရကောင်းလားဆိုပြီး ကျမတို့တွေက မပြောဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့အထွဋ် အမြတ်ထားရတဲ့ ဘုရားကို ရိုသေသမှုပြုတဲ့အနေနဲ့  အပြင်မှာပဲနေရတာ ကျေနပ်တယ်”

ထို့အပြင် ဂါရဝပြုပြီး ဗုံမောင်းတီးနေသည့်အချိန်တွင် အမျိုးသားများက ဘယ်ညာယိမ်းကနေချိန်တွင် အမျိုး သမီးများက အမျိုးသားများနှင့်တန်းတူ တပြိုင်ထဲ ဂါရဝပြုခွင့်မရှိဟုလည်း ဆိုသည်။ သို့သော် ယခုအချိန် တွင် အပြင်မှနေ၍ အမျိုးသမီးများလည်း တခြားအကများနှင့် ကပြီးဂါရဝပြုခွင့်ရှိလာပြီဟု သူမက ဆိုသည်။

“အခုနှစ်တွေမှာဆိုရင် အဒေါ်တို့က ကွင်းရဲ့အပြင်ဘက်မှာ ဝိုင်းကြပြီး ဗုံးမောင်းမဟုတ်ပဲနဲ့ ရိုးရာသီချင်းတွေ နဲ့ ကိုယ့်ဖာသာကိုယ် ဂါရဝပြုကြတယ်”

အမျိုးသားများက တံခွန်တိုင်တော်ကို ရွာထဲသို့ သယ်ဆောင်လာပုံ (ဓါတ်ပုံ – Khu Phae Facebook )

တံခွန်တိုင်ဆိုသည်မှာ ကယားတို့၏ ရိုးရာဆိုသော်လည်း အထွဋ်အမြတ်ထားရသည့် ဘုရားဖြစ်သည့် အတွက် ဂါရဝပြုသည့်အချိန်တွင် အမျိုးသမီးများက အပြင်တွင် နေရခြင်းဖြစ်သည်ဟု ဒေါ်(မော်)ပလျားမြာ က ဆိုသည်။

“ယောကျ်ားဆိုတာက ဘယ်လိုပဲဖြစ်ဖြစ် နဂိုကတည်းက ပိုမြတ်တယ်၊ အမျိုးသမီးတွေကတော့ အမျိုးသား တွေထက် နည်းနည်းတော့ ပိုနိမ့်ကျတာပေါ့၊ ဘုန်းနိမ့်တယ်လို့ ပြောရမှာပေါ့။ အဲဒီအထွဋ်အမြတ်ထားတဲ့ ဘုရားတည်တဲ့နေရာကို အမျိုးသားတွေကသာ အထဲမှာနေရတယ်။ အမျိုးသမီးတွေကျတော့ ရေပဲပက်ဖြန်း ပေးရတာပေါ့”

ရှေးယခင်ကပင် ကယားတို့သည် တောတောင်၊ ရေမြေကို ကိုးကွယ်ယုံကြည်ကြပြီး အလုပ်တခု စတင်ဖို့ရန် အတွက် ဦးစွာတောတောင်ရေမြေများကို ပူဇော်ပသကြသည့် ရိုးရာဓလေ့ကို ယုံကြည်သက်ဝင်ကြသလို အချို့ကန့်သတ်ချက်များမှာလည်း ရှေးယခင်က အမြင်ဗဟုသုတ နည်းပါးခြင်းကြောင့် ဖြစ်နိုင်သည်ဟု ကယားရိုးရာအစဉ်အလာများကို ထိန်းသိန်းရာတွင် လူသိများသည့်နေရာတခုဖြစ်သည့် ဖရူဆိုမြို့နယ်၊ ကေး လျားရွာမှ ကယားအမျိုးသမီးလူငယ်တဦးဖြစ်သူ မ(မော်)ရှားမာက ပြောသည်။

