Home ဆောင်းပါး နယ်ဝေးကျောင်းဆရာမတွေဘဝ လုံခြုံမှုရှိရဲ့လား…

နယ်ဝေးကျောင်းဆရာမတွေဘဝ လုံခြုံမှုရှိရဲ့လား…

 

Pathein Thu (Facebook)

နန်းဆိုင်နွမ်။             ။

အချိန်က ညသန်းခေါင်ကျော် မနက်(၂)နာရီအချိန်..၊ အမျိုးသားတဦးက မလုံခြုံသော အိမ်တံခါးကို တွန်းဖွင့်ပြီး ဒေါ်ဟေမာန်အောင်၏ ခြင်ထောင်ထဲသို့ ဝင်လာကာ မုဒိမ်းကျင့်ရန် ကြိုးစားခဲ့သည်။

ဒေါ်ဟေမာန်အောင်သည် အသက်(၃၀)နှစ် ဝန်းကျင်ရှိပြီး ဧရာဝတီတိုင်း၊ ငွေဆောင်မြို့နယ်၊ ရွာသစ်ရွာတွင် တာဝန် ထမ်းဆောင်နေသော ကျောင်းဆရာမတယောက်ဖြစ်ကာ ၂၀၁၈ ခုနှစ်၊ ဇွန်လက  သူမကြုံတွေ့ခဲ့ရသည့် အဖြစ်အ ပျက်တခုကို ပြန်လည်ပြောပြနေသည်။

ဖြစ်စဉ်က ညသန်းခေါင်အချိန် ဆရာမ(၂)ဦးအိပ်ပျော်နေစဉ်တွင် အမျိုးသားတဦးက အိမ်ထဲသို့ခိုးဝင်လာခဲ့ပြီး  ဆရာမများ အိပ်နေသည့်အခန်းထဲသို့ ဝင်လာကာ ဆရာမတဦးကို မုဒိမ်းကျင့်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။

“ ကျမတို့အိမ်ခန်းအထဲအထိ ဝင်လာတယ်။  သူအိပ်ခန်းတံခါးကို တွန်းဖွင့်တော့ တံခါးက ကျမခြေထောက်ကို လာထိတယ်။ အစက အတူတူအိပ်တဲ့ဆရာမက အိမ်သာထသွားတာလို့ပဲ ထင်ခဲ့တယ်။ နောက် ကျမဘေးနား ရောက်လာပြီး ကျမခန္ဓာကိုယ်အင်္ဂါတွေကို လာကိုင်တယ်” ဟု သူမတွေ့ကြုံခဲ့သည့်အဖြစ်အပျက်ကို ပြန်ပြောပြ သည်။

ထိုအချိန်တွင် ဒေါ်ဟေမာန်အောင်တယောက် ထိတ်လန့်သွားပြီး မုဒိမ်းကျင့်ရန် ကြိုးစားနေသူ၏ လက်ကို ဆွဲကိုင် မိခဲ့သေးသည်။

“ ကျမလန့်ပြီး သူ့လက်ကို ဆုတ်ကိုင်လိုက်တယ်။ လက်က တော်တော်ကြမ်းပြီး ယောကျ်ားလက်ဆိုတာ သိသာတယ်” ဟု သူမက ဆိုသည်။

အစပိုင်းတွင် ဒေါ်ဟေမာန်အောင်တယောက် ထိုအမျိုးသားကို ဓာတ်မီးဖြင့်ထိုးကြည့်ပြီး ရိုက်ပစ်ရန် ကြိုးစားခဲ့သော် လည်း မိမိကို ရန်ရှာမည်ကို စိုးရိမ်စိတ်ဖြင့် ဘေးခြင်ထောင်တွင် အိပ်နေသည့် တခြားဆရာမတယောက်ကိုသာ ခြေ ထောက်ဖြင့် လှုပ်နှိုးလိုက်သည်။

“ ကျမက ဘေးက ဆရာမကို နှိုးလိုက်ချိန်မှာ အဲဒီအမျိုးသားက တံခါးကို ဆောင့်တွန်းဖွင့်ပြီး ပြန်ထွက်ပြေးသွား တယ်။ တံခါးပတ္တာ တောင်ပြုတ်သွားတယ်။ အဲဒီအချိန်မှ ကျမက အော်လိုက်တာ”

