Home ဆောင်းပါး “လက်ပံတောင်းတောင် ဒေသက အမျိုးသမီးတွေ ဘာတွေ ထိခိုက်ခံစားနေရသလဲ”

“လက်ပံတောင်းတောင် ဒေသက အမျိုးသမီးတွေ ဘာတွေ ထိခိုက်ခံစားနေရသလဲ”

အက်ဆစ်ငွေ့ကြောင့် ခြောက်သွေ့နေသော သစ်ပင်များ (credit: ကိုဖိုးဇော်)

သွေး (စစ်ကိုင်း)။                   ။

“စိုက်ပျိုးရတာ အရင်လို မကောင်းတော့ဘူး။ အရင်တုန်းက ကျမတို့က ယာမြေမှာ နှမ်းစိုက်တာလေ…၊ စီမံကိန်းအတွက် အသိမ်းခံလိုက်ရတဲ့အထဲမှာ ကျမတို့ပိုင်တဲ့ ယာမြေ(၅)ဧက ပါသွားတယ်။ ယာမြေတွေပါသွားတော့ ဟိုဘက်က မြေနုကျွန်း ပေါ်မှာပဲ သီးနှံလေးတွေ စိုက်ရတာပေါ့”

“ကျမတို့ရွာက ရွှေ့ပြောင်းရမယ့် ရွာထဲမှာပါတယ်။ ဒါပေမယ့် ဓားမဦးချလုပ်ကိုင်စားသောက်ခဲ့တဲ့ ဒီရွာကနေ ပြောင်းမပေး နိုင်ဘူး။ ကျမတို့ ဘိုးဘွားစဉ်ဆက်လုပ်ကိုင်ခဲ့တဲ့ ယာမြေ(၁၃)ဧကခွဲကလည်း အသိမ်းခံခဲ့ရတော့ ဘာမှ စိုက်ပျိုးစရာ မရှိ တော့ဘူး။ အရင်ကတော့ နှမ်းတို့၊ ပဲစဉ်းငုံတို့ စိုက်ခဲ့တာလေ”

အခုပြောခဲ့တာတွေက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ထိခိုက်ခံစားနေရတဲ့ ဒေသခံအမျိုးသမီး(၂)ဦးရဲ့ ဘ၀ ရပ်တည်ရေးအတွက် စိုးရိမ်နေရတာကို ရင်ဖွင့်တဲ့အသံပါ။ စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ထဲက လက်ပံတောင်းတောင်ဝန်းကျင်မှာ ဒေသခံအမျိုးသမီးတွေဟာ စိုက်ပျိုးရေးလုပ်ကိုင်ရင်း ဘဝကို ဖြတ်သန်းနေကြ ရသူတွေပါ။

ဟိုး အရင့်… အရင် ကာလတွေတုန်းက အေးချမ်းစွာ နေထိုင်ခဲ့ကြတဲ့ သူတို့ရဲ့ဘဝတွေ ပြောင်းပြန် အချိုးအကွေ့နဲ့ တွေ့ကြုံ ကြရတာက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်ဖို့ လယ်ယာမြေတွေ သိမ်းဆည်းခံခဲ့ရတာက စတင်ပါတယ်။

ဒီစီမံကိန်းတွေအတွက် မြေဧကပေါင်း(၇၀၀၀)ကျော်ကို သိမ်းယူခဲ့တာဖြစ်ပြီး… ကံတောရွာ၊ ဝက်မှေးရွာ၊ ဇီးတောရွာ၊ ဆည် တည်းရွာတွေကိုပါ အတင်းအဓမ္မ ပြောင်းရွှေ့ပေးရခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့်… ဆည်တည်းရွာမှာ ဒီနေ့ထက်တိုင် မပြောင်းရွှေ့ဘဲ ဆက်လက်နေထိုင်နေကြတဲ့ အိမ်ထောင်စု(၉၈)စုလောက် ရှိနေပါသေးတယ်။

“ဒေါ်စန်းနွဲ့” ဟာ လက်ပံတောင်းတောင်ဝန်းကျင်မှာ တည်ရှိတဲ့ “တုံရွာ” မှာနေထိုင်သူဖြစ်ပါတယ်။ သူမတို့မိသားစု ပိုင် ဆိုင်တဲ့ ယာမြေတွေ အားလုံးနီးပါး အသိမ်းခံခဲ့ရသလို သီးနှံလျော်ကြေးလည်း (၃) နှစ်စာပဲ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“အခုဆိုရင်… နှမ်းတွေက ဈေးကောင်းတယ်လေ…၊ နှမ်းတွေသာ ကောင်းကောင်းစိုက်နိုင်ရင် အကျိုးအမြတ် များများရမှာ ပေါ့။ နှမ်းစိုက်ရတာက အရင်းအနှီးလည်း သိပ်မများဘူးလေ။ နှမ်းနက်(၁)တင်းဆိုရင် (၈)သောင်းလောက် ဈေးပေါက် တယ်။ သီးနှံလျော်ကြေးဆိုပြီး (၁)ဧကကို (၅)သိန်း(၂)သောင်းနှုန်းနဲ့ (၃)နှစ်စာ ရလိုက်တာပဲရှိတယ်” လို့ ပြောပြပါတယ်။

