ဘားအံရေးဘေးကြောင့် အမျိုးသမီးလယ်သူမတွေ နလန်ထူနိုင်ပါ့မလား
မယ်လွန်း။ ။
ရေနည်းနည်းပြန်ကျသွားပြီဆိုပေမယ့် ဘားအံမြို့ပေါ်နဲ့ မြို့နဲ့အနီးတဝိုက် ကျေးရွာတွေမှာ ရေတွေ ကျန်နေဆဲဖြစ်ပါတယ်။
နွားစားကျက်မြေနဲ့ လယ်ယာသီးနှံစိုက်ပျိုးမြေအကုန်လုံး နှစ်မြုပ်သွားတဲ့အတွက် လယ်ယာစိုက်ပျိုးရေးနဲ့ သီးနှံစိုက်ပျိုးရေးကို အခြေခံပြီး အသက်မွေးဝမ်းကျောင်းပြုသူ တောင်သူလယ်သမားတွေအတွက်ရော ရေလွှမ်းမိုးမှုဒဏ်ကို အပြင်းအထန် ကြုံကြရပါတယ်။
ဝင်ငွေအတွက်အပြင် မိသားစုရဲ့ တာဝန်နဲ့၊ အိမ်တွင်းမီးဖိုချောင်အတွက်ပါ တာဝန်ယူနေကြရတဲ့ လယ်သူမတွေကတော့ ရေကြီးမှုဒဏ်ကို တိုက်ရိုက်အထိခိုက်ဆုံးလို့ ပြောနိုင်ပါတယ်။ အမျိုးသမီးတွေနဲ့ လယ်သမားတွေဟာ သီးနှံထွက်ချိန်ကို အားခဲစောင့်နေကြပေမယ့် ခူးချိန်ရောက်ခါနီးမှ အားလုံး ရေလွှမ်းမိုးခံခဲ့ရပါတယ်။ လယ်သူမအများစုမှာ စိုက်ခင်းအရင်းအတွက် ပြန်လည်အကြွေးဆပ်ရန် သီးနှံထွက်ချိန်ကို စောင့်ဆိုင်းနေသူများဖြစ်ပါတယ်။
အသီးခူးခါနီးအခင်းတွေမြုပ်သလို စိုက်ပြီးခါစ အခင်းတွေလည်း အကုန်လုံး ရေမြုပ်ခဲ့ရလို့ ရေပြန်ကျသွားရင် ဘဝကို အသစ်က ပြန်စရမည့် အမျိုးသမီးလယ်သူမ အများအပြားရှိနေပါတယ်။
လယ်ထွန်တာကလွဲပြီး အမျိုးသမီးတွေက အကုန်လုံး လုပ်နေကြရသလို တဖက်မှာလည်း စားဝတ်နေရေးအတွက် ချက်ပြုတ်လျှော်ဖွတ်ရတဲ့အပြင် အိမ်မွေးတိရိစ္ဆာန်တွေကိုပြုစုမှုကိုလည်း တပြိုင်တည်း လုပ်ဆောင်နေရတယ်လို့ တောကုန်းကြီးရွာက ရွာခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
အသီးခူးစရာမရှိလို့ တစ်နေ့စာ ဟင်းစားအတွက် ဝင်ငွေရဖို့နဲ့ နောက်ထပ် စိုက်ပျိုးရေး အရင်းငွေရဖို့အတွက် ရှိထားတဲ့ ကြက် ဝက် ဘဲတို့လို အိမ်မွေးတိရိစ္ဆာန်တွေကို ရောင်းချဖို့ကလည်း အဆင်မပြေပြန်ပါဘူး။ ရေကြီးမှုကြောင်း အိမ်မွေးတိရိစ္ဆာန်တွေ အနာကျနေပြီး ဝယ်မယ့်သူ မရှိဖြစ်နေပါတယ်။
ဝင်ငွေလည်းမရှိ၊ ခင်ပွန်းသည်တွေက ငါးဖမ်းရှာပေမယ့်လည်း ရေကြီးနေတာကြောင့် ငါးလည်း မရတဲ့အတွက် ကျောင်းတက်နေတဲ့ကလေးတွေအတွက် နေ့တဓူ၀ စားဖို့သောက်ဖို့အတွက်ပင် အခက်အခဲဖြစ်နေပါတယ်။
အခုချိန်မှာတော့ အချို့လယ်သူမတွေဟာ ခင်ပွန်းသည်နဲ့အတူ ရေလွှမ်းမိုးခံထားရတဲ့ လယ်ယာမြေ၊ စားကျက်မြေမှာ ပေါက်နေတဲ့ အောင်သပြေပန်းတွေကို ရှာကြံခူးပြီး ရက်ကြီးခါကြီး ဘာသာရေးနေ့တွေမှာ ရောင်းပြီး ဟင်းစားအတွက်၊ ကလေးကျောင်းမုန့်ဖိုးအတွက် ရှာဖွေနေကြပြီး ရေကျချိန်ကို စောင့်နေရုံမှအပ တခြားလမ်းမရှိကြပါဘူး။
- အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုတွန်းအားပေးနေတဲ့ မြန်မာရုပ်ရှင်ဇာတ်လမ်းတွေ - 13/05/2025
- တုနှိုင်းမဲ့မိခင်မေတ္တာနှင့် အမျိုးသမီးများ၏ဖြစ်တည်မှုအပေါ် ဘယ်လိုဂုဏ်ပြုကြမလဲ - 12/05/2025
- မင်းပြားမြို့နယ် ဖားပြိုရွာက မုဒိမ်းကျင့် သတ်ဖြတ်ခံရမှု အကြီးမားဆုံးပြစ်ဒဏ်ပေးဖို့ အမျိုးသမီးအဖွဲ့တွေနှင့် လူမှုရေးအဖွဲ့တွေက ကြေညာချက်ထုတ်တောင်းဆို - 11/05/2025