Home သတင်း အမျိုးသမီးလုံခြုံရေး ဆိုင်ရာပေါ်လစီများ ဆက်လက်ကျင်းပသွား မည့် ၂၁ ရာစုပင်လုံညီလာခံတွင် တင်ပြရန် ကချင်ပြည်နယ်ရှိ အမျိုးသမီးများပြင်ဆင်

အမျိုးသမီးလုံခြုံရေး ဆိုင်ရာပေါ်လစီများ ဆက်လက်ကျင်းပသွား မည့် ၂၁ ရာစုပင်လုံညီလာခံတွင် တင်ပြရန် ကချင်ပြည်နယ်ရှိ အမျိုးသမီးများပြင်ဆင်

kachin-women-forum

Photo: Nang Pu ( Facebook)

လုဆိုင်း။              ။

ဆက်လက်ကျင်းပသွားမည့် ၂၁ရာစုပင်လုံညီလာခံတွင် အမျိုးသမီးများလုံခြုံရေးဆိုင်ရာမူဝါဒများ တင်ပြရန် ကချင်ပြည်နယ်ရှိ အမျိုးသမီးများ စုပေါင်းဆွေးနွေးပြင်ဆင်လျက်ရှိသည်။

အမျိုးသမီးလုံခြုံရေးဆိုင်ရာ မူဝါဒများချမှတ်နိုင်ရန် (၄)ရက်ကြာ အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံ ရေးဖိုရမ်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ထွယ်ကျား-မတန်းတူရေးနှင့်   ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ (Htoi Gender and Development Foundation)  ဦးဆောင်ကျင်းပခဲ့ကြသည်။

“ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကချင်အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံနေရမှုတွေ၊ အမျိုးသမီးအခွင့်အ ရေးတွေ ထိန်းသိမ်းဖို့ ငြိမ်းချမ်းရေး စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးနိုင်ဖို့၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုး သမီးတွေ ပိုမိုပါဝင်လာနိုင်ဖို့၊ အခုက ၃၀ ရာခိုင်နှုန်းရှိတယ်ဆိုပေမဲ့ ၃၀ အတိအကျ ပါဝင်နိုင်မယ် ဆိုတာ အာမခံချက် မရှိသေးတဲ့အတွက် ကျမတို့ အဲဒါတွေ ပိုမိုပါဝင်သွားနိုင်ဖို့၊ အမျိုးသမီးတွေအနေနဲ့ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ နေရာမှာ ပါဝင်လာအောင်၊ လုံခြုံရေး၊ အမျိုးသမီးတွေရဲ့ သယံဇာတနဲ့ပတ်သက်လို့ ခံစားပိုင်ခွင့်တွေနဲ့ပတ်သက်လို့ ဆုံးဖြတ် ပိုင်ခွင့်ရှိတဲ့ အဆင့်တွေမှာပါဝင် လာဖို့က အမျိုးသမီးတွေ အရေးကြီးတယ်ဆိုတာ ကျမတို့ ဆွေးနွေးသွားမယ်။ ကချင်အမျိုးသမီးတွေရဲ့ ပေါ်လစီ ထွက်ပေါ်လာအောင် လာမဲ့ ၂၁ ရာစု ပင်လုံမှာ တင်ပြ နိုင်အောင် ရည်ရွယ်ပြီးတော့ ကျင်းပတာဖြစ်တယ်” ဟု ထွယ်ကျားမတန်းတူရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ Program Coordinator ဒေါ်နန်ပူကပြောသည်။

လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး အတွင်းတွင်လည်း အမျိုးသမီးများအတွက် လုံခြုံမှုရှိသော မူဝါဒများ ထွက်ပေါ်လာရေးအတွက် ဖိုရမ်တွင် ဒေါ်ခင်မမမျိုးက ဦးဆောင်ဆွေးနွေးခဲ့ကြောင်း ဒေါ် နန်ပူကပြောသည်။

“သူက security sector reform လုံခြုံရေးနဲ့ပတ်သက်လို့ ပြန်ပြီး ပြင်ဆင်ရမဲ့အပိုင်းတွေ အများ ကြီးရှိတယ်။ ဒီအချိန်မှာ ကျမအနေနဲ့ဘာတွေအတွက် ဘယ်လိုပြင်ဆင်ထားရမယ်။ လုံခြုံရေးနဲ့ ပတ်သက်လို့ ဘယ်လိုအပိုင်းမှာ အမျိုးသမီးတွေအတွက် လုံခြုံမှုရှိတဲ့ ပေါ်လစီတွေ ထွက်ပေါ်လာဖို့ လိုမလဲ ဒါတွေဆွေးနွေးကြပါတယ်”ဟု သူကပြောသည်။

အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာဖိုရမ်ကို မြစ်ကြီနားမြို့ရှိ သီတာဘုရားရှိခိုးကျောင်းတွင် စက်တင်ဘာလ (၁၉) ရက်မှ (၂၂) ရက်အထိ ကျင်းပခဲ့ပြီး အမျိုးသမီး (၁၃၀) ကျော် တက် ရောက်ခဲ့သည်။

ရှေ့နေဒေါ်ထန်းကိုင်နောင်းမှ အမျိုးသမီးဥပဒေနှင့် ပဋိပက္ခဧရိယာခေါင်းစဉ်ဖြင့် ဆွေးနွေးသွားပြီး ဆရာမ လမိုင်နန်ရှန်မှ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပါဝင်မှုကို ဖော်ဆောင်သွားရန် ချမှတ်ထားသည့် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၃၂၅ နှင့် ပတ်သက်၍ တင်ပြသွားခဲ့ကြောင်း သိရသည်။

Related Articles