Home ဆောင်းပါး အမျိုးသမီးတွေရဲ့ ဘဝရှင်သန်လုံခြုံဖို့ဘယ်လိုအကာအကွယ်ပေးမလဲ

အမျိုးသမီးတွေရဲ့ ဘဝရှင်သန်လုံခြုံဖို့ဘယ်လိုအကာအကွယ်ပေးမလဲ

Photo: http//blogiveteach-blogspot-com201503womens-day-special-best-personal-safety-html

သွေး (စစ်ကိုင်း)။              ။

ဒီနေ့ခေတ်ကာလမှာ အမျိုးသားရော အမျိုးသမီးပါ အလုပ်လုပ်ရတဲ့ခေတ် ဖြစ်နေတာမို့ အမျိုးသမီးတွေရဲ့ အခန်း ကဏ္ဍက အရင်ကထက် ပိုပြီးအရေးပါလာနေတာ ထင်ရှားပါတယ်။ အရင်တုန်းက မိန်းမဆိုတာ အိမ်ထဲမှာပဲနေ၊ ခင်ပွန်း ဖြစ်သူရှာဖွေတာကိုစား၊ အိမ်ထောင်ကိုထိန်းသိမ်း၊ ကလေးတွေကို ပြုစုစောင့်ရှောက်နဲ့ပဲ အချိန်ကုန်ကြရတာပါ။ အဲဒီလို ရှေးရိုးစွဲအယူအဆတွေအောက်က အမျိုးသမီးတွေ ဖောက်ထွက်လာကြသလို အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး ရဖို့အတွက်ပါ ရုန်းကန်လာကြရပါတယ်။ တကယ်တော့ အမျိုးသမီးတွေလည်း သာမန်အိမ်ထောင်ရှင်မ ဘဝကနေ ဝန်ကြီးချုပ်၊ သမ္မတအထိ ဖြစ်ခွင့်ရှိကြပါတယ်။

လက်ရှိမှာတော့ အထည်ချုပ်စက်ရုံတွေမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေကြသူအများစုဟာ အမျိုးသမီးတွေပါ။ တချို့ ကုမ္ပဏီတွေကလည်း အလုပ်ခေါ်ရင် အမျိုးသမီးတွေကို ဦးစားပေးပြီး ခေါ်လေ့ရှိပါတယ်။ ကျောင်းဆရာမအလုပ် ဆိုရင်လည်း တည်ငြိမ်ပြီး အိန္ဒြေရတဲ့အလုပ်၊ လုံခြုံစိတ်ချရတဲ့အလုပ်လို့ မှတ်ယူထားကြသူတွေလည်း  မရှားပါ။ ဒါ့ အပြင် အမျိုးသမီးသတင်းထောက်တွေဟာ အမျိုးသားသတင်းထောက်တွေနဲ့အပြိုင် သတင်းယူနေတာကလည်း အမျိုး သမီးလောကအတွက် အားတက်စရာပါ။

အဲဒီမှာအမျိုးသမီးတွေအနေနဲ့ ကိုယ်လုပ်ကိုင်နေတဲ့ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ အိမ်အပြန်မှာပဲဖြစ်ဖြစ် လုံခြုံစိတ်ချမှုရှိဖို့က အရေးတကြီးလိုအပ်လာပါတယ်။ တချို့အလုပ်သမတွေမှာ လုပ်ငန်းခွင်လိုအပ်ချက်အရပဲဖြစ်ဖြစ်၊ တခြားအလုပ်ခွင် စည်းကမ်းအရပဲဖြစ်ဖြစ်၊ ည (၉)နာရီ၊ (၁၀)နာရီကျမှ အိမ်ပြန်ရတဲ့အခါ မလုံခြုံမှုတွေ တွေ့လာရနိုင်ပါတယ်။ ပြီးတော့ လူသားသဘာဝအရ ရည်းစားထားတာဟာ မဆန်းကြယ်ပေမယ့် ချစ်သူတွေကြား နားလည်သည်းခံမှုနည်းပါးလာတဲ့ အခါမှာ မဖြစ်သင့်မဖြစ်ထိုက်တာတွေ ဖြစ်ပွားလာနိုင်တာလည်း ရှိနေပါတယ်။