ထိုသို့ ဟစ်အော်အကူအညီတောင်းခဲ့သော်လည်း ကျေးရွာမှ မည်သူတဦးတယောက်ကမျှ ထိုလူကို ဝိုင်းဝန်းရှာဖွေ ဖမ်းဆီးပေးခြင်း မရှိခဲ့ပေ။

“ ရွာသားတွေက ဒီလူကို လိုက်လံဖမ်းဆီးတာ၊ ရှာဖွေပေးတာတွေ မရှိဘူး။ ဘာဖြစ်တာလဲပဲမေးတယ်” ဟု ဒေါ်ဟေ မာန်အောင်က ဆိုသည်။

ထိုညက ဆရာမနှစ်ဦးမှာ ကြောက်စိတ်ဖြင့် ပြန်မအိပ်နိုင်တော့ပေ။

ထိုညက ဖြစ်ပျက်ခဲ့သည့်ကိစ္စကို မိဘများသိရန် ပြောကြားလိုသော်လည်း ကျေးရွာနှင့် ကျောင်းသိက္ခာကျမည်ကို စိုးရိမ်ကြပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ရွာသူရွာသားများက ဟန့်တားခဲ့သည်။

“ ကျမတို့အိမ်ကိုတိုင်ရင် သူတို့ကျောင်းသိက္ခာနဲ့ ရွာသိက္ခာကျမယ်။ နောက်စစ်ဆေးရေးတွေဝင်မယ်။ နာမည် ပျက်ရင် နောက်ဆရာမတွေ ထပ်မလာပဲနေမယ်ဆိုပြီး မတိုင်ပါနဲ့လို့ ပြောပါတယ်” ဟု သူမက ဝမ်းနည်းစွာဖြင့်  ဆက်ပြောပြသည်။

ကျေးရွာမှ ဒေသခံများက အိမ်အတွင်းသို့ ခိုးဝင်ပြီး မုဒိမ်းကျင့်ရန်ကြိုးစားသူကို ရအောင်ရှာဖွေကာ အပြစ်ပေးမည် ဟု ပြောဆိုခဲ့ကြသော်လည်း လက်ရှိအချိန်ထိ တရားခံမပေါ်သေးကြောင်း ဒေါ်ဟေမာန်အောင်က ဆိုသည်။

“ သူတို့က လုံခြုံရေးအတွက် ညဆိုတခြားအိမ်မှာသွားအိပ်၊ နေ့ဆို အဲဒီမှာပြန်နေလို့ပြောတယ်။ ကျမဘဝမှ တ ကြိမ်တခါမှ မကြုံဖူးတဲ့အတွက် ရှက်လည်းရှက်၊ ကြောက်လည်းကြောက်၊ အဲဒီနေရာမှာ တရက်ဆို တရက်မှ ဆက် မနေရဲတော့ဘူး” ဟု အဖြစ်အပျက်ကို ပြန်သတိရကာ ငိုပြီးပြောသည်။

လက်ရှိမှာတော့ ကျောင်းဆရာမ(၂)ဦးသည် ရွာမတွင် ဆက်လက်မနေရဲသဖြင့် ဆင်စခန်းတွင် ယာယီပြောင်းရွှေ့ နေခဲ့ကြသည်။

“ ကျောင်းရဲ့ဂုဏ်သိက္ခာ၊ ရွာရဲ့ဂုဏ်သိက္ခာတွေက အရေးကြီးတယ်။ ကျမတို့ရဲ့ ဂုဏ်သိက္ခာကို ဘယ်သူမှ မငဲ့ကြဘူး။ ဒီလိုလုပ်ရပ်က ဆရာမတွေကို စော်ကားတဲ့သဘောပါပဲ” ဟု ဒေါ်ဟေမာန်အောင်က မျက်ရည်ကျပြီး ဆက်ပြော သည်။

ယခုဖြစ်ရပ်သည် နယ်ဝေးဒေသများတွင် တာဝန်ကျသော ကျောင်းဆရာမများအတွက် လုံခြုံသည့် ဝန်ထမ်းအိမ် ယာများ မစီစဉ်ပေးခြင်းကြောင့် ဖြစ်သည်ဟု ဆရာမ(၂)ဦးက ပြောဆိုလိုက်သည်။