ဒေါ်စန်းနွဲ့အတွက် စိုက်ပျိုးစရာ ယာမြေတွေ သိမ်းဆည်းခံခဲ့ရလို့ မြေနုကျွန်းဘက်မှာပဲ ရသလောက် စိုက်ပျိုးရပါတော့တယ်။

၂၀၁၁ ခုနှစ်ကတည်းက အသိမ်းခံခဲ့ရတာဖြစ်လို့ ဒေါ်စန်းနွဲ့လို ဒေသခံတွေဟာ နစ်နာဆုံးရှုံးမှု များပြားပါတယ်။ မြေယာ လျော်ကြေးနဲ့ နစ်နာကြေးပေါင်းမှ (၁)ဧကကို (၁၈)သိန်းဝန်းကျင်ပဲ ရနိုင်ပြီး လက်ခံလိုက်ရင် မြေကိုပါ အပြီးတိုင် စွန့်လွှတ် ရမှာမို့ မြေယာလျော်ကြေး မယူသင့်သေးကြောင်း သူမက ရှင်းပြပါတယ်။

ဒေါ်စန်းနွဲ့လိုပဲ… ဆည်တည်းရွာက “မရီဝင်း” ဟာလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် နစ်နာဆုံးရှုံးခဲ့ရတဲ့ ဒေသခံအမျိုးသမီးတယောက်ဖြစ်ပြီး၊ မရီဝင်းတို့နေထိုင်တဲ့ရွာဟာ မဖြစ်မနေပြောင်းရွှေ့ပေးရမယ့် ရွာတွေထဲမှာ ပါဝင်ပါ တယ်။ သို့ပေမယ့်… မရီဝင်းက မပြောင်းရွှေ့လိုတဲ့ အတွက် ဆည်တည်းရွာမှာပဲ ဆက်လက်နေထိုင်နေတာလို့ ဆိုပါတယ်။

“ကျမတို့ စိုက်ထားပျိုးထားတဲ့ နှမ်းခင်း၊ ပဲစင်းငုံခင်းတွေ ပျက်စီးသွားခဲ့ရတယ်။ သူတို့က ဘက်ဟိုးမြေတူးစက်တွေနဲ့ ယာမြေ တွေကို တူးဆွပစ်လို့ သီးနှံတွေပျက်စီးသွားတာလေ။ သူတို့ စီမံကိန်းအတွက် အဆောက်အဦတွေ ဆောက်ဖို့နေရာမလွတ် လို့တဲ့။ ယာမြေ(၁၃)ဧကခွဲအတွက် သီးနှံလျော်ကြေးပဲရတာပါ။ နှမ်းခင်းတွေ ဖျက်ဆီးခံရတာက ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ကတည်းကပါ။ ၂၀၁၃ ခုနှစ်မှာ ကျမတို့က ရသလောက်မြေနေရာလေးပေါ်မှာ နှမ်းခင်းတချို့ ပြန်စိုက်တယ်။ ဒါပေမယ့် ကျမတို့ စိုက်ပျိုးထားတဲ့ နှမ်းခင်းတွေပေါ် သူတို့က မြေစာတွေလာပုံတယ်၊ အဆောက်အဦတွေ လာဆောက်တယ်။ ရှိသမျှ တွေ ပျက်ပြီပေါ့…”

ဒီလက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ အရင်စစ်အုပ်ချုပ်ရေးလက်ထက်က ချုပ်ဆိုခဲ့တဲ့စာချုပ်အရ အကောင်အ ထည်ဖော်နေတာဖြစ်ပြီး အဓိက ရင်းနှီးမြှုပ်နှံတာက တရုတ်ဝမ်ပေါင်ကုမ္ပဏီ ဖြစ်ပါတယ်။

