Home စာရွက်စာတမ်း တရုတ်တစ်သျှုးငှက်ပျောခြံနောက်ကွယ်က လူကုန်ကူးမှုဂယက်ကြီး

တရုတ်တစ်သျှုးငှက်ပျောခြံနောက်ကွယ်က လူကုန်ကူးမှုဂယက်ကြီး

ဓါတ်ပုံ – ဝါရှောင် ဆရာတော် Facebook

လုဆိုင်း။             ။

“တချို့ကပြန်လာတယ်။ တချို့မပြန်လာတော့ဘူး”

တရုတ်တစ်သျှူးငှက်ပျောခြံမှာ အလုပ်သွားလုပ်တဲ့ အမျိုးသမီးတွေ လူကုန်ကူးခံနေရတာနဲ့ပတ်သက်လို့ အသက် (၃၆) နှစ် အရွယ် ဒေါ်လေးထက်အေးက ပြောပြတာဖြစ်ပါတယ်။

တစ်သျှူးငှက်ပျောခြံမှာ တိုင်းရင်းသားအမျိုးသမီးငယ်များ အလုပ်သွားလုပ်ကြပြီး သူတို့ကို တရုတ်နိုင်ငံသားများက တရုတ် နိုင်ငံအတွင်း မယားလုပ်ဖို့ တဆင့်ပြီးတဆင့် ရောင်းချကြရာမှာ လေးငါးနှစ်အတွင်း လူဦးရေ(၂၀)ကျော်သွားပြီလို့ ကချင် ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊  မွတ်ကျိတ်ကျေးရွာမှာနေထိုင်တဲ့ ဒေါ်လေးထက်အေးက ဆိုပါတယ်။

လွန်ခဲ့တဲ့ (၅)နှစ်ခန့်က ဝိုင်းမော်မြို့နယ်အတွင်းမှာရှိတဲ့ တရုတ်တစ်သျှူးငှက်ပျောခြံမှာ အလုပ်လုပ်ကိုင်နေတဲ့ တရုတ်အ မျိုးသားတချို့က မြန်မာတိုင်းရင်းသူအမျိုးသမီးတွေကို တောင်းရမ်းယူကာ တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားရာကနေ တဆင့်ပြီးတဆင့် ပြန်လည်ရောင်းစားခံရတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြတာပါ။

တရုတ်တစ်သျှူးငှက်ပျောတွေကို ဝိုင်းမော်မြို့နယ်၊ တာလောကြီးသွားရာကားလမ်းတလျှောက်၊ ဝိုင်းမော်မြို့ကနေ လိုင်ဇာ ကားလမ်းတလျှောက်၊ ဂွေထူလမ်း၊ ရွှေညောင်ပင် စတဲ့နေရာအနှံ့အပြားမှာ ဧကထောင်ချီ စိုက်ပျိုးထားတာပါ။

ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက အခုနှစ်အတွင်း မတ်လ (၁၇) ရက်က ဝိုင်းမော်မြို့နယ်၊ နန့်ဝါကျေးရွာအုပ်စု၊ မွတ် ကျိတ်ကျေးရွာမှာ မျိုးဆက်ကြယ်ပွင့်ကုမ္ပဏီက စားကျက်မြေဆိုပြီး ဝယ်ယူခဲ့ရာကနေ အခုလိုတရုတ် တစ်သျှုးငှက်ပျောပင်တွေ စိုက်ပျိုးဖို့ မြေတူးစက်တွေနဲ့ ရှင်းလင်းခဲ့တဲ့အထိ နန့်ဝါကျေးရွာသားတွေ တောက်လျှောက် ကန့်ကွက်ခဲ့ကြပါတယ်။ ဒီကန့်ကွက်တဲ့အထဲမှာ အမျိုးသမီးတွေ ပိုပြီးများနေတာတွေ့ရပါတယ်။