အခြေခံပညာရေးလုပ်သားကျောင်းဆရာမများသည် ဝေးလံခေါင်ဖျားဒေသများသို့ သွားရောက် တာဝန်ထမ်းဆောင် ရသည့်အခါ လုံခြုံသည့်အိမ်ယာများ စီစဉ်ဆောင်ရွက်ပေးရန် အလွန်အရေးကြီးသည်ဟု ဆရာမများက  ပြောဆိုကြ သည်။

Pathein Thu (Facebook)

“ ကျမတို့ နယ်တွေမှာ တာဝန်ထမ်းဆောင်ရရင် ယာယီတဲအိမ်တွေ၊ သော့ခတ်လို့မရတဲ့အိမ်တွေ၊ လူတယောက် အားနဲ့ တွန်းဖွင့်ရင်တောင်ရတဲ့ တဲအိမ်တွေမှာ နေရတော့ မဖြစ်သင့်တဲ့ ပြဿနာတွေ ဖြစ်လာရင် ဆရာမတွေပဲ နစ်နာတယ်” ဟု အထက ဆင်မ၊ ပုသိမ်မြို့မှ ကျောင်းဆရာမတဦးဖြစ်သူ ဒေါ်ဇာဇာအောင်က ပြောသည်။

နယ်ဝေးတွင် တာဝန်ထမ်းဆောင်ရသည့် ကျောင်းဆရာမများသည် များသောအားဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး အိမ် များ၊ ရွာသူကြီးအိမ်များတွင် နေထိုင်ရပြီး၊ တချို့မှာ မလုံခြုံသည့်သီးသန့်အိမ်များတွင် နေထိုင်ကြရသည်။

မြန်မာနိုင်ငံတွင် ပညာရေးဝန်ထမ်း (၄)သိန်းကျော်ရှိသည့်အနက် (၉၇) ရာခိုင်နှုန်းသည် ဆရာမများဖြစ်ကြသည်။

လက်ရှိတွင် အမျိုးသမီးပညာရေးလုပ်သားများ အကြမ်းဖက်ခံရမှုနှင့် ဘဝနေထိုင်မှုဆိုင်ရာ သုတေသနစစ်တမ်းကို အခြေခံပညာရေး လုပ်သားသမဂ္ဂအဖွဲ့က  ဧရာဝတီတိုင်းဒေသကြီးတွင် စတင်ကောက်ခံနေသည်။

မြန်မာနိုင်ငံ၏ အနာဂတ်တွင် ပညာရေးသည် အရေးပါသည့် အခန်းကဏ္ဍတခုဖြစ်သည့်အတွက် ပညာရေးဝန်ထမ်း အမျိုးသမီးများ၏ လက်တွေ့ဘဝအခက်အခဲနှင့် လုပ်ငန်းခွင်အခြေအနေကို သိရှိရန်အတွက် သုတေသန ပြုလုပ် ခြင်းဖြစ်သည်ဟု အခြေခံပညာရေးလုပ်သားသမဂ္ဂမှ အဖွဲ့ဝင် ဦးမင်းမင်းထွတ်က ပြောသည်။

ကျောင်းဆရာမများ၏ နေ့စဉ်လူနေမှုဘဝ အခက်အခဲများ၊ စိမ်ခေါ်မှုများ၊ အကြမ်းဖက်ခံရမှုများ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေသည်ကို မကြာခဏ ကြားသိရကြောင်းလည်း ဦးမင်းမင်းထွတ်က ပြောသည်။

“ နယ်ဝေးမှာ တာဝန်ကျတဲ့ ကျောင်းဆရာမတွေဟာ ဝန်ထမ်းအိမ်ယာမရှိတဲ့အတွက် အုပ်ချုပ်ရေးမှူးအိမ်၊ ဒေသခံ တွေရဲ့ အိမ်တွေမှာနေပြီး တာဝန်ထမ်းဆောင်ရတယ်။ အဲဒီလို နေထိုင်ကြရတာ များသောအားဖြင့် အဆင်မပြေဘူး။ ကျောင်းဆရာမတွေမှာ အနည်းဆုံး စိတ်ပိုင်းဆိုင်ရာ အနှောက်အယှက်တွေ ရှိနိုင်တယ်” ဟု ဦးမင်းမင်းထွတ်က ဆိုပါသည်။

