Home ဆောင်းပါး ထိုင်းတော်ဝင်မိသားစုမှ ချီးမြှင့်သည့် “ Moral Award” ဆုရှင် ရှမ်းအမျိုးသမီးများ

ထိုင်းတော်ဝင်မိသားစုမှ ချီးမြှင့်သည့် “ Moral Award” ဆုရှင် ရှမ်းအမျိုးသမီးများ

Photo Credit: Naw Kham La Dhammasami

နန်းဆိုင်နွမ်။              ။

လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ (၉)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ တော်ဝင်မိသားစုမှ “ Moral Award” ဆိုသည့်ဆု ကို လူမှုရေးနယ်ပယ်၊ ဘာသာရေးနယ်ပယ်တို့တွင် လှုပ်ရှားနေသူများကို ချီးမြှင့်ခဲ့သည်။

“ Moral Award” သည် သာသနာတော်ပြန့်ပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေးနှင့် စီးပွားရေးများတွင် စေတနာ အရင်းခံနှင့် လှုပ်ရှားဆောင်ရွက်နေသည့်လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ချီးမြှင့်ပေးအပ်သည့်ဆုဖြစ်သည်။

ထိုဆုကို လက်ခံရရှိသူများမှာ ထိုင်းနိုင်ငံအပြင် နိုင်ငံပေါင်း(၃၀)ကျော်မှ လူပုဂ္ဂိုလ်များဖြစ်ပြီး၊ ထိုအထဲတွင် ရှမ်းအ မျိုးသမီး(၄)ဦးလည်း ပါဝင်နေသည်။

ရှမ်းပြည်စွန့်ဦးတီထွင် အမျိုးသမီးလုပ်ငန်းရှင် (Women Entrepreneur Working Group Shan State)  အသင်း ဥက္ကဌ နန်းမိုမိုသီတာ၊ သုဇာတာနန်းကလျာ ရှမ်းဓမ္မစကြာအဖွဲ့ ဥက္ကဌ နန်းခမ်းဖောင်၊ ကျိုင်းတုံမြို့ လူမှုရေး၊ သာ သနာ့အရေး လုပ်ဆောင်နေသူ နန်းမြင့်မြင့်စိုးနှင့် ရှမ်းစာပေ၊ ယဉ်ကျေးမှု စေတနာ့ဝန်ထမ်းလုပ်ဆောင်သည့် နန်း ယိင်းလောဝ်အွန်တို့က အဆိုပါ “ Moral Award”  ဆုကို လက်ခံရရှိခဲ့ခြင်းဖြစ်သည်။

“ ကျမတို့ ရှမ်းပြည်မှာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး လုပ်နေတာကို အားပေးတဲ့သဘောနဲ့ ဆုပေးတာပါ။ ဒီလို ဆုရဖို့တော့ မမျှော်လင့်ခဲ့ပါဘူး။ ဆုက ကျမတို့အတွက် တွန်းအားတခုဖြစ်စေပါတယ်”

ရှမ်းပြည်နယ်၊ အမျိုးသမီးလုပ်ငန်းရှင်များအတွက် အရည်အသွေးမြှင့်တင်ပေးခြင်း၊ စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် အ မျိုးသမီးလုပ်ငန်းရှင်များစွာ ပေါ်ထွက်လာအောင် ကူညီပေးနေသည့် ရှမ်းပြည်စွန့်ဦးတီထွင် အမျိုးသမီးလုပ်ငန်းရှင် ဥက္ကဌ နန်းမိုမိုသီတာက ပြောသည်။

ရှမ်းပြည် စွန့်ဦးတီထွင် လုပ်ငန်းရှင် အမျိုးသမီးများအသင်းကို ၂၀၁၅ ခုနှစ်တွင် ဖွဲစည်းခဲ့ပြီး၊ အမျိုးသမီးအသင်းဝင်  (၁၀၀)ကျော်ရှိသည်။

ရှမ်းပြည်နယ်အတွင်း လုပ်ငန်းရှင်အမျိုးသမီးများစွာ ပေါ်ပေါက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ကာ လုပ် ငန်းရှင် အမျိုးသမီးများအတွက် အဖွဲ့အစည်း စွမ်းရည်မြှင့်တင်ရေး၊ Digital marketing (ဒစ်ဂျစ်တယ်ဈေးကွက် ရှာခြင်း)၊ လူပုဂ္ဂိုလ်စွမ်းရည်မြှင့်တင်ခြင်းတို့ကို အစဉ်အားပေးနေကြောင်းလည်း ဥက္ကဌနန်းမိုမိုသီတာက ပြောပြ သည်။