မွတ်ကျိတ်ကျေးရွာနဲ့ တမိုင်ကျော် နှစ်မိုင်အကွာက ကျေးရွာတွေမှာ ယာတွေ၊ လယ်တွေ၊ ခြံတွေ၊ လုပ်ကိုင်စားသောက်နေ တဲ့မြေယာတွေကို သိမ်းယူပြီး ငှက်ပျောတွေ စိုက်ပျိုးထားလို့ လူနဲ့ တိရိစ္ဆာန်တွေ အသက်အန္တရာယ် စိုးရိမ်နေရတာကို မြင် တွေ့နေရသလို အမျိုးသမီးငယ်တွေရဲ့ ဘဝလုံခြုံမှု မရှိတော့လို့ ကန့်ကွက်ခဲ့ကြတာဖြစ်တယ်လို့ ဒေါ်လေးထက်အေးက ပြောပြပါတယ်။

“ကျမတို့အမျိုးသမီးတွေ ပိုပြီးကန့်ကွက်ရတာက ဒီမှာအလုပ်သမားတွေ ရောက်လာရင် ကျမတို့ကျေးရွာက အမျိုးသမီး တွေ ဒုက္ခရောက်တော့မယ်။ ဘာဖြစ်လို့ ဒုက္ခရောက်မလဲဆိုတော့ အခုဘေးနားမှာ ဖြစ်ပျက်နေတာ တွေ့ရတယ်။ တခြားဒေ သက အလုပ်သမားတွေ၊ ရခိုင်တို့၊ ဗမာတို့၊ လူစိမ်းတွေ ဝင်လာတော့မယ်။ အမျိုးသမီးတွေအတွက် အန္တရာယ်တွေ ပိုများ လာတော့မယ်။ နောက် ငှက်ပျောခြံလုပ်မယ်ဆိုရင် မြောင်းတူးတော့မှာ။ အခုဖြစ်သွားတဲ့ ဟိုဘက်ကျေးရွာမှာ အဲဒီမြောင်း တွေထဲ ကလေးတွေက ပြုတ်ကျပြီး သေတာမျိုးတွေရှိတယ်။ အထူးသဖြင့် အမျိုးသမီးတွေလည်း မလုံခြုံတော့ဘူး။ သမီး ပျိုတွေအတွက် အန္တရာယ်အရမ်းရှိတယ်”လို့ သူက ပြောပါတယ်။

အဲဒီငှက်ပျောခြံတွေထဲမှာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မြောင်းမြ၊ ပုသိမ်၊ မိုးညှင်း၊ ဟိုပင် စတဲ့ ဒေသတွေ အပါအဝင် မြန်မာနိုင်ငံအနှံ့က တိုင်းရင်းသားတွေ လာရောက်အလုပ်လုပ်ကိုင်နေကြတာပါ။

တစ်သျှူးငှက်ပျောခြံတွေထဲမှာ မိခင်နဲ့ကလေး ရာနဲ့ချီ အလုပ်လုပ်ကိုင်နေကြပြီး ကလေးငယ်တွေ ပညာမသင်ကြားရ၊ လူသေရင်လည်း မြုပ်မဲ့မြေနေရာ မရှိတာတွေ၊ အိမ်သာမရှိ၊ ဓါတုဆေးတွေဖြန်းထားတဲ့ ငှက်ပျောပင်တွေကြားမှာ တဲစုတ် တွေနဲ့ နေထိုင်ကြရတာ တွေ့ရတယ်လို့ အဲဒီအလုပ်သမားတွေထဲက ဒကာ၊ ဒကာမတွေကို သွားရောက်တွေ့မြင်ခဲ့တဲ့ ဝိုင်း မော်မြို့ နယ်၊ ဝါရှောင်ကျေးရွာမှ ဝါရှောင်ဆရာတော် အရှင်ဝိဇယက မိန့်ပါတယ်။

“ဓါတုဆေးက အရမ်းအနံ့ပြင်းတာ။ မြေကလည်း ပျက်စီးပြီး မာကျောသွားတယ်။ အဲဒီနေရာလုပ်ပြီးရင် အဲဒီမှာ ပြန်မစိုက် တော့ဘူး။ တခြားနေရာ ပြန်ငှားပြီးစိုက်တာ၊ ဘုန်းဘုန်းတို့သွားရင် ဓါတ်မြေသြဇာအနံ့က အရမ်းပြင်းလို့ မခံနိုင်ဘူး” လို့ ဆရာတော်က မိန့်ဆိုပါတယ်။