နယ်ဝေးဒေသများတွင် တာဝန်ထမ်းဆောင်သည့် ကျောင်းဆရာမများသည် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းအ ကျိုးဆောင်တို့၏ အိမ်များတွင်နေထိုင်ရသဖြင့် မဖြစ်သင့်သည့် ပြဿနာများ ဖြစ်ပွားနေပြီး ထိခိုက်နစ်နာမှုများရှိနေ သည်ဟု  ဦးမင်းမင်းထွတ်က ပြောသည်။

“ နောက်ဆုံးတော့ ဆရာမတွေက အရှက်နဲ့ သိက္ခာလဲယူလိုက်ရတာတွေလည်း ရှိတယ်။ ကိုယ်မကြိုက်တဲ့သူကို ယူ လိုက်ရတာမျိုးပေါ့။ နောက်မဖြစ်သင့်တာတွေဖြစ်နေတော့လည်း ဆရာမတွေက ကြိတ်ခံနေကြတာတွေရှိတယ်” ဟု ဦးမင်းမင်းထွတ်က ဆိုပြန်သည်။

အခြေခံပညာရေးလုပ်သား အမျိုးသမီးများ၏ နေ့စဉ်ကြုံတွေ့နေရသည့် အခက်အခဲများ ဘဝနေထိုင်မှုများကို စစ် တမ်းကောက်ယူသည့်အခါ ကျောင်းဆရာမများသည် အားလုံးအကျိုးအတွက် မိမိတို့ရင်ဆိုင်နေရသည့် အခက်အ ခဲများကို ပွင့်ပွင့်လင်းလင်း ပြောပြကြရန်   ဦးမင်းမင်းထွတ်က တိုက်တွန်းလိုက်သည်။

“ ဆရာမတွေဟာ အရမ်းရှက်ကြတယ်။ နောက်အရာရာကို ငဲ့ကွက်ပြီး မပြောတာတွေလည်းရှိတယ်။ စိုးရိမ်စိတ်တွေ ကလည်း သိပ်ကြီးကြတယ်” ဟု ဒေါ်ဇာဇာအောင်က ဖြည့်စွက်ပြောသည်။

မိမိနေရပ်နှင့် ဝေးကွာသည့်ဒေသများတွင် တာဝန်ထမ်းဆောင်ရာ၌ အမျိုးသားများထက် အမျိုးသမီးများမှာ အခက် အခဲများစွာရှိသဖြင့် အမျိုးသမီးများကို မိမိနေရပ်နှင့် သိပ်မဝေးသည့် သွားလာရန် လွယ်ကူသောနေရာဒေသများ တွင် တာဝန်ပေးပါရန် ဒေါ်ဟေမာန်အောင်က တောင်းဆိုလိုက်သည်။

“ ကျမတို့ကျောင်းဆရာမတွေအတွက် လုံခြုံတဲ့ ဝန်ထမ်းအိမ်ရာပဲ လိုချင်တယ်။ ကျမလို တခြားဆရာမတွေလည်း စိတ်ပိုင်းရုပ်ပိုင်း အကြမ်းဖက်မခံရစေချင်ဘူး။ လုံခြုံတဲ့အိမ်နေရာရှိရင် ဒီလိုပြဿနာတွေ မဖြစ်လာနိုင်ဘူး” ဟု ပြော ဆိုလိုက်သည်။

ညအိပ်ချိန်ရောက်တိုင်း အိမ်နှင့်ဝေးသည့် နယ်ဝေးဒေသတခုတွင် တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာမ ဒေါ်ဟေမာန်အောင်တယောက် မိမိအိပ်ခန်းထဲသို့ သူစိမ်းယောက်ျားတယောက် ဝင်လာပြီး အကြမ်းဖက်မှုများ ပြု လုပ်မည်လားဆိုသည့် ကြောက်စိတ်နှင့် မလုံခြုံမှုများ ယခုချိန်အထိ လွှမ်းမိုးနေဆဲဖြစ်သည်။

Related Articles