῝အလုပ်တခုခုလုပ်တော့မယ်ဆိုရင် တောတောင်ရေမြေကို အစာကျွေးတယ်၊ ကိုးကွယ်တယ်၊ ယုံကြည် ကိုးစားတယ်။ အမျိုးသမီးတွေ ရာသီလာတာကို အကြောင်းပြုပြီး ခွဲခြားဆက်ဆံတယ်၊ ဘုန်းနိမ့်တယ်၊ ကံနိမ့် တယ်လို့ ပြောကြတယ်῎

ရှေးလူကြီးများပြောခဲ့သော စကားများကို ခိုင်မာစွာ ယုံကြည်သက်ဝင်ကြပြီး  အမျိုးသမီးများသည် အိမ်မှုကိစ္စ များနှင့် ဧည့်ခံကျွေးမွေးသော အလုပ်ဟူသမျှ တာဝန်ယူရမည်ဆိုသည်ကို ယခုအချိန်ထိ အရိုးစွဲနေဆဲဖြစ် သည်ဟု မော်ရှားမာက ပြောပြသည်။

တံခွန်တိုင်ပွဲတော်သည် ရိုးရာအဖြစ် ဘိုးဘွားအစဉ်အဆက် ပြုလုပ်လာသည့် ပွဲတော်ဖြစ်သော်လည်း ရိုးရာ ဓလေ့ထက် ပိုပြီးအဆင့်မြင့်သည်ဟုဆိုကြသည်။

ထိုင်းမြန်မာနယ်စပ်၊ ကရင်နီဒုက္ခသည်စခန်းတွင် တံခွန်တိုင်ပွဲတော်ကို အမျိုးသမီးများမှ အမျိုးသားများ နှင့်အတူ ဂါရဝပြုခွင့်ရှိသော်လည်း ပြည်တွင်းမှာတော့ အချို့နေရာများမှာ အမျိုးသမီးများ ပါဝင်ခွင့်ရပြီး တချို့နေရာများတွင်တော့ ပါဝင်ခွင့်မရသေးပါဟု ကရင်နီအမျိုးသမီးအစည်းအရုံးမှ မမီးမီးက ပြောသည်။

တံခွန်တိုင်ထမ်းလာသည့် အမျိုးသားများကို အမျိုးသမီးများက သပြေပန်းနှင့် ကြိုဆိုနေပုံ (ဓာတ်ပုံ – Khu Phae Facebook)

“တံခွန်တိုင်ကြီးကို ထောင်လိုက်တယ်ဆိုတာက ကိုယ့်ဒေသရဲ့အလံပုံစံဖြစ်တယ်၊ ဒီပြည်ကြီးကို ပိုင်ဆိုင် တယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်တယ်။ နောက်ပြီး တံခွန်တိုင်မှာ ကုက္ကိုင်းဆိုတာရှိတယ်၊ အဲဒါက ကယားတို့ဟာ မြစ် ချောင်း၊ အင်းအိုင်၊ နယ်မြေ၊ သဘာဝ သယံဇာတတွေ ပိုင်တယ်ဆိုပြီး အဲဒီလို အဆင့်မြင့်တဲ့ ယူဆချက်၊ ယုံ ကြည်ချက်တွေ ရှိကြတယ်”

တံခွန်တိုင်ကို ဂါရဝပြုရခြင်းအကြောင်းရင်းမှာ ကျန်းမာချမ်းသာသောဆုလာဒ်ကို ရယူလိုသောကြောင့် ဖြစ် ပြီး အမျိုးသမီးများသည်လည်း  ကျန်းမာချမ်းသာသောဆုလာဒ်ကို အမျိုးသားများနည်းတူ ရယူလိုသောဆန္ဒ ရှိကြသည်။

ထိုသို့ ဂါရဝပြုခွင့်မရသဖြင့် အမျိုးသမီးများအနေဖြင့် စိတ်မကောင်းဖြစ်ကြသည်ဟု မမီးမီးက ဆိုပါသည်။