ဓါတ်ပုံ – ဝါရှောင် ဆရာတော် Facebook

ဝိုင်းမော်မြို့နယ်တခုလုံးနီးပါးမှာ တရုတ်တစ်သျှူးငှက်ပျောတွေ စိုက်ပျိုးခဲ့တာ (၈) နှစ်လောက်ရှိနေပြီဖြစ်ပြီး  ဝိုင်းမော်မြို့ နယ်အတွင်းက ဝါးရှောင်၊ နန့်ဝါ၊ လွယ်ကျော်၊ ဝေဘား စတဲ့ ကျေးရွာတွေက သမီးပျိုတွေနဲ့ အိမ်ထောင်သည် အပါအဝင် အမျိုးသမီး (၄၀)ကျော်လောက် တရုတ်နိုင်ငံဘက်ကို ရောင်းစားခံခဲ့ရပြီလို့ ဆရာတော်က မိန့်ပါတယ်။

“ဒီဘက်မှာ အပျိုအရွယ် (၁၀)တန်းအောင် မိန်းကလေးတွေ သူတို့ဆီမှာ ဘာသာပြန်လုပ်တယ်။ ထမင်းချက်ခန့်တယ်။ ဟို က တရုတ်ဘိုးတော်တွေ လောပန်းလိုလို၊ ဘာလိုလို၊ ငွေနဲ့ ဖြားယောင်းပြီးတော့ အခုဘုန်းဘုန်းတို့ ရှမ်းလူမျိုးတွေကို ပိုက်ဆံတွေပြပြီးစည်းရုံး၊ ဗမာစကားလည်းတလုံးမှ မတတ်ဘဲနဲ့ ဒီကမိန်းကလေးတွေ သူတို့နဲ့ တရုတ်ပြည်ကို ပါသွားကြ တယ်။ တချို့က ဖရဲသီးလာရောင်းတဲ့ တရုတ်တွေကို သူဌေးထင်ပြီးပါသွားတာ”

ဒါ့အပြင် ဒီတရုတ်ငှက်ပျောပင်ကြောင့် မဟာဗျူဟာအရ ဆုံးရှုံးမှုက (၁၀) ခုလောက်ရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လူမှုရေး၊ ဥပဒေရေးရာ၊ လူကုန်ကူးမှုဆိုင်ရာ၊ မူးယစ်ဆေးပြဿနာ၊ မိခင်နဲ့ကလေးဆိုင်ရာ၊ အနာဂတ် မြန်မာနိုင်ငံ ကျဆုံးမှု နမိတ်လက္ခဏာတွေ ဖြစ်တယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

“လူတွေ အညွန့်တုံးသွားပြီလေ။ ငှက်ပျောခြံမှာဘဲ ဘဝအဆုံးသတ်နေကြတာ။ အရွယ်ရောက်ရင် တရုတ်ကို ရောင်းစားခံရ တယ်။ မြေကိုယူတယ်။ ပြီးတော့လူကိုပါယူတယ်။ နောက်ပြဿနာအကြီးက အလိုတော်ရိတွေရှိတယ်။ တိုင်းရင်းသားတွေ ထဲမှာကိုက အချင်းချင်းအညွန့်ခူးစားနေကြတာ”လို့ ဆရာတော်က မိန့်ပါသေးတယ်။

ဓါတ်ပုံ – ဝါရှောင် ဆရာတော် Facebook

ဒါ့အပြင် ဒီငှက်ပျောစိုက်ထားတဲ့ ခြံပတ်ပတ်လည်မှာ ခြံစည်းရိုးသဘောနဲ့ အကျယ် (၅)ပေ၊ အနက် (၈)ပေလောက်ရှိတဲ့ မြောင်းတွေတူးထားတဲ့အတွက် လွန်ခဲ့တဲ့ (၂)နှစ်လောက်က မွတ်ကျိတ်ကျေးရွာက အသက် (၄)နှစ်အရွယ် ကလေး(၁)ဦး မြောင်းထဲမှာ ရေနစ်သေဆုံးခဲ့လို့ ပိုပြီး စိုးရိမ်နေကြတာ ဖြစ်ပါတယ်လို့ မွတ်ကျိတ်ကျေးရွာမှ အသက် (၆၀)နှစ်အရွယ် မုဆိုး မ ဒေါ်ဆိုင်းနောင်က ပြောပါတယ်။

