Home သတင်း နမ္မတူမြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးများ ထိခိုက်ဒဏ်ရာရ၊ သေဆုံး

နမ္မတူမြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးများ ထိခိုက်ဒဏ်ရာရ၊ သေဆုံး

Photo Credit: ခပ်ဆိုးဆိုးကလေးခလေးလေး

နန်းဆိုင်နွမ်။               ။

သျှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ မန်လီကျေးရွာအနီးတွင် ယနေ့နံနက် (၅)နာရီခွဲတွင် မြေမြုပ်မိုင်းပေါက် ကွဲမှုကြောင့် (၃)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ (၄)ဦးမှာ အမျိုးသမီးများဖြစ်ပြီး သေဆုံးသူများမှာ မိန်းကလေးငယ် (၁)ဦးနှင့် အမျိုးသား(၂)ဦးတို့ ဖြစ်သည်။

မိုင်းနင်းမိပြီး သေဆုံးသူ မိန်းကလေးငယ် လွေးအေးအောင်သည် အသက်(၁၄)နှစ်သာရှိပြီးသလို အခြားတဦးဖြစ် သည့် အိုက်လောဝ်သည်လည်း အသက်(၁၅)နှစ်သာရှိသေးကြောင်း ကျန်အမျိုးသားတဦးမှာ အသက်(၃၄)နှစ် ရှိ ပြီဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မနက်(၅)နာရီခွဲတွင် မီးရှို့ထားသည့် တောင်ယာကို သွားရောက်ရှင်းလင်းသည့်အချိန်တွင် အသက်(၁၅) နှစ်အရွယ် အိုက်လောဝ်မှ မပေါက်ကွဲသေးသည့်မိုင်းကို  တက်နင်းမိရာမှ ကျန်သူများ မိုင်းစထိမှန်ပြီး အိုက်လောဝ် အပါအဝင် (၃)ဦးသေဆုံးကာ အမျိုးသမီး(၄)ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“ သူတို့တွေ (၉)ဦးသွားကြတယ်။ တောင်ယာမရှင်းခင် တဲနားမှာ ထိုင်ပြီးစားသောက်နေချိန် အိုက်လောဝ်က ထပြီး တော့ မိုင်းကို နင်းမိတာ။ (၃)ဦးကတော့ သေဆုံးပြီး ကျန်(၄)ဦးဒဏ်ရာရပါတယ်။ တဦးကတော့ ဒဏ်ရာပြင်းထန်လို့ လားရှိုးဆေးရုံကို ပို့လိုက်ပါတယ်” ဟု မန်လီအုပ်ချုပ်ရေးမှူး ဦးသာဦးက ပြောသည်။

မိုင်းထိဒဏ်ရာ ပြင်းထန်သည့် လူနာအမျိုးသမီးသည် ရင်ဘတ်နှင့် ပေါင်တွင် မိုင်းစထိမှန်ထားပြီး လားရှိုးဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ကျန်ဒဏ်ရာရသူများမှာ သီပေါဆေးရုံတွင် ကုသနေကြောင်း ဦးသာဦးကဆိုသည်။

Photo Credit: ခပ်ဆိုးဆိုးကလေးခလေးလေး

“ ကျနော်က လတ်တလောမှာ တောထဲတောင်ယာ သွားမလုပ်ဖို့ မှာထားတယ်။ ဒါပေမယ့် စစ်ဘေးတွေ ရှောင်နေ ရတော့ တောင်ယာတွေ မလုပ်ရင်လည်း နောက်နှစ်မှာ စားစရာမရှိတော့ သွားကြတာပဲ။ ဝမ်းစာအတွက် လုပ်ရတာ ပဲ” ဟု ဦးသာဦးက ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ(ရှမ်းပြည်တပ်မတော်)တို့ ၂၀၁၈ အောက်တိုဘာလမှ စတင်ကာ ယနေ့တိုင် တိုက်ပွဲများ တင်းမာနေ ဆဲဖြစ်သလို  ထိုဒေသများတွင် အမျိုးသမီးနှင့် ကလေးငယ်များလည်း မြေမြုပ်မိုင်းကြောင့် မကြာခဏ ထိခိုက် ဒါဏ် ရာ ရရှိမှုများ ရှိနေသည်။

တိုက်ပွဲများဆက်တိုက်ဖြစ်ပွားမှုကြောင့် မြေမြုပ်မိုင်းနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များ မကောက်ယူနိုင် သေးပေ။

“ တောထဲမသွားပါနဲ့လို့ အတန်တန်တားနေတာတောင် စားစရာမရှိတော့ သွားကြမှာပဲ။ သွားရင်နင်းမိမှာပဲဆိုတာ သိရက်နဲ့သွားတယ်။ မိုင်းကြောင့် အသက်ငယ်ငယ်နဲ့သေကြတယ်။ အမျိုးသမီးတွေလည်း ဒဏ်ရာတွေရတယ်။ ကျမတို့ဆီမှာ နေ့တိုင်းစိတ်ညစ်စရာတွေပါပဲ။ အားတက်စရာ ဘာမှမရှိဘူး” ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO) မှ အကြံပေးဖြစ်သူ လွေးချယ်ရီကပြောသည်။

လက်ရှိ မတ်လ(၃၀)ရက်နေ့ မနက်ပိုင်း မိုင်းနင်းမိသည့် မန်လီကျေးရွာသည် လွန်ခဲ့သည့် ရက်ပိုင်းက တိုက်ပွဲဖြစ် ပွားခဲ့သည့်နေရာဖြစ်သဖြင့် တိုက်ပွဲဖြစ်သည့်အချိန် မကြာသေးသဖြင့် တောထဲတောင်ယာထဲ မသွားသင့်သေး ကြောင်း လွေးချယ်ရီက ပြောဆိုလိုက်သည်။

“ စစ်ဘေးကလည်း မကြာခဏရှောင်ရတော့ တောင်ယာလည်း ကောင်းကောင်းမလုပ်နိုင်။ လုပ်ရင်လည်း မြေမြုပ် မိုင်းတွေက ရှိတော့ အာဏာပိုင်တွေနဲ့ မိုင်းရှင်းလင်းရေးအဖွဲ့တွေ မိုင်းတွေရှင်းပေးဖို့ပြောချင်ပါတယ်” ဟု ဦးသာဦး က တိုက်တွန်းလိုက်သည်။

Related Articles