ဒေသခံတွေနဲ့ အကြိမ်ကြိမ်ပဋိပက္ခ ဖြစ်ခဲ့သလို ၂၀၁၂ ခုနှစ် နိုဝင်ဘာလထဲမှာ ဆန္ဒပြတဲ့ သံဃာတော်တွေကိုပါ အာဏာ ပိုင်တွေက မီးလောင်ဗုံးအသုံးပြု ဖြိုးခွင်းခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ “လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်” ရဲ့ အစီရင်ခံစာဟာ ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီအစီရင်ခံစာမှာ စီမံကိန်းကို ဆက်လက်ပြုလုပ်ဖို့ ခွင့်ပြုထားပေမယ့် သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် နိုင်ငံတကာ စံချိန်စံညွှန်းတွေအတိုင်း လိုက်နာဖို့ အကြံပြုထားတာ တွေ့ရပါတယ်။

မေးခွန်းထုတ်စရာရှိလာတာက “ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်သလား” ဆိုတဲ့ အချက် ပါပဲ။

အစီရင်ခံစာမှာပါတဲ့အတိုင်း ဒေသခံပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းနဲ့ဆိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေ ဖန်တီးမပေးနိုင်ခဲ့သလို အဲဒီစီမံကိန်းမှာ ဝင်ရောက်လုပ်ကိုင်နေကြရတဲ့ ဒေသခံလူငယ်တွေဟာလည်း ထိုက်သင့်တဲ့ လုပ်ခလစာ မရကြဘူးလို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် ပြည်သူရွေးချယ်တဲ့ အစိုးရသစ် တာဝန်ယူလာချိန်ကစပြီး ၂၀၁၇ ခုနှစ်၊ မတ် ၃၁ ရက်နေ့အထိ ကက်သုတ် ကြေးနီ မက်ထရစ်တန်ချိန် (၂၃၂၆၆ ဒသမ ၅၀၄) တန်ထုတ်လုပ်ခဲ့ပြီးပြီလို့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်း အဝေးမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်က ဒီစီမံကိန်းကနေ အကျိုးအမြတ်အဖြစ် (၅၁)ရာခိုင်နှုန်းထိ ရရှိခဲ့ပေမယ့် တဖက်က နစ်နာဆုံးရှုံးမှုဖြစ်တဲ့ ဒေသ ခံတွေရဲ့ နစ်နာမှုတွေကို ပြေလည်အောင် ဖြေရှင်း မပေးနိုင်သေးတာ တွေ့ရပါတယ်။

သိပ်မကြာသေးမီကပဲ ကြေးနီထုတ်လုပ်ဖို့ အက်စစ်ဖျန်းရာကနေ ထွက်ပေါ်လာတဲ့ အက်ဆစ်ငွေ့တွေကြောင့်  လက်ပံ တောင်း ဝန်းကျင်က ကွမ်းခြံတွေကို အများကြီး ထိခိုက်ခဲ့ပါတယ်။

ဆည်တည်းရွာက ဒေါ်စန်းနွဲ့က ဆက်လက်ပြောပြတာက “အက်ဆစ်တွေကို သူတို့က pump တွေနဲ့ ဖျန်းတယ်လေ၊ ကျောက်ဂူတိုင်ရွာမှာ ကွမ်းခြံတွေ အများကြီးရှိတယ်။ အက်ဆစ်ငွေ့တွေ ရိုက်တော့ ကွမ်းရွက်တွေလည်း ရောင်းမထွက် ဘူး…၊ တာဝန်ရှိတဲ့သူတွေဆီ ကျမတို့က တိုင်တယ်၊ တာဝန်ရှိတဲ့သူတွေလာပြီး ကွင်းဆင်းစစ်ဆေးတဲ့အခါ သူတို့ (ဝမ်ပေါင် ကုမ္ပဏီ) က လုပ်ငန်းတွေ ရပ်ထားတယ်”

ဒါ့အပြင် ကျောက်ခွဲစက်တွေက နေ့ရောညရော လည်ပတ်နေလို့ ဆူညံသံတွေ ဖြစ်နေပြီး အဲဒီဆူညံသံတွေက ဒေသခံပြည် သူများရဲ့ ကျန်းမာရေးကို ထိခိုက်မှုရှိစေတယ်လို့လည်း ဒေါ်စန်းနွဲ့နဲ့ မရီဝင်းတို့က တညီတညွတ်တည်း ပြောပြပါတယ်။

“ကျောက်ခွဲစက်တွေကလည်း အချိန်အကန့်အသတ်နဲ့ လည်တာမဟုတ်ဘူး။ စက်လည်တဲ့အခါ ကျမတို့ ရွာတွေမှာ အသံက တော်တော်ဆူတယ်…၊ ညနေ(၃)နာရီလောက်ဆို ကျောက်မိုင်းခွဲတယ်။ အဲဒီအခါ ပေါက်ကွဲတဲ့ အသံကလည်း အကျယ်ကြီး၊ တုန်ခါတာကလည်း အားပြင်းတယ်။ လူတွေမှာတော့ ကျောက်မှုန့် ဖုန်မှုန့်တွေ… အက်ဆစ်ငွေ့တွေ ရှူနေရတာကြောင့် အခုဆိုရင် ကလေးရော လူကြီးတွေပါ အရေပြားယားယံနေကြတယ်ရှင့်။ ကျမတို့မှာက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်မှာ စိုးရိမ်နေရတဲ့ အခြေအနေပါ”