“အမျိုးသမီးတွေကို ပေးမဝင်ဘူးဆိုတာက ခွဲခြားမှုတခုပဲ ဖြစ်တယ်၊ ပေးမဝင်ခြင်းဟာ ယုံကြည်ကိုးကွယ်မှုကို ဟန့်တားတာနဲ့အတူတူပဲ။ ဘာလို့လဲဆိုတော့ လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိတယ်။ အမျိုး သမီးတွေမှာလည်း ယုံကြည်ချင်တယ်၊ ပူဇော်ပသချင်တယ်၊ ဂါရဝပြုချင်တယ်”

ယခုလိုအချိန်တွင် အမျိုးသမီးများကိုယ်တိုင်ကလည်း ဂါရဝပြုခွင့်ရလာအောင် ကြိုးစားလုပ်ဆောင် သင့်ပြီး  ရိုးရာအရ မဝင်သင့်ဆိုသည်ကို လက်ခံထားပါက အမျိုးသမီးများကို ခွဲခြားဆက်ဆံမှုတခုကို ခွင့်ပြုနေသည့် သဘောဖြစ်သွားပြီဟု သူမက ဆက်လက်ပြောဆိုသည်။

“အမျိုးသမီးဆိုတာက တံခွန်တိုင်ဝင်းထဲမှာ ကရိုးထုံးစံမရှိဘူး၊ ဘုန်းနိမ့်တယ်လို့တော့ မဟုတ်ဘူးပေါ့။ မသင့် တော်ဘူးလို့ပြောကြတယ်။ အမျိုးသားတွေကပဲ ဂါရဝပြုကြရမယ်ဆိုတာက ရိုးရာအစဉ်အလာဖြစ်နေပြီလေ” ဟု ကေးလျားရွာမှ ကယားအမျိုးသားလူငယ်တစ်ဦးဖြစ်သည့် “လိရယ်အန်းဂျလို”က ပြောသည်။

တံခွန်တိုင်စိုက်ထူပြီး အမျိုးသားများ ဆုတောင်းဂါရဝပြုပြီးချိန် နောက်ဆုံးမှ အမျိုးသမီးများက မိသားစု အိမ် သူအိမ်သားများအားလုံးအတွက် လိပ်ပြာခေါ်(ဆုတောင်းပေးခြင်း) ပြုလုပ်ပေးရသည်ဟု ချိကယ်ထေးသမ ရွာနေ ဒေါ်(မော်)ဆူမြာက ဆိုသည်။

“အမျိုးသားတွေ၊ အိမ်သားတွေ တံခွန်တိုင်ခုတ်သွားနေချိန် ကောင်းမွန်စွာ အိမ်ပြန်လာနိုင်ဖို့၊ တံခွန်တိုင်ထူပြီး ပူဇော်ပသခြင်းအမှုအတွက် ရပ်ဝေးရပ်နီးဆွေမျိုးမိသားစုများရဲ့ တယောက်ချင်းနာမည်ကို အမျိုးသမီးတွေက ခေါ်ပေးရတယ်။ ကျန်းကျန်းမာမာနဲ့ ဒီထက်ဆတပိုးတိုး ကောင်းချီးတွေရဖို့ ဆုတောင်းတဲ့သဘောဖြစ်တယ်”

ဘုရားစေတီပုထိုးပေါ် အမျိုးသမီးများ မတက်ရဆိုသော စည်းကမ်းအတိုင်းပင် ကယားတို့ တံခွန်တိုင်ကွင်းထဲ အမျိုးသမီးများ မဝင်ရ၊ အမျိုးသားများနှင့်အတူ ဂါရဝမပြုရဆိုသော ပညတ်ချက်သည်လည်း ကယားအမျိုး သမီးများကို နိမ့်ချလိုသောသဘော မဟုတ်ပါဟု ဒေါ်(မော်)ဆူမြာက သူမ၏ယုံကြည်မှုကို အခိုင်အမာ ဆက် ပြောသည်။

“ဒါဟာ ကျမတို့ ကယားဓလေ့ထုံးစံပဲဖြစ်တယ်”

ကောကော်

Author:

Related Articles