“ရွာမှာ တရုတ်ငှက်ပျောစိုက်လို့ရှိရင် ကျမတို့ရှေ့ရေးအတွက် အန္တရာယ်အများကြီးတွေ့နိုင်လို့၊ သူတို့က ဆေးဝါးတွေ အမျိုး မျိုးသုံးတယ်။ အဲဒီဆေးဝါးကြောင့် ကျမတို့မှာအန္တရာယ်ရှိလာနိုင်တယ်။ နောက် ငှက်ပျောခြံပတ်ပတ်လည်မှာ လူ(၂)ရပ်စာ မြောင်းအနက်ကြီး တူးတာတွေက ကလေးတွေအတွက် အသက်အန္တရာယ် ဖြစ်နေတယ်။ ရွာမှာဆိုရင် ကျွဲ၊ နွားတွေလည်း ကျောင်းလို့မရတော့ဘူး။ အဲဒီ မြောင်းတွေထဲမှာ ကျွဲ၊ နွားတွေလည်း ရေနစ်သေတာတွေရှိတယ်” လို့ပြောပါတယ်။

နှစ်ပေါင်းများစွာ လုပ်ကိုင်စားသောက်လာတဲ့ တဧကလောက်ရှိတဲ့ ခြံထဲမှာ ပျဉ်းကတိုးပင်၊ မယ်ဇလီ၊ ယမနေပင်တွေ (၁၀) နှစ်ကျော်ကြာ စိုက်ပျိုးထားခဲ့တာကို အခုဖျက်သိမ်းလိုက်လို့ အလုပ်လက်မဲ့ဘဝ ရောက်ရတော့မှာဖြစ်တယ်လို့ ကန့်ကွက်ရ တဲ့ အကြောင်းရင်းကို ဒေါ်ဆိုင်းနောင်က ပြောပါတယ်။

မယ်ဇလီပင်တွေကို (၃) နှစ်မှာတကြိမ် ခုတ်ယူပြီး ထင်းမီးအဖြစ် အသုံးပြုကြသလို၊ သားသမီးတွေရဲ့ ကျောင်းစရိတ်နဲ့ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေအဖြစ် ဒီမယ်ဇလီပင်တွေကိုဘဲ အားကိုးရတယ်လို့ သူကဆိုပါတယ်။ ဒါကြောင့် သူ့ရဲ့ခြံမြေနေရာ ဆက်လက်ပိုင်ဆိုင်နိုင်ဖို့အတွက် ဆက်ပြီး ကန့်ကွက်သွားဦးမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

ဒေါ်လေးထက်အေးတို့ မိသားစုကလည်း စားဝတ်နေရေးနဲ့ ကလေးပညာရေးစရိတ်တွေအတွက် လုပ်ကိုင်စားသောက်နေ တဲ့ မြေ(၂)ဧကလောက်ရှိတဲ့ခြံကို မျိုးဆက်ကြယ်ပွင့်ကုမ္ပဏီက သိမ်းယူခဲ့လို့ လုပ်ကိုင်စားသောက်စရာ နေရာမရှိတော့လို့ ကန့်ကွက်ရပါတယ်တဲ့။

တရုတ်ငှက်ပျောတွေ နေရာအနှံ့စိုက်ပျိုးလာတဲ့အတွက် ဒေသခံတွေဟာ ဖားရှာ၊ ငါးရှာဖို့နဲ့ ဟင်းသီးဟင်းရွက်ခူးစားမဲ့ နေရာတောင် မရှိတော့ဘဲ နေ့စားအလုပ်တွေကိုသာ ဝင်ရောက်လုပ်ကိုင်နေကြရတယ်လို့သိရပါတယ်။

မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့က လူတွေဟာ ဒီဒေသတွေကနေ ထင်းတွေကို လာရောက်ဝယ်ယူကြလို့ တနှစ်ကို ကား (၂) စီး ကနေ (၃)စီးအထိ ရောင်းချရတဲ့အတွက် ကလေးတွေရဲ့ ကျောင်းစရိတ်နဲ့ စားဝတ်နေရေးအတွက် အနည်းငယ် ဖူလုံနေ တာလို့ဆိုပါတယ်။ ထင်းကားတစီးကို ကျပ်ငွေ (၁)သိန်းကျော်အထိ ရောင်းရတယ်လို့ဆိုပါတယ်။

မတ်လ (၁၃)ရက်နေ့မှာ မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေရနေတဲ့ခြံထဲက ကျွန်း၊ ပျဉ်းကတိုး၊ မယ်ဇလီပင်တွေ အားလုံး မြေတူးစက်နဲ့လဲဖြိုဖယ်ရှားပစ်လိုက်လို့ စိတ်မကောင်းဖြစ်ရတယ်လို့ ဒေါ်လေးထက်အေးက ပြောပါတယ်။

“သူတို့က ကျမတို့ခြံကို ကုတ်ပစ်လိုက်ပြီ။ ဝါးရုံတရုံဘဲကျန်တော့တယ်။ ဒါတောင် မနည်းတားထားရတယ်။ သူတို့ (ကုမ္ပဏီ) က ရောင်းကိုရောင်းရမယ်ဆိုတဲ့ပုံစံနဲ့ လုပ်သွားတယ်။ ကျမတို့ ဒီထင်းခြံ (၂)ဧကဆိုရင် ကလေးတွေ ကျောင်း စရိတ်အတွက် ထင်းမရှိရင် မဖြစ်ဘူး။ လျှပ်စစ်မီးလည်း အိမ်တိုင်းလိုလို မယူနိုင်ဘူး။ သူတို့ပြောတာက နေ့စားသွား လို့ရတယ်။ ကျမတို့က နေ့စားနေ့တိုင်းမသွားနိုင်ဘူး။ သားသမီးတွေနဲ့ဆိုတော့ ထင်းခြံရှိရင် တောင်ယာတွေလုပ်ပြီး ကျမ တို့အတွက် ဝမ်းစာရတာပဲ။ အခုတော့ ကျမတို့ထင်းခြံမရှိတော့ ဝမ်းနည်းတယ်” လို့ဆက်ပြောပြပါတယ်။

အဲဒီ ငှက်ပျောခြံတွေထဲမှာ အလုပ်လုပ်ကိုင်နေကြတဲ့ လူတွေဟာ တနေ့ကို နေ့စားခအဖြစ် အမျိုးသမီးတွေကို (၄၅၀၀) ကျပ်၊ အမျိုးသားတွေကို (၅၀၀၀) ကျပ်ပေးတယ်လို့သိရပါတယ်။

ဓါတ်ပုံ – ဝါရှောင် ဆရာတော် Facebook

လွန်ခဲ့တဲ့နှစ်တွေက ဒီကုမ္ပဏီက ဒေသခံတွေရဲ့ မြေနေရာတွေကို နွား၊ ဆိတ်ကျောင်းဖို့ ဝယ်ယူမှာဖြစ်ပြီး ထင်းတွေကို ဒေသခံတွေ ကြိုက်သလောက် ခုတ်ယူနိုင်တယ်လို့ ပြောခဲ့ပေမဲ့ အခု မြေတဧကကို (၈)သိန်းမှ (၁၂)သိန်းထိ လျော်ကြေး ပေးကာ ငှက်ပျောပင်စိုက်ပျိုးတော့မှာဖြစ်လို့ ကန့်ကွက်နေရတယ်လို့ ဒေါ်လေးထက်အေးက ပြောပါတယ်။

တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးရာမှာ အသုံးပြုတဲ့ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးတွေဟာ ပြင်းထန်ပြီး ဆေးဖြန်းတဲ့အခါ သုံးတဲ့ပစ္စည်းတွေကို အနီးအနားက ချောင်းတွေမှာ ဆေးကျောတဲ့အတွက် ချောင်းရေသောက်မိတဲ့ ကျွဲ၊ နွားတွေ သေဆုံး တာလည်း ကြားနေရတယ်လို့ ဒေသခံတဦးဖြစ်တဲ့ မွတ်ကျိတ်ရွာမှ ဆရာဂျွမ်ဖောက်ဒေါင်ဇေးက ပြောပါတယ်။