ဒေသခံတွေရဲ့ စိုက်ပျိုးရေးကို ထိခိုက်စေရုံသာမက သက်တမ်းရင့် သစ်ပင်ကြီးတွေ အက်ဆစ်ငွေ့ရိုက်ပြီး အရွက်တွေ အသီး တွေ အစိမ်းလိုက်ကြွေကျတာလည်း ရှိနေတယ်လို့လည်း ပြောပြပါတယ်။ ဒေသခံတွေရဲ့ တိုင်ကြားမှုကို တာဝန်ရှိသူတွေ လာရောက်ကြည့်ရှုတာတွေ ရှိပေမယ့် နစ်နာမှုအတွက် လျော်ကြေးပေးတာမျိုး မရှိသေးပါဘူး။

ဒီထက် ပိုဆိုးတဲ့ အခြေအနေက အက်ဆစ်ဖြန်းတာတွေ ကျောက်ခွဲထုတ်လုပ်တာတွေကြောင့် ရေထုညစ်ညမ်းမှု ဖြစ် လာတာပါ။ လူသားအသက်ရှင်သန်မှုအတွက် အရေးအကြီးဆုံးဖြစ်တဲ့ လေထုရော ရေထုပါ ညစ်ညမ်းလာတာက ဒေသခံ များအတွက် အလွန်ကို စိုးရိမ်နေရတဲ့ အနေအထားကို ရောက်နေပြီလို့ ဆိုရမှာပါ။

သူတို့တွေ့ကြုံနေရတဲ့ အကြောင်းကို ဆည်တည်းရွာက “မရီဝင်း” ပြောပြတာက – “အရင်က ရွာမှာ မြေသားကန်ကြီးက ရေကိုပဲ သောက်တယ်။ ရွာက လူတွေအားထားပြီး သုံးစွဲရတာပေါ့။ အခုကျတော့ အက်ဆစ်ငွေ့တွေကြောင့် ရေက သောက် မရတော့ဘူး…၊ သောက်ချင်ရင် ကျမတို့က ရေနွေးကျိုသောက်ရတယ်။ အနီးအနားက နှမ်းခင်း၊ ပဲတီစိမ်းခင်းတွေလည်း သေကုန်ကြတယ်။ လူအတွက် ဘာမှမရတော့ပေမယ့် တချို့က နွားစာလေးပဲ ရရ ယူထားကြတယ်” လို့ ပြောပြတယ်။

အက်ဆစ်ရေဆိုးတွေဟာ ချောင်းတွေကတဆင့် ချင်းတွင်းမြစ်ထဲအထိ ရောက်သွားတာကလည်း အဲဒီဒေသအတွက် စိုးရိမ် စရာ အခြေအနေတွေ ကျယ်ပြန့်သွားစေတဲ့ အနေအထားပါ။ ဒေသတခုလုံး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ပိုမို ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။

သူတို့ ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ ပတ်သက်လို့ “ဒေါ်စန်းနွဲ့” က အခုလို ပြောပြပါတယ်။

“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ကျမတို့ ဒေသခံတွေအတွက် ဘာကောင်းကျိုးမှ မရှိဘူး။ ကျမတို့ မလိုလားဘူး။ စီမံကိန်းကို ရုပ်သိမ်းပေးတာ ကောင်းလိမ့်မယ်။ မရုပ်သိမ်းနိုင်ရင်တောင်မှ လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းစစ်ဆေး ရေး ကော်မရှင်က အကြံပြုတဲ့အတိုင်း လိုက်နာဆောင်ရွက်သင့်ပါတယ်”

“မရီဝင်း” ကလည်း သူမရင်ထဲက ဆန္ဒကို အခုလို လေးလေးနက်နက် ပြောပြပါတယ်။

“အခု ဖြစ်နေတာက … အစီရင်ခံစာက အကြံပြုချက်အတိုင်း မလိုက်နာဘဲ လက်လွတ်စပယ် လုပ်နေကြတာ…၊ ပြီးတော့ အစားထိုးမြေဧက (၁၉၀၀) ကျော်ကိုလည်း အခုထိ ဘာမှ လုပ်မပေးသေးဘူး။ အစီရင်ခံစာပါအတိုင်း တိတိကျကျ လုပ် ပေးစေချင်ပါတယ်”။

 

Related Articles