သာဓကအားဖြင့် ရန်ကုန်မြို့ တော်ဝင်စင်တာရှိ မျက်မှန်ဆိုင် အရောင်းဝန်ထမ်း အမျိုးသမီးတဦးကို သူ့ချစ်သူဆိုသူ အမျိုးသားက ဓားနဲ့ထိုးမှုဖြစ်ပွားခဲ့တာ၊ နောက်ဒဂုံစင်တာမှာ အရောင်းစာရေးမဝန်ထမ်း အမျိုးသမီးငယ်ကို သူ့ချစ်သူဆို သူ အမျိုးသားက ကတ်ကြေးနဲ့ထိုးမှု ဖြစ်ပွားတာတွေဟာ အမျိုးသမီးဘ၀ လုံခြုံမှုကို မီးမောင်းထိုးပြနေတာပါပဲ။ အဆိုး ဆုံးက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ အမျိုးသမီးတဦးကို သူ့ချစ်သူဟောင်းဆိုသူက အက်ဆစ်နဲ့ပက်ခဲ့တဲ့အမှုပါ။

အက်ဆစ်နဲ့ အပက်ခံရတဲ့ အမျိုးသမီးခမျာ မျက်နှာတခြမ်း၊ မျက်လုံးတလုံးနဲ့ နားတဖက် လုံးဝပျက်စီးသွားခဲ့ရပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ (၂)လကြာဆေးကုသမှုခံယူခဲ့တာတောင် အလုံးစုံပြန်လည်ကောင်းမွန် မလာသေးပါဘူး။ လုပ် ငန်းခွင်အတွင်းမှာတောင် အမျိုးသမီးတွေကို နှုတ်ထွက်စကားအားဖြင့်ဖြစ်စေ၊ အမူအယာနဲ့ဖြစ်စေ ထိပါးစော်ကားမှု တွေရှိနေတာကို လူ့အဖွဲ့အစည်းအနေနဲ့ အရေးတကြီးသတိပြုသင့်ပါတယ်။ ဒီလိုလုပ်ငန်းခွင်ကိစ္စကို သာမန်သဘော မထားသင့်ပါဘူး။ လိုအပ်သလို ပူးပေါင်းပါဝင် ကူညီဖြေရှင်းပေးဖို့ အရေးကြီးနေပါပြီ။

နောက် – အမျိုးသမီးတွေ ဘတ်စကားစီးပြီး အိမ်ပြန်ရတဲ့အခါမှာလည်း စပယ်ယာတွေကဖြစ်စေ၊ ဘတ်စကားပေါ်က ခရီးသွားအမျိုးသားကဖြစ်စေ၊ ထိကပါးရိကပါး လုပ်ခံရတာတွေလည်း ရှိနေပြန်ပါသေးတယ်။ အထပ်မြင့် တိုက်ခန်းတွေ မှာနေထိုင်နေရတဲ့ အမျိုးသမီးတွေဆိုရင်လည်း တိုက်ခန်းအတက်အဆင်း လှေခါးမှာ ဓားထောက်လုယက်ခံရတာတွေ ဒုနဲ့ဒေး ကြားနေရပါတယ်။ ဒါဟာ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံဖို့အတွက် အကာအကွယ် မဲ့နေတာကို ပြသနေတာပါပဲ။ အဆိုးဆုံးက မိန်းကလေးတွေကို အဓမ္မပြုကျင့်ရုံသာမကဘဲ အသက်ကိုပါ သတ်ပစ်တဲ့ အဖြစ်အပျက်တွေပါပဲ။