အမျိုးသမီး လုပ်ငန်းရှင်များသည် အိမ်ထောင့်တာဝန်၊ စီးပွားရေးတာဝန်များကို လစ်လပ်မရှိအောင် ထမ်းဆောင်ရ သည့်အတွက် အလုပ်ပိုလုပ်ဆောင်ရကာ စိတ်ပင်ပန်းမှုများကလည်း စိန်ခေါ်မှုတခုဖြစ်သည်ဟု နန်းမိုမိုသီတာက ပြောသည်။

“ မိသားစုအသိုင်းအဝန်းမှာတော့ အိမ်ထောင့်တာဝန်၊ စီးပွားရေးတာဝန်ပါ မျှပြီးယူရတော့ ပိုပြီးခက်ခဲတယ်။ အလုပ် ပိုများပါတယ်။ ပိုလည်းပင်ပန်းပါတယ်” ဟု နန်းမိုမိုသီတာက ဆိုသည်။

ထို့အပြင် သူမက “ အောင်မြင်နေတဲ့ အမျိုးသမီးတွေရဲ့ နောက်ကွယ်မှာ ပံ့ပိုးကူညီတဲ့ အိမ်ထောင်ရှင် ယောကျ်ား တွေရှိတာ မှန်ပါတယ်။ ဒီလိုအမျိုးသားတွေရဲ့ ထောက်ပံ့မှုကြောင့် အမျိုးသမီးတွေစိတ်ချလက်ချ အလုပ်လုပ်နိုင် တာပါ” ဟုလည်း ဆက်လက်ပြောဆိုသည်။

အိမ်တွင်းတနိုင်တပိုင် မိသားစုစီးပွာရေးလုပ်ငန်းမှ စတင်ကာ လုပ်ဆောင်ခြင်းအားဖြင့် နောက်ပိုင်းတွင် လုပ်ငန်းများ တိုးချဲ့ကာ ဒေသအတွင်းသို့ ချဲ့ထွင်နိုင်ခြင်းနှင့် တခြားဒေသခံများကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး နိုင်သည့်အဆင့်သို့ ရောက်လာမည်ဟုလည်း သူမက ထောက်ပြသည်။

“ကျမက လူမှုရေးနဲ့ ဘာသာရေးလုပ်ခဲ့ပါတယ်။ အမျိုးသမီးတွေဘဝ အသက်မွေးဝမ်းကျောင်းသင်တန်းတွေ ပေး ပါတယ်။ အမျိုးသမီးတွေ အလိမ်အညာမခံရအောင် စိတ်ဓာတ်မြှင့်တင်ပေးသလို  လူကုန်ကူးမခံရအောင်လည်း အသိပညာတွေပေးပါတယ်”

အမျိုးသမီးငယ်များ၏ စားဝတ်နေရေး အသက်မွေးဝမ်းကျောင်းကို ကူညီပံ့ပိုးသူ၊ လူမှုရေးနှင့် သာသနာ့ရေးတွင် စွမ်းစွမ်းတမံဆောင်ရွက်နေသူ ရှမ်းဓမ္မစကြာအဖွဲ့  ဥက္ကဌ နန်းခမ်းဖောင်ကပြောသည်။

Photo Credit: Naw Kham La Dhammasami

ဆုရသည့်အပေါ် သူမအနေဖြင့် အထူးဝမ်းသာဂုဏ်ယူလျက်ရှိပြီး ထိုဆုသည် သူမကို လူမှုရေးနှင့် အမျိုးသမီးငယ် များဘဝမြှင့်တင်ရေးတို့ ဆက်လက်လုပ်ဆောင်ရန် တွန်းအားပေးနေသည်ဟု နန်းခမ်းဖောင်က ပြောသည်။

“ အမျိုးသမီးတွေဘဝမြှင့်တင်ရေးကို ဆက်ပြီးလုပ်သွားမယ်။ တတ်နိုင်သလောက် ကြိုးစားအားပေးသွားမယ်” ဟု လည်း နန်းခမ်းဖောင်က ဆိုသည်။

“အဖွဲ့အစည်းတွေမှာ အမျိုးသမီးတယောက်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍဟာ စိန်ခေါ်မှုများစွာရှိလို့ ကျောခိုင်းဖို့ အ ကြိမ်ကြိမ် စဉ်းစားခဲ့ပေမယ့် ဆက်လုပ်ခဲ့တယ်” ဟုလည်း နန်းခမ်းဖောင်ကပြောသည်။