မျိုးဆက်ကြယ်ပွင့် ကုမ္ပဏီပိုင်ရှင်ဟာ ဒါရိုက်တာဆောင်လန်းယိန်းချန်းဆိုသူ ဖြစ်တယ်လို့သိရပေမဲ့ သူက တရုတ်လုပ်ငန်း ရှင်တွေရဲ့ အမည်ခံသာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်နေ့က နန့်ဝါဒေသခံတွေက ဝိုင်းမော်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော် လီကတဆင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ကန့်ကွက်စာတင်ခဲ့ပေမဲ့ အရေးယူဆောင်ရွက်ပေးတာ မရှိဘဲ ကုမ္ပဏီက ဒေသခံများရဲ့ ခြံတွေကို မြေတူးစက်တွေနဲ့ တူးဖော်လို့ နန့်ဝါဒေသခံတွေ ဆက်လက်ကန့်ကွက်ခဲ့ကြတယ်လို့ပြောပါတယ်။

“ဝန်ကြီးချုပ်ကို စာတင်တာလည်း ဌာနဆိုင်ရာက ထွေအုပ်နဲ့ မြေစာရင်းဌာနက (၁၁)ရက် နှစ်လပိုင်းက တခါစစ်တယ် ပေါ့လေ။ ကုမ္ပဏီနဲ့လာစစ်တယ်။ တာဝန်ရှိသူ မရှိတော့ ရုံးကိုလာခဲ့ပါလို့ ပြောသွားပြီးတော့ နောက်တပတ်က သစ်တောနဲ့ မြေစာရင်းက ပြန်ရောက်လာပြီးတော့ မေးတယ်။ ကျနော်တို့ ဝန်ကြီးချုပ်ကိုတင်တာ ဘာမှထူးခြားမလာဘူး။ ဒါကြောင့် ကိုယ့်အားကိုယ်ကိုးရတော့မယ်ဆိုပြီးတော့ ဒေသခံတွေက ရှေ့ထွက်ပြီးတော့ ကန့်ကွက်တာဖြစ်တယ်”

သူတို့ရဲ့ မွတ်ကျိတ်ကျေးရွာနဲ့ အနည်းငယ်ဝေးတဲ့ နေရာမှာတောင် ငှက်ပျောပင်စိုက်ပျိုးလို့ ဘေးထွက်ဆိုးကျိုးတွေ ဓါတု ဆေးဝါးတွေ သုံးစွဲတဲ့အတွက် ချောင်းတွေက ငါးတွေ သေတာတွေ၊ ချောင်းက ရေသောက်မိတဲ့ ကျွဲ၊ နွားတွေ သေဆုံး တာတွေရှိတယ်လို့ဆိုပါတယ်။

ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်၊ ဆန်းဖား၊ မန်ဝင်း၊ ဂွေထူဒေသတွေမှာ တရုတ်တစ်သျှူးငှက်ပျောတွေ စိုက်ပျိုးခဲ့တာ  (၈) နှစ်ခန့်ရှိပြီဖြစ်ပြီး အခုဝိုင်းမော်မြို့နယ်၊ နန့်ဝါကျေးရွာအုပ်စု၊ မွတ်ကျိတ်ကျေးရွာထဲ ဧက (၃၅၀)ကျော်လောက်ကို မျိုးဆက် ကြယ်ပွင့် ကုမ္ပဏီက ထပ်မံစိုက်ပျိုးဖို့ မြေတွေတူးဖော်နေတာ ဖြစ်ပါတယ်။ အခုရက်ပိုင်းမှာဘဲ ဧက(၂၀၀)ခန့် မြေ ကုတ်ပြီးသွားလို့ ငှက်ပျောစိုက်ပျိုးဖို့ အဆင်သင့်ဖြစ်တဲ့ အနေအထားရှိနေတဲ့အပေါ် ဒေသခံတွေ ကန့်ကွက်နေကြတာဖြစ် တယ်လို့ ဆရာဂျွမ်ဖောင်ဒေါင်ဇေးက ပြောပါတယ်။