ကျမတို့နိုင်ငံဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး (စီဒေါ) စာချုပ်မှာ ပါဝင်လက်မှတ် ရေးထိုးထားတဲ့ နိုင်ငံတနိုင်ငံပါ။ အမျိုးသမီးတွေကိုအကြမ်းဖက်မှုကနေ တားဆီးကာကွယ်နိုင်ဖို့အတွက် ခိုင်မာတဲ့ ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ လိုအပ်သလို၊ ဥပဒေအတိုင်း ထိထိရောက်ရောက် အပြစ်ပေးအရေးယူတာတွေလည်း လိုပါ တယ်။ လက်ရှိအနေအထားမှာတော့ အမျိုးသမီးတွေကို အကြမ်းဖက်မှုကနေ တားဆီးကာကွယ်တဲ့ ဥပဒေကို လွှတ် တော်မှာရေးဆွဲနေပြီး၂၀၁၆ ခုနှစ်မကုန်ခင်မှာ ပြဋ္ဌာန်းနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

အိမ်မှာဖြစ်စေ၊ လမ်းမှာဖြစ်စေ၊ အလုပ်ခွင်မှာဖြစ်စေ၊ အမျိုးသမီးတွေဟာအကြမ်းဖက်မှု၊ အစော်ကားခံရမှုစတဲ့ အန္တရာယ်တွေ ရှိနေပါတယ်။

ကျမနဲ့ခင်မင်တဲ့ သတင်းထောက် မြတ်အိခိုင် (အမည်လွှဲ) ဟာ အမျိုးသားသတင်းထောက်တွေနဲ့ တန်းတူ သတင်းယူ သတင်းရေး လုပ်ကိုင်နေရသူပါ။ အရေးကြီးရင်ကြီးသလို သတင်းလိုက်ရတာကြောင့်ရယ်၊ နေ့စဉ်ထုတ်သတင်းစာမှာ လုပ်ကိုင်နေရတာကြောင့်ရယ် သူမရဲ့ အိမ်ပြန်ချိန်ဟာ အမြဲနောက်ကျနေတတ်ပါတယ်။

“ညီမက အရင်ကဆို ကြောက်တတ်တဲ့သူတယောက်ပါ။ အခုတော့ တော်တော်လေးသတ္တိကောင်းလာပြီလို့ ပြောရမှာ ပဲ။ အနည်းဆုံးကိုယ့်ကို ထိကပါးရိကပါးလုပ်တဲ့ အကောင်တွေကို ဘယ်တော့မှ ငြိမ်မခံဘူး။ တက္ကစီငှားစီးရင်လည်း သတိထားတယ်။ ဘတ်စ်ကားစီးရင်လည်း သတိထားတယ်”လို့  ရယ်ရယ်မောမောပြောပြပါတယ်။

image

Photo: http://wau14.com/WAUAustralia/self-defence-for-women/

“တခါကပေါ့… အစ်မရယ်၊ မိုးကလည်းချုပ်၊ အလုပ်တွေ လက်စသတ်အပြီး၊ အိမ်ပြန်ဖို့ တက္ကစီငှားဖို့ သွားနေတုန်း မင်္ဂလာတောင်ညွန့်ဘက်မှာ…၊ မှောင်ရိပ်ထဲက ယောက်ျားသားတဦး ထွက်လာတယ်။ ညီမကိုလိုက်မလားတဲ့။ ပထမ တော့ ညီမလည်း ကြောင်နေတာပေါ့။ ညီမက အဲဒီတုန်းက ရန်ကုန်ရောက်တာ သိပ်မကြာသေးဘူးလေ။ နောက်တော့ ဒီအကောင် ဘာကိုရည်ရွယ်ပြီးမေးတာလဲဆိုတာ သဘောပေါက်သွားတော့ ဒေါသဖြစ်လိုက်တာ အရမ်းပဲ။ အဲဒီ အကောင်ရဲ့ မျက်နှာကိုစေ့စေ့ကြည့်ပြီး ပါးရိုက်ခံချင်လို့လားလို့ မေးလိုက်တယ်။ တော်သေးတယ်။ တချိုးတည်း လစ်ပြေးသွားတာပဲ”လို့ သူမတွေ့ကြုံခဲ့ရတဲ့ အကြောင်းပြောပါတယ်။