လွန်ခဲ့သည့် နှစ်များစွာက ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှမ်းစာသင်ပါက အဖမ်းခံရမည်ဆိုပြီး မကြာခဏ ခြိမ်း ခြောက်ခံရသည့် ရှမ်းစာပေသင်ပေးသည့် စေတနာ့ဝန်ထမ်း ယိင်းလောဝ်အွန်သည်လည်း ဆုရရှိသူတဦးဖြစ်သည်။

“ ဒီဆုရမယ်လို့ ကျမမမျှော်လင့်ခဲ့ပါဘူး။ ကျမလုပ်ဆောင်ခဲ့တာလည်း ဘာမျှော်လင့်ချက်နဲ့မှ လုပ်ခဲ့တာ မဟုတ်ပါ ဘူး” ဟု ယိင်းလောဝ်အွန်ကဆိုသည်။

မိမိဒေသဖွံ့ဖြိုးရန်နှင့် မိမိလူမျိုးကို မိခင်ဘာသာစကားတတ်စေလိုသည့်စေတနာဖြင့် အခက်အခဲများ၊ ခြိမ်းခြောက် မှုများကြားတွင် ရှမ်းစာကို မကြောက်မရွံ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း ယိင်းလောဝ်အွန်က ပြောသည်။

“ ကျမတို့ဒေသမှာ ဖွံ့ဖြိုးရေးတိုးတက်ဖို့ အရမ်းလိုအပ်တယ်။ ကိုယ့်လူမျိုး ကိုယ့်စာပေတတ်ဖို့လည်း လိုအပ်တယ်။ အရင်တုန်းက ရှမ်းစာသင်ဖို့ ခက်ခဲတယ်။ သင်ရင်လည်း အဖမ်းခံမှာကြောက်တော့ ဘယ်သူမှ မသင်ကြဘူး။ ကျမ ကတော့ စေတနာဝန်ထမ်းအနေနဲ့ သင်ပေးခဲ့တယ်” ဟု ယိင်းလောဝ်အွန်က ပြောသည်။

လူမှုရေး၊ ပညာရေးနှင့် သာသနာ့ရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှုကို ယုံကြည်စိတ်ချမှုဖြင့် အသိအမှတ် ပြုသည်ကို အထူးကျေးဇူးတင်ကြောင်း သူမကဆိုသည်။

အမျိုးသမီးရေးသာမက နယ်ပယ်တိုင်းတွင် ဦးစီးဦးဆောင်မှု ပြုနေကြသော်လည်း အသိအမှတ်ပြုမခံရသည့် အမျိုး သမီးများစွာ ရှိကြောင်း၊ အမျိုးသမီးများ ဦးဆောင်မှုကို လက်မခံသည့် တချို့ရှေးရိုးစွဲတွေလည်း ရှိကြောင်း  ရှမ်း ပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် အမျိုးသမီးအရေးကို သင်တန်းပေးနေသည့် ယိင်းလောဝ်အွန်က ပြော သည်။

“ အမျိုးသမီးဦးဆောင်မှုကို တချို့အမျိုးသားတွေက လက်မခံချင်ဘူး။ အမျိုးသမီးဦးဆောင်ရင် ခွဲခြားဆက်ဆံတာ တွေရှိတယ်။ ကျမတို့ ဖိုဝါဒကြီးစိုးမှုတွေ၊ ရှေးရိုးစွဲအတွေးတွေ ဖျောက်သင့်ပါပြီ” ဟုလည်း သူမက ဆိုပြန်သည်။

အမျိုးသမီးများအနေဖြင့် မည်သည့်လုပ်ငန်းကိုမဆို ဦးစီးဦးဆောင်ပြုပါက အစပိုင်းတွင် ဝေဖန်တိုက်ခိုက်မည့်သူ များစွာရှိပြီး ထိုဝေဖန်တိုက်ခိုက်မှုများကြောင့် နောက်မတွန့်ဘဲ ရဲရဲတက်လှမ်းရန် လိုအပ်ကြောင်း “ Moral Award” ဆုရသည့် အမျိုးသမီးများက ဆိုသည်။

လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် နိုင်ငံရေးနယ်ပယ်တွင် လှုပ်ရှားနေသည့် အမျိုးသမီးများအတွက် ပံ့ပိုးမှုသည် အလွန်အရေးကြီးကြောင်း၊ အမျိုးသမီးများ၏ လုပ်ဆောင်ချက်ကို အသိအမှတ်ပြုခြင်းသည် အမျိုးသမီးများအတွက် ခွန်အားဖြစ်စေကြောင်း ဆုရရှိသည့် အမျိုးသမီးများက ပြောဆိုလိုက်သည်။

Related Articles