ဓါတ်ပုံ – ဝါရှောင် ဆရာတော် Facebook

ရှမ်းအမျိုးသမီးကွန်ယက်က နန်းခမ်းရင်က ငှက်ပျောခြံရှိရာဒေသတဝိုက် အမျိုးသမီးတွေ တရုတ်နိုင်ငံကို လူကုန်ကူးခံရမှု တွေရှိတယ်ဆိုတာကို ထောက်ခံပြောဆိုခဲ့ပြီး အခုလိုဆက်လက်ပြောပြပါတယ်။

“ငှက်ပျောခြံက ဆေးဖျန်းတဲ့ အတွက် ဆေးရဲ့ ဆိုးကျိုးတွေက  ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ကိုယ်ဝန်ပျက်ကျနိုင် တယ်။ ကိုယ်ဝန်အဆိပ်တက်တာတို့ ဖြစ်နိုင်တယ်။ တကယ့်အန္တရာယ်ရှိတဲ့ အလုပ်တွေလုပ်နေကြတယ်။ သူတို့က ရေရှည် အတွက် မစဉ်းစားဘူး။ အလုပ်က ရှားပါးတော့ တရုတ်တွေရဲ့ အလုပ်သမားတွေ လုံးလုံးဖြစ်နေကြတာကိုတော့ စိတ်မ ကောင်းစွာ တွေ့ရတာပေါ့ နော်”

လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ကျော်ကတည်းက အဆိုပါ ဒေသတွေမှာ တရုတ်တစ်သျှူး ငှက်ပျောတွေ စိုက်ပျိုးခဲ့တာ အခုဆိုရင် (၇) နှစ်ကျော် (၈)နှစ်လောက်ရှိနေပြီဖြစ်ပြီး ၂၀၁၇ ခုနှစ်က တပ်မတော်နယ်မြေဖြစ်တဲ့ ရွှေညောင်ပင်တပ်နယ်မြေတွေ မှာလည်း စိုက်ပျိုးလာခဲ့တယ်လို့ ဆိုပါတယ်။ (၈)နှစ်လောက်အတွင်း တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးမှုရဲ့ လူမှုရေး၊ စီးပွား ရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေအပါအဝင် နောက်ဆက်တွဲဂယက်တွေတွေထဲက အမျိုးသမီးတွေကို ခြိမ်းခြောက် နေတဲ့ လူကုန်ကူးမှုနဲ့ပတ်သက်ပြီး အခြေအနေဆိုးဝါးနေတာကို ဝါးရှောင်ဆရာတော်ရဲ့စကားက အခုလို သက်သေထူလို့ နေပါတယ်။

 “အော်တို (auto) အခြားနေရာတွေမှာလို လုပ်နေကျပုံစံနဲ့ လူကုန်ကူးတာကတမျိုး၊ သူတို့တဖြည်းဖြည်းစည်းရုံးပြီး ခေါ် သွားတာက တမျိုးပေါ့။ ဒီဘက်က ကချင်နဲ့ ရှမ်းအမျိုးသမီးတွေ တယောက်ကို တရုတ်ငွေ(၂)သောင်း၊ (၂)သောင်းခွဲပေး တယ်။ အဓိက တိုင်းရင်းသူတွေကို သားဖောက်ဖို့ သုံးတာဘဲ။ ဒီကမိန်းမတွေကို ရအောင်ယူတယ်။ သူကနေတဆင့် ဆက်ရောင်းစားတယ်။ ကချင်ရော၊ ရှမ်းရော အဲဒီလိုခံနေရတာဘဲ။ ရှမ်းလူကြီးတွေကို ငွေနဲ့ စည်းရုံးပြီးတော့ခေါ်သွားတာ လည်း ရှိသေးတယ်။ နောက်တခုက လူတွေကို လိမ်လည်ပြီးတော့ ခေါ်သွားတာပါ”

 

Related Articles