ကုမ္ပဏီဝန်ထမ်းတယောက်ဖြစ်တဲ့ “ကေဇင့်”အတွေ့အကြုံကလည်း စိုးရိမ်စရာပါ။ ကေဇင်ဟာ ရိုးသားကြိုးစားသူ တစ်ယောက်ဖြစ်သလို ရုပ်ရည်အသင့်အတင့်ရှိတဲ့ မိန်းကလေးတစ်ဦးပါ။ သူမအတွက် အခက်အခဲက သူမလုပ်နေတဲ့ ကုမ္ပဏီရဲ့သူဌေးက သူနဲ့အဆင်ပြေတဲ့မိန်းကလေးတွေကိုပဲ ဦးစားပေးနေတာပါ။ သူဌေးနဲ့ ညစာအတူစားမယ်၊ ခေါင်း ပုတ်လက်ပုတ် လုပ်တာကိုခံမယ်၊ နောက်ဆုံးဟိုတည်မှာ အတူနေပေးတဲ့ မိန်းကလေးဆိုရင် ရာထူးတွေလည်း တိုးပေး၊ အခွင့်အရေးတွေလည်း ပိုပိုပြီးရပါသတဲ့။

ဒါပေမယ့် “ကေဇင်”က အဲဒီလိုမျိုးဘဝဟာ မလုံခြုံဘူးဆိုတာသိလို့ သူ့အလုပ်ကိုပဲ သူဆက်လုပ်နေခဲ့ပါတယ်။ သူဌေး ဆင်တဲ့ ထောင်ချောက်ထဲ မဝင်မိအောင် ရုန်းထွက်ခဲ့ရတယ်လို့ ပြောပါတယ်။

“ရာထူးမတက်ရင်လည်း နေပါစေ၊ လစာတိုးမပေးရင်လည်း နေပါစေ၊ သူဌေးရဲ့ အငယ်အနှောင်းအဖြစ်မခံချင်ဘူး လေ” လို့ သူမအဲဒီကုမ္ပဏီအလုပ်က ထွက်ခဲ့ရတဲ့ အကြောင်းပြောပါတယ်။

အမျိုးသမီးတွေကို ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ အကြမ်းဖက်တာနဲ့ ပါတ်သက်ရင် ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ဖို့ ကြိုးစားသွားရမှာပါ။ အမျိုးသမီးတစ်ယောက်လည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ်တဲ့ ဒေါ်ဇင်မာအောင်ရဲ့အမျိုးသမီးတွေဘ၀ လုံခြုံမှုရှိဖို့ အမြင်ကတော့ –

“အမျိုးသမီးတွေရဲ့ ဘဝလုံခြုံဖို့ဆိုရင် ပထမတချက်က အခြေခံအားဖြင့် တရားဥပဒေစိုးမိုးမှု ရှိဖို့ပါ။ နောက်တချက်က အမျိုးသမီးတွေအတွက် သီးခြားစဉ်းစားသင့်တာက ဓလေ့ထုံးတမ်းအရ၊ အစဉ်အလာ အတွေးအခေါ်အရ ထားရှိတဲ့ သဘောထားအမြင်တွေကြောင့် ဖြစ်လာရတဲ့ မလုံခြုံမှုတွေပါ။ ဥပမာဆိုပါတော့ အမျိုးသမီးတွေဟာ အချိန်မတော် အပြင်ထွက်လေ့ထွက်ထ မရှိဘူး။ ဒါကဓလေ့ထုံးတမ်းအမြင်ပါ။ အဲဒီတော့ အချိန်မတော် အပြင်ထွက်တဲ့ အမျိုးသမီး ဆိုရင် ဒါဟာပတ်ဝန်းကျင်အတွက်၊ အထူးသဖြင့် မစောင့်စည်းတတ်တဲ့ အမျိုးသားတွေအတွက် သားပြောမယားပြော စချင်နောက်ချင်စရာဖြစ်၊ ပြောခွင့်ဆိုခွင့်ရှိသလိုမျိုး ဖြစ်သွားတယ်။ အဲဒီမှာတင် အမျိုးသမီးတွေအနေနဲ့ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဆိုတာ ဘယ်လောက် အရေးကြီးသလဲဆိုတာ တွေးစရာ ဖြစ်လာပါတယ်။ ဒါက အသိမ်မွေ့ဆုံး ဥပမာကို ပြောတာ”လို့ ဆိုပါတယ်။

အမျိုးသမီးတွေကို ကာယိန္ဒြေကိုထိပါးအောင် ပြုလုပ်လုပ်ခဲ့ရင် ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ် ၂ နှစ် ဖြစ်စေ၊ နှစ်ခုပေါင်း ပြစ်ဒဏ်ကိုဖြစ်စေ ပုဒ်မ (၅၀၉)အရ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ အဲဒီတော့ ဥပဒေအရ ဘယ်လို အကာအကွယ်ပေးသင့်သလဲဆိုတာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်ကို ဆက်ပြီးမေးမြန်းဖြစ်ပါ တယ်။ ဒေါ်ဇင်မာအောင်က အခုလိုရှင်းပြပါတယ်။

“ပထမအဆင့်အနေနဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုနဲ့ လွတ်လပ်လုံခြုံမှုကို အမှန်တကယ် ယုံယုံကြည်ကြည်နဲ့ စိတ်ပါလက်ပါ အကာအကွယ်ပေးနိုင်မယ့် ဥပဒေတရပ်ရှိဖို့၊ အဲဒီဥပဒေကို လက်တွေ့ကျင့်သုံးအကောင်အထည် ဖော် ပေးမယ့် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်က တာဝန်ရှိသူတွေကိုယ်တိုင် Gender Awarness (ကျားမဖြစ်တည်မှု ကို အလေးထားခြင်း) ရှိဖို့ အရမ်းအရေးကြီးတယ်လို့ ထင်ပါတယ်။ နောက် ဥပဒေပြုတဲ့နေရာမှာလည်း Gender Sensitivity (ကျား/မ ခွဲခြားမှုအပေါ် ခံစားမှု) နဲ့ Gender, Cultural, Stereotype တွေထဲ ပိတ်မိမနေဖို့ အရမ်း အရေးကြီးပါတယ်”လို့ သူမအမြင်ကို ပြောပါတယ်။

ဓလေ့ထုံးတမ်းတွေက ပြဋ္ဌာန်းထားတဲ့ ရှေးရိုးစွဲအမြင်တွေကို ကျော်လွန်ကြည့်ရမှာဖြစ်သလို အမျိုးသမီးတွေရဲ့ဘ၀ လုံံခြုံမှု ရှိလာစေဖို့ ဥပဒေပြုရေးမဏ္ဍိုင် (လွှတ်တော်) က ဘာတွေလုပ်ဆောင် ပြဋ္ဌာန်းပေးသင့်တယ်ဆိုတာ အမျိုးသမီး များအနေနဲ့လည်း စိတ်ဝင်စားတောင်းဆိုဖို့၊ အရေးဆိုဖို့၊ လိုအပ်နေပါပြီ။ အမျိုးသမီးတွေရဲ့ ဘဝရှင်သန်မှု လုံခြုံဖို့ အမျိုး သမီးများ ကိုယ်တိုင်လည်း တက်တက်ကြွကြပါဝင်တောင်းဆိုဖို့ တိုက်တွန်းလိုက်ရပါတယ်။   ။

 